အချိန်က ၁၉၉၂ ပတ်ဝန်းကျင်၊ တောင်ပေါ် မြို့လေး ပီသစွာ မိုးကသည်းသည်းမဲမဲ၊ အလုံပိတ်ထားတဲ့ ကျနော့် အခန်းလေးထဲမှာ ကက်ဆက်က သီချင်းသံက ပျံ့လွင့်လို့ “မေရေ အပြင်မှာ ရွာတဲ့မိုးလို ကိုယ်အနားလာပြီး တိုးကာရွာ … မေရေ အပြင်မှာရွာတဲ့မိုးလို ကိုယ့်အသည်းအိမ်ထက် သွန်းကာရွာ … မေရေ အကြင်နာရှာတဲ့ မိုးလို ခိုနားလာတော့ ကိုယ့်တကိုယ်စာ … ယဉ်တကိုယ်မိုးရွာ” ကြည်လင်ချိုမြမှုနဲ့ လွမ်းမောဖွယ်သီဆိုမှုကို ကျနော့်အခန်းထဲမှာရှိနေတဲ့ လူငယ်လေးနှစ်ဦး စိတ်ဝင်တစား နားထောင်လို့နေသည်။
နားထောင်နေရင်း တယောက်သော လူငယ်လေးက ဂစ်တာနဲ့ Bass အလုံးတွေ လိုက်တီးကြည့်နေသည်။ ရာသီဥတုနှင့် သီချင်းကလည်း လိုက်ဖက်နေလေတော့ သူတို့ မိန်းမောစွာ တေးသွားနောက် လိုက်ပါစီးမျော ခံစားနေကြဟန်တူသည်။ သီချင်းဆုံးသွားတော့ သူတို့နှစ်ဦးထံမှ မှတ်ချက်ချသံ တပြိုင်နက်ထဲ ထွက်လို့လာသည်။
“ကိုငှက်ဆိုထားတာကော၊ လုပ်ထားတဲ့ Arrange ကော၊ အရမ်းကောင်းတာပဲ ကိုညီရာ … အဲဒါကြောင့် ကိုငှက်ကို ကျနော်တို့ ခိုက်တာ”
သီချင်းက ထိုကာလတုန်းက ကျနော်ရေးဖွဲ့ခဲ့တဲ့ “ယဉ်တကိုယ်မိုး” အမည်ရ ကိုယ်ပိုင်သံစဉ် သီချင်းလေးပဲဖြစ်သည်။ တောင်ကြီးကို ဖျော်ဖြေရေးရောက်လာတဲ့ အဆိုတော် ကိုဗလက ကျနော့်အိမ် ရောက်လာရင်း အဲဒီသီချင်းလေးကို ကြားသွားပြီး သူဆိုဖို့ တခါတည်း ဝယ်ယူသွားခဲ့သည်။ ရန်ကုန် သူနေတဲ့ အိုအေစစ် စတူဒီယိုရောက်တော့ သီချင်းလေးကို အသံသွင်းဖို့ စီစဉ်ပါသည်။ ထိုသို့စီစဉ်နေချိန် ကိုငှက် (ထူးအိမ်သင်) က သီချင်းကိုကြားသွားပြီး “ညီစံရဲ့ သီချင်းလေးကို ကျနော် Arrange လုပ်ပေးမယ် ဗလ” ဟုဆိုကာ စေတနာနှင့် ကိုယ်တိုင် Arrange လုပ်ပေးသည့်အပြင် ကိုယ်တိုင် Guide Line ဝင်ဆိုပေးပြီး Harmonica ကိုပါ ကိုယ်တိုင်တီးမှုတ် လိုက်ပါသေးသည်။ ထိုကဲ့သို့ ကိုငှက် Guide Line လုပ်ထားတဲ့ အခွေကြမ်းလေး ကျနော် ရန်ကုန်ရောက်စဉ် ကိုငှက်ထံမှ ရရှိခဲ့ပြီး တောင်ကြီးအိမ် ပြန်ရောက်ချိန် အဆိုပါ လူငယ်လေး နှစ်ဦးကို ကျနော့်အခန်းထဲမှာ ဖွင့်ပြနေခြင်းပဲဖြစ်ပါသည်။
လူငယ်လေး နှစ်ဦးအနက် တဦးက နားထောင်ရတာ အားမရသေးဟန်နဲ့ “ကိုညီ၊ ကျနော် အိမ်မှာ အဝနားထောင် ချင်သေးတယ်၊ ပြီးတော့ သူငယ်ချင်းတွေကိုလည်း ကိုငှက်ဆိုထားတာလေး ဖွင့်ပြချင်တယ်၊ ကျနော့်ကို အဲဒီ အခွေ ခဏငှားပါ” ဟု ဆိုလာသည်။ ဟုတ်ပါတယ်။ ကိုငှက်ကို အရမ်းလေးစားအားကျပြီး အရူးအမူးဖြစ်တဲ့ အဲ့ဒီလူငယ်လေး နှစ်ဦး ကတော့ နောင်တချိန် နာမည်ကျော် တေးရေးဆရာ အကျော်အမော်တွေ ဖြစ်လာမယ့် မောင်မောင်ဇော်လတ်နဲ့ အယ်ဖြူတို့ပါပဲ။ ခွေငှားသွားတဲ့ လူငယ်လေးက မောင်မောင်ဇော်လတ် ဖြစ်ပြီး သီချင်းကို ဂစ်တာနဲ့ Bass လိုက်တီးနေတဲ့ လူငယ်လေးကတော့ အယ်ဖြူပါပဲ။ တကယ်တော့ မောင်မောင်ဇော်လတ်နဲ့ အယ်ဖြူတို့ဟာ ကျနော်နဲ့ တောင်ကြီးမှာ စတင် ရင်းနှီးစဉ် ၁၉၉၂ လောက်ကတည်းက သူတို့ရဲ့ ကိုယ်ပိုင် သီချင်းကောင်းတွေကို ကိုယ်စီကိုယ်ငှ စတင် ရေးသားနေကြပါပြီ။ သူတို့နှစ်ယောက်ဟာ သီချင်းရေး ကောင်းရုံမက ဂစ်တာတီးတာလည်း စနစ်တကျနဲ့ ကျွမ်းကျွမ်းကျင်ကျင် ရှိလှသည်။
ကျောင်းပိတ်လို့ တောင်ကြီးအိမ် ပြန်ရောက်တိုင်း သူတို့နှစ်ယောက် ကျနော့်အခန်းလေးထဲ အမြဲ လာလည်လေ့ရှိပြီး သီချင်းတွေ နားထောင်၊ ဂစ်တာတွေ တီးလေ့ရှိကြသည်။ သူတို့နှစ်ယောက်က အမြဲတွဲရက်မို့ ကျနော်က “မင်းတို့နှစ်ယောက်က ငါနဲ့ ညီညီသွင်လိုပဲ … အမြဲ တပူးပူးတတွဲတွဲပဲ” ဟု ပြောမိပါသေးသည်။ အဲဒီတုန်းက မောင်မောင်ဇော်လတ်က ဆယ်တန်းကို ဂုဏ်ထူးများစွာနဲ့ အောင်ထားပြီး မန္တလေးဆေးတက္ကသိုလ် သွားတက်ဖို့ ပြင်ဆင်နေချိန်လည်း ဖြစ်သည်။
နှစ်ယောက်စလုံး ဂီတကို ဝါသနာအတော်ကြီးပြီး လေ့လာ လိုက်စားမှုအားလည်း အတော်ကောင်းလှ၏။ မောင်မောင် ဇော်လတ်က လှုပ်ရှား တက်ကြွလွန်းသူဖြစ်ပြီး အယ်ဖြူကတော့ စကားလည်းနည်း၊ အနေ ပိုအေးသည်။ ဇော်လတ်က တဦးတည်းသောသား ဖြစ်ပြီး မိခင်ဆရာမကြီးကိုလည်း အလွန်ချစ်သူပါ။
“ကျနော်က အယ်ဖြူတို့လို ညီအစ်ကိုတွေ အများကြီးရှိချင်တာ၊ အယ်ဖြူတို့ ညီအစ်ကိုယ်တွေက အကုန်လုံး
ဂစ်တာ တီးတယ်၊ သီချင်းရေးတယ်၊ ဆိုတယ် ပျော်စရာ အရမ်းကောင်းတယ်” လို့ ကျနော့်ကို ဇော်လတ်က ပြောဖူး သေးသည်။ မောင်မောင်ဇော်လတ်နဲ့ ကျနော် အဲဒီကတည်းက အမှတ်တရဆိုပြီး သီချင်းလေးတွေ တပုဒ်စနှစ်ပုဒ်စ တွဲရေးမိကြသည်။ ကျနော့်ဂီတခရီးမှာ သီချင်းတွဲရေးတဲ့ သူဆိုလို့ ရောင်းရင်းကြီး ညီညီသွင် တယောက်ပဲရှိခဲ့ရာက ဒုတိယမြောက် တွဲရေးတဲ့ သူက မောင်မောင်ဇော်လတ်ပါပဲ။
မောင်မောင်ဇော်လတ်က ကျနော်နဲ့ သီချင်းတွဲမရေးခင် သူသီချင်းရေးမယ့် ကလောင်နာမည်ကို J.D.Zaw ဆိုပြီး ပေးထားခဲ့ဖူးသည်။ အကြောင်းကတော့ သူအရမ်းကြိုက်တဲ့ Rock Band တခုဖြစ်တဲ့ Judas Priest ကို အစွဲပြု မှည့်ခေါ်ထားခြင်း ဖြစ်သည်။ နောက်တော့ မောင်မောင်ဇော်လတ်ပဲ အတည်ဖြစ်သွားခဲ့သည်။
မောင်မောင်ဇော်လတ်နဲ့ ကျနော် ပထမဆုံးတွဲရေးခဲ့တဲ့ သီချင်းလေးနှစ်ပုဒ်က “အချစ်သက်သေများ” နဲ့ “နွေလယ်ဒိုင်ယာရီ” အမည်ရ ကိုယ်ပိုင်သံစဉ် သီချင်းများဖြစ်သည်။ အဲဒီလိုရေးပြီးချိန်မှာပဲ တောင်ကြီးကို တေးရေး ညီညီသွင်ရဲ့ အစ်ကို မောင်မောင်သွင်နဲ့ အတူ အလည်ရောက်လာတဲ့ အဆိုတော်ကြီး ဗစ်တာခင်ညိုရဲ့ သားဖြစ်သူ ရဲရဲက သူ့ပထမဆုံး စီးရီးအတွက် ကျနော့်အခန်းထဲမှာပဲ တခါတည်း ဝယ်ယူသွားခဲ့သည်။
မောင်မောင်ဇော်လတ်အတွက် တာထွက်ကောင်းတယ်လို့ ဆိုရမှာပါဘဲ။ ဆက်တိုက်ဆိုသလို အဆိုတော် တာရာနဲ့ စီစဉ်သူ ကိုဇော်သစ် (ပန်းနုလဝန်း) တို့ကလည်း တောင်ကြီးကို ရောက်လာကြသည်။ အဆိုတော် တာရာက သူ့ရဲ့ ဒုတိယ သီချင်းခွေအတွက် ပြင်ဆင်နေချိန်ဖြစ်ပြီး ကျနော့်ဆီကို သူ့သီချင်းခွေ အတွက် သီချင်း အသစ်ရှိမရှိ စနည်းနာရင်း ရောက်လာတာပါ။ ကျနော့်မှာက အဲဒီအချိန် ရေးပြီးတဲ့ သီချင်းအသစ်လုံး၀ မရှိသေးလို့ “တာရာ ငါတော့ သီချင်းအသစ် ထပ်မရေးရသေးဘူး၊ ဒါပေမယ့် ငါ့ညီတွေလိုနေတဲ့ မောင်မောင်ဇော်လတ်နဲ့ အယ်ဖြူတို့မှာတော့ သီချင်းအသစ်၊ အမိုက်စားတွေရှိတယ် မင်းနားထောင်ကြည့်လိုက်” ဆိုပြီး တာရာ့ကို ကျနော့်အခန်းလေးထဲမှာပဲ မောင်မောင်ဇော်လတ်နဲ့ အယ်ဖြူတို့ကို မိတ်ဆက်ပေးလိုက်သည်။
မောင်မောင်ဇော်လတ်နဲ့ အယ်ဖြူ နှစ်ယောက်တွဲရေးထားတဲ့ “အသည်းကွဲ ညနေခင်းများ” သီချင်းနဲ့ မောင်မောင်ဇော်လတ် ရေးတဲ့ “သူ့အလိုကျ” သို့မဟုတ် “ကိုယ်ငိုနေတာသိပါ” သီချင်းတွေကို တာရာက နားထောင်ကြည့်ပြီး တခါတည်း ဝယ်ယူသွားခဲ့၏။ ဆက်ပြီးတော့ တာရာက ကျနော့်ကို “ကိုညီ သီချင်းတပုဒ်လောက် လုပ်ပေးပါဦး၊ ကျနော် တောင်ကြီးမှာ တပတ်လောက် ကြာဦးမှာ” ဆိုပြီး ပူဆာသည်။ ဒါနဲ့ ကျနော်လည်း နောက်နေ့ အိမ်ရောက်လာတဲ့ မောင်မောင်ဇော်လတ်နဲ့ အယ်ဖြူတို့ကို အကျိုးအကြောင်း ပြောပြပြီး သီချင်းထပ်ရေးပေးဖို့ ပြောရသည်။ ဇော်လတ်က “ကိုညီ ကျနော်တို့ နှစ်ယောက်တည်းနဲ့တော့ သီချင်း ဒီလောက် မြန်မြန် မရဘူး၊ ကိုညီပါ ဝင်ရေးပေးပါ၊ ကျနော်တို့မှာ မယ်လိုဒီ စထားတာလေး တခုရှိတယ်” ဆိုပြီး သူတို့နှစ်ယောက် ရှာထားတဲ့ မယ်လိုဒီ တေးသွား အကြမ်းလေးတွေကို တီးပြသည်။ သူတို့တီးပြတဲ့ မယ်လိုဒီ Music ပုံစံက ကျနော်တို့၊ ကိုငှက်တို့ အရမ်းကြိုက်တဲ့ Queen အဖွဲ့ရဲ့ ပုံစံမျိုးပါ။ Classic ဆန်တဲ့ တေးသွားမျိုး ဖြစ်တာကြောင့် ဘယ်လို အကြောင်းအရာမျိုး ရေးရမလဲဆိုတာ တော်တော် စဉ်းစားရသည်။ နောက်ဆုံး ကျနော့် အတွေးတခုရတာနဲ့ သူတို့ကိုပြောပြလိုက်သည်။
“ငါကွာ ရန်ကုန်မှာ ကျောင်းသွားတက်ရင် ငါတို့ တောင်ကြီးမြို့လေးနဲ့ ကိုယ့်အိမ်ကိုယ့်ရွာကို အရမ်းလွမ်းတာပဲ၊ အဲဒီအချိန် ခံစားရတဲ့ ကိုယ့်မြို့ကိုယ့်အိမ်လေးကို ပြန်ချင်တဲ့ အကြောင်းလေးကို ရေးရင်ကောင်းမလား” ဆိုပြီး တိုင်ပင်ကြည့်တော့ သူတို့ နှစ်ယောက် လိုလိုလားလားပဲ “ကိုညီ့ အိုင်ဒီယာနဲ့ သံစဉ်နဲ့လိုက်တယ်” ဆိုပြီး ထောက်ခံကြလို့ သီချင်းလေးကို စတည်ခဲ့ကြသည် …။
ကိုယ်တို့မြို့လေးဆီ
V1 (တောတောင်တွေရဲ့ အေးချမ်းတဲ့အရိပ်ဆီ … တခေါက်ပြန်ချင်ပြီ
ကိုယ့်ရင်ခုန်သံများ မွေးဖွားခဲ့သော အတိတ်သမိုင်း ဆေးပန်းချီ
ပြန့်လွင့်နေပြီ … ပြန်တမ်းတနေဆဲ … )
V2 (လှည့်လည်ခဲ့သော … မြူနှင်းတို့မှိုင်းရီ
အလွမ်းနေရောင်ခြည် …
တိုးဝင်ခြေသံများ … နားစွင့်မိသော ငှက်ကလေးတေးစီ
မေ့မရနိုင်ပြီ . . . ဒီဆောင်းလမ်းရဲ့ရာသီ . . . )
CHO (1) (ဝန်းကျင်အရပ်တွေ ရှုပ်ပွလွန်းနေ
အိုက်စပ်ခြင်းလေ … တိုက်ခတ်လွန်းပြီ
ကိုယ့်မြို့လေးဆီ တခေါက်ပြန်လိုက်မည် …)
CHO (2) စိတ်မှာမပီပြင် အိပ်မက်မျော
မျှော်လင့်ခြင်းတွေ လောင်မြိုက်သော … တေလေရင်မှာမော
တောင်ပေါ်မြေကို မြင်ယောင်ရစ်မူးနေ …
Harmony Fade Out …)
သီချင်းရဲ့ ပထမပိုဒ်နဲ့ ဒုတိယပိုဒ်တို့မှာ ဆောင်းရာသီ တောင်ကြီးမြို့လေးရဲ့ တောတောင် ပတ်ဝန်းကျင် အလှအပနဲ့ အေးချမ်း သာယာမှုလေးကို ရေးသားထားပြီး မြို့လေးကို ပြန်ချင်စိတ်ရှိပုံကို ရေးဖွဲ့ထားခြင်းပါ။ CHO: ပထမပိုဒ်မှာတော့ Music ပုံစကို ဇော်လတ်နဲ့ အယ်ဖြူတို့က JAZZ ပုံစံအဖြစ် ချိုးချလိုက်ပါတယ်။ အကြောင်းအရာကိုလည်း ကျနော်တို့ ရောက်ရှိနေတဲ့ မြေပြန့်က မွန်းကျပ်ပူလောင် ရှုပ်ပွနေတဲ့ မြို့ပြ လူမှုပတ်ဝန်းကျင်ကနေ ကိုယ့်မြို့လေးဆီ ပြန်ချင်စိတ် တမ်းတစိတ်ကို ထပ်မံ ဖွဲ့ဆိုလိုက်ပါတယ်။ CHO: ဒုတိယအပိုဒ်မှာတော့ ခုနက JAZZ ပုံစံအချိုးထဲကနေ Music ပုံစံတမျိုးနဲ့ ပြန်ထွက်လိုက်ပြီး တကယ်တမ်း ပြန်ချင်ပေမယ့် အကြောင်းအမျိုးမျိုးနဲ့ မပြန်နိုင်ဘဲ ဖြစ်ရပုံ၊ အိပ်မက်တခုကို လွင့်မျောပြီး စိတ်ထဲမှာ စွဲလန်းနေတဲ့ တောင်ပေါ်မြေကို ပြန်လည်တမ်းတ မြင်ယောင်ယစ်မူးနေမိပုံ၊ ကိုယ့်အိမ်ကိုယ့်မြို့လေးကို လွမ်းတဲ့အလွမ်းမီးရဲ့ လောင်မြိုက်ခြင်းကို ခံစားနေရပုံတို့ကို ရေးဖွဲ့ခဲ့ကြပါတယ်။
CHO: ဒုတိယအပိုဒ် အဆုံးမှာတော့ လှပတဲ့ ကော့ဒ် (Chord) အပြောင်းအလဲတွေနဲ့ မိုနီပုံစံ ညည်းတွားမှု Music ပုံစံနဲ့ သီချင်းကို Fade Out လုပ်ပြီး အဆုံးသတ်ထားပါတယ်။
“ကိုယ်တို့မြို့လေးဆီ” သီချင်းရဲ့ အသက်သွေးကြောကတော့ မောင်မောင်ဇော်လတ်နဲ့ အယ်ဖြူတို့နှစ်ယောက်ရဲ့ ထူးခြားဆန်းသစ် လှပတဲ့ Melody သံစဉ်ပုံစံပဲ ဖြစ်ပါတယ်။ အဲဒီလို Music ပုံစံမျိုးကို တည်ဆောက်နိုင်တဲ့ သူတို့ရဲ့ ဂီတပါရမီက လေးစားချီးကျူးစရာပါ။ နောက်ထူးခြားချက် တခုက အဲဒီသီချင်းဟာ ကျနော်တို့သုံးယောက်ရဲ့ တပုဒ်တည်းသော တွဲရေးတဲ့ သီချင်းလေးပါပဲ။ အဆိုတော် တာရာက “ကိုယ်တို့မြို့လေးဆီ” သီချင်းကို သူ့ရဲ့ “ပုလဲသီတကွဲစီ” ဆိုတဲ့ တေးစီးရီးမှာ ထည့်သွင်းသီဆိုခဲ့ပါတယ်။
မောင်မောင်ဇော်လတ်နဲ့ ကျနော် အဲဒီနောက်ပိုင်း “အသည်းကွဲရေဒီယို” နဲ့ “ရင်ထဲမှာ မင်းကရှိနှင့်ပြီးသား” သီချင်းတွေကို အဆိုတော် ဇော်ဝင်းထွဋ်အတွက် အတူတွဲရေးခဲ့ကြပါသေးတယ်။ “ရင်ထဲမှာ မင်းကရှိနှင့်ပြီးသား” သီချင်းကို ထူးအိမ်သင် (ကိုငှက်) က နောက်ပိုင်းကာလမှာ သူ့ပုံစံနဲ့ ပြန်ဆိုခဲ့ပါတယ်။
နောက်တနှစ်လောက် အကြာမှာ ရန်ကုန်မှာ ကျနော်အိမ်ထောင်ကျသွားပြီး သူတို့နှစ်ယောက်နဲ့ကော ဂီတလောကနဲ့ပါ အနေ ဝေးသွားခဲ့ရပါတယ်။ သူတို့နှစ်ယောက်ကတော့ The Ants အဖွဲ့ကို တက်ညီလက်ညီ ဖွဲ့စည်းပြီး ဂီတခရီးကို ရှေ့ဆက်ခဲ့တာ အောင်မြင်မှု ကြီးကြီးမားမားလည်း ရခဲ့ပါတယ်။ နာမည်ကြီး အဆိုတော်တွေ အတွက်လည်း ထင်ရှား ကျော်ကြားတဲ့ တေးသီချင်း လက်ရာကောင်း များစွာကို ရေးဖွဲ့နိုင်ခဲ့တာ ဝမ်းမြောက်ပီတိ ဖြစ်စရာ တွေ့မြင်ခဲ့ရပါတယ်။ သူတို့ချစ်ခင်လေးစား အားကျခဲ့တဲ့ ကိုငှက် (ထူးအိမ်သင်) နဲ့လည်း အတူတွဲလို့ သီချင်းကောင်းတွေကိုလည်း ဖန်တီး နိုင်ခဲ့တာ တွေ့ရပါတယ်။
ခုချိန်မှာတော့ အယ်ဖြူတယောက်က ကွယ်လွန်သွားရှာပြီ … မောင်မောင်ဇော်လတ် ကလည်း အဝေးတနေရာ ရောက်လို့ နေပါတယ်။ ကျနော်တို့အတူ ရေးဖွဲ့ခဲ့တဲ့ “ကိုယ်တို့မြို့လေးဆီ” … တောင်ကြီးမြို့ကို ကိုယ်စီကိုယ်ငှ ပြန်ချင်စိတ် လွမ်းစိတ် အမှတ်ရစိတ် ကတော့ ရှိနေကြမှာကတော့ အမှန်ပါပဲ။ အထူးသဖြင့် တမလွန်ရောက် ညီငယ် အယ်ဖြူတယောက် သူချစ်တဲ့ တောင်ကြီးမြို့က “မြေနီလမ်းကလေး” ကို မြင်ယောင်လွမ်းဆွတ်တမ်းတ အမှတ်ရနေမိမှာပဲလို့ ကျနော် တွေးနေမိပါတယ်။