ပန်းချီ အောင်နိုင်မောင်နဲ့ စတွေ့တုန်းက ဆံပင်ရှည်ရှည်၊ နောက် ဆံပင်တိုတို၊ နောက်ထပ်တွေ့တော့ ဆံပင် မတိုမရှည် စသဖြင့် ပြောင်းလဲနေတာကို သတိထားမိသလို သူ့ရဲ့ ပန်းချီလက်ရာတွေ တခါနဲ့တခါ မတူဘဲ ပြောင်းနေ တာလည်း တွေ့ရတယ်။
သူ့ရဲ့ အစောပိုင်း လက်ရာတွေက သရုပ်မှန် ရေးနည်း အခြေပြုဖန်တီးတဲ့ ကားတွေ၊ နောက် Pattern၊ Knife-work ပန်းချီ ကားတွေ၊ Collage ကားတွေ၊ အခု Abstract ဆန်တဲ့ Color Composition ပန်းချီကားတွေ ဆိုတာ တွေ့ရ ပါတယ်။
“ဟုတ်တယ် ၊ ကျနော့်စိတ်က ပြောင်းနေသလို ရေးတာတွေလည်း ပြောင်းနေတဲ့ သဘောပါ။ ပြောင်းနေတာကို ကျနော် ကြိုက်တယ်။ မပြောင်းဘဲ ဆက်တိုက် နှစ်ပေါင်းများစွာ ရေးဆွဲလာတဲ့ ပန်းချီဆရာတွေ တွေ့ဖူးတယ်။ ရေးဆွဲတဲ့ သူတော့ မသိဘူး၊ ကြည့်တဲ့သူကတော့ ရိုးအီလာတယ်ဗျာ” လို့ ပန်းချီ အောင်နိုင်မောင်က ပြောပါတယ်။
သူ့ရဲ့ ဒသမ အကြိမ်မြောက် တကိုယ်တော် ပန်းချီပြပွဲကို လောကနတ် အနုပညာပြခန်းမှာ ဇူလိုင် ၁၄ ကနေ ၁၉ ရက်နေ့အထိ ပြသခဲ့တာဖြစ်ပြီး ပန်းချီကား ၂၄ ကား ပြသထားပါတယ်။ ပန်းချီ ကားတိုင်းမှာလည်း သက်ဆိုင်ရာ ပန်းချီကားအမည်တွေ ပေးထားတာ တွေ့ရပါတယ်။
“ကျနော့် ပန်းချီကားလေးတွေကို Title ပေးတာကို ကြိုက်တယ်။ အမည် အမြဲတမ်းပေးတယ်။ အမည်မပေးတဲ့ ပန်းချီကားရယ်လို့ မရှိသလောက်ပဲ။ အမည်ပေးလိုက်မှ ကြည့်သူနဲ့ လက်ရာ ဆက်စပ်ယူလို့ ရမှာလို့ ယူဆတယ်။ တခါတလေ ကျတော့လည်း သူတို့ ခံစားချင်သလို ခံစားကြတာလည်း ရှိပါတယ်။ အများအားဖြင့် မတူနိုင်ဘူးပေါ့” လို့ အသက် ၄၉ နှစ် အရွယ် ပန်းချီ အောင်နိုင်မောင်က ပြောပြတယ်။
သူ့ရဲ့ အရောင်းရဆုံး စီးရီး ပန်းချီကားတွေက Duet Dancers လို့ အမည်ပေးထားတဲ့ မင်းသား မင်းသမီး စုံတွဲအက Pattern ပန်းချီကားတွေပါ။
ပန်းချီကား ရေးဆွဲဖို့ ဘယ်လို ပြင်ဆင်သလဲ ဆိုတဲ့ မေးခွန်းကို သူက “ကျနော်က Mental ပိုင်းကိုပဲ ပြင်တယ်။ Skill ပိုင်းကို မစဉ်းစားဘူး။ ဦးခင်မောင်ရင် ဆိုရင် အရမ်းတတ်၊ အရမ်းသိ၊ အရမ်း ကျွမ်းကျင်တယ်၊ ဒါပေမယ့် အဲဒီ ကျွမ်းကျင်မှုကို ဦး စားမပေးဘဲ စိတ်ခံစားမှုကို အလေးထား ဖန်တီးတယ်။ ဒီသဘော အတိုင်း ကျနော်က စိတ်ပိုင်းကိုပဲ ပြင်ဆင်ပါတယ်၊ ကျွမ်းကျင်မှုကို မစဉ်းစားပါဘူး” လို့ ဖြေပါတယ်။
“ကျနော် ကြိုက်တာက ကိုဘိုကြည် ပေါ့ဗျာ။ ကိုတင်မောင်ဦး (ရန်ကုန်) လည်း ကြိုက်တယ်။ ဆုံးသွားတဲ့ အထဲက ဦးခင်မောင် (ဘဏ်)၊ ပေါ်ဦးသက်တို့ ပေါ့ဗျာ။ ကျနော်က အရင်လူတွေကို ပိုကြိုက်တယ်။ ပီကာဆို၊ ဗင်ဂိုး၊ ဦးဘဉာဏ် ကြိုက်တယ်ဗျာ” လို့လည်း ပန်းချီအောင်နိုင်မောင်က သူလေးစား အားကျတဲ့ ပန်းချီဆရာ တွေကို ချပြပါတယ်။
အရင်ထက် ပိုမို ပွင့်လင်း လွတ်လပ်လာတဲ့ အခြေအနေမှာ ပန်းချီ အခွင့်အလမ်းကော ပိုပွင့် လာသလား ဆိုတဲ့ အပေါ် သူ့အမြင်ကတော့ သိပ်ထူး ထူးခြားခြား မဟုတ်ဘူးလို့ ဆိုပါတယ်။
“ပွင့်လင်းလာလို့ အရောင်းအဝယ် ပိုဖြစ်တယ် တို့၊ မပွင့်လင်းလို့ အရောင်းအဝယ် မဖြစ်ဘူးတို့ ဆိုတာ ကျနော့်မှာ မရှိဘူးဗျ။ တခြားသူတွေ အတွက်တော့ မပြောတတ်ဘူး ပေါ့ဗျာ။ အခုမှ ကျနော် ရောင်းရတာ မဟုတ်ဘူး၊ အရင် အစောပိုင်းကတည်းက ရောင်းနေရတာပါ။ အဓိက ကတော့ဗျာ ကိုယ့်အလုပ်ကို သေချာလုပ်ရင် အခွင့်အလမ်းဆိုတာ ရှိနေတာ ပါပဲ” လို့ သူက ပြောပါတယ်။
ပန်းချီကားကို အစအဆုံး ကိုယ်တိုင် မဖန်တီးဘဲ Finishing ကိုင်ပြီး ကိုယ့်လက်ရာ အဖြစ် လက်မှတ်ထိုးကြတဲ့ ပန်းချီ ရှဲဒိုးတွေ အကြောင်းလည်း သူနဲ့ ဆွေးနွေးဖြစ်ပါသေးတယ်။
“ပန်းချီကားကတော့ သူ့ကားတော့ ဖြစ်သွားတာပေါ့။ စိတ်ခံစားမှုတော့ ပါမလာတော့ဘူးပေါ့။ သူပြောချင် တာကို မရောက်ဘူး ပေါ့။ ရောင်းချ အောင်မြင်နေတဲ့ လူအတော်များများဟာ အရေးခိုင်း တာတွေ ရှိတယ်။ အများအားဖြင့် ရီရယ်လစ်ဇင်ကားတွေမှာ အတွေ့ရများတယ်။ ဒါပေမယ့် စိတ်ခံစားမှုကို အခြေခံတဲ့ ပန်းချီကား တွေမှာတော့ အဲဒီလို လုပ်လို့ မရနိုင်ဘူး။ ကျနော့်အနေနဲ့ အဲဒီလိုမလုပ် သင့်ဘူးလို့ ယူဆတယ်ဗျာ။ သီချင်း တပုဒ်ကို ကိုယ်တိုင်ပဲ တပုဒ်လုံး ဆိုမှ ကောင်းမှာလေ၊ နောက်ဆုံး အကြောင်းလေးပဲ ဆိုတာ မကောင်းဘူးလေ” လို့ ပန်းချီ အောင်နိုင်မောင်က သူ့အယူအဆကို ရှင်းပြတယ်။
ပန်းချီဆရာ အောင်နိုင်မောင်ဟာ ရန်ကုန် ဇာတိ ဖြစ်ပြီး ၁၉၈၅ – ၈၆ မှာ မန္တလေး ပန်းချီပန်းပု ကျောင်းတက် ရောက်ခဲ့ပါတယ်။ နှစ်အနည်းငယ်လောက် ပန်းချီဆိုင်ရာ ရေးဆွဲမှု၊ ဖန်တီးမှု၊ ရှာဖွေမှု နှင့် လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် ၂၀ဝ၀ ပြည့်နှစ်လောက်က စပြီး ပန်းချီကို တစိုက်မတ်မတ် ရေးဆွဲလာပါတယ်။
ပန်းချီအောင်နိုင်မောင်က အနုပညာနဲ့ ပတ် သက်လို့ သူ့ရဲ့ခံယူချက်ကို ပြောပါသေးတယ်။ သူက ပျော်လို့ ပန်းချီရေးတာလို့ ဆိုတာပါပဲ။
“အနုပညာ အလုပ် ဆိုတာ မပျော်ဘဲ လုပ်လို့ မရဘူး၊ ကျနော် ပျော်လို့ ပန်းချီဆွဲပါတယ်။ စီးပွား ရေးအရ ရပ်တည်ရေး အတွက် သက်သက် မလုပ်ချင်ဘူး။ ဝါသနာပါလို့၊ ပျော်လို့ လုပ်နေတဲ့ ပန်းချီကနေ ကျနော့် ရပ်တည်ရေး အတွက် ပြည့်စုံစေပါတယ်။ ကျနော့်ဆန္ဒနဲ့ ကျနော့်ဘဝ ထပ်တူကျပါတယ်” ။ ။