2NE1 အဖွဲ့ ဖျော်ဖြေပွဲနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်း ပွဲတွင် အဆိုပါအဖွဲ့နှင့် ပရိသတ် တချို့ကို တွေ့ရစဉ် (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)
ရန်ကုန်မိုးက ဇွန်၊ ဇူလိုင်မှာတင် မကဘဲ သြဂုတ်လထဲ ရောက်တဲ့အထိ နေ့စဉ်ရက်ဆက် ဆိုသလို မစဲစတမ်း ရွာသွန်းလို့ နေပါတယ်။ သြဂုတ်လ ၂ ရက်နေ့၊ စနေနေ့ မနက်ခင်းပိုင်းအစမှာတော့ မိုးကရွာမလို ပြိုမလိုနဲ့ ရာသီဥတုက အုံ့အုံ့ဆိုင်းဆိုင်း ထိုင်းထိုင်းမှိုင်းမှိုင်း ဖြစ်နေပြီး နေ့လယ်ဘက်မှာတော့ မိုးဟာ တဝုန်းဝုန်း ရွာလာလိုက်တာ ညနေ ၃ နာရီ နောက်ပိုင်းမှာတော့ ပိုမိုသည်းထန်လာခဲ့ပါတယ်။
မိုးကသည်းလာလိုက်၊ နည်းနည်းစဲသွားလိုက်နဲ့ တောက်လျှောက်ရွာနေပေမယ့် မြန်မာနိုင်ငံမှာ ကျင်းပခဲ့သမျှ ဈေးနှုန်း အမြင့်ဆုံး ဖျော်ဖြေပွဲတခုဖြစ်တဲ့ တောင်ကိုးရီးယားနိုင်ငံက ကမ္ဘာကျော် K-Pop Girl Band “2NE1” ရဲ့ “2NE1 in Myanmar, Galaxy Stage” ဂီတဖျော်ဖြေပွဲ တည်ရှိရာ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ရှင်စောပုလမ်းပေါ်က Myanmar Event Park (M.E.P) အဝင်ဝမှာတော့ မိုးသဲသဲကြား ကားတွေကြပ်၊ လမ်းတွေပိတ်ကာ ထီးကိုယ်စီနဲ့ K-Pop ပရိသတ်တွေနဲ့ စည်ကားအုံခဲ နေပါတယ်။
မြန်မာနိုင်ငံရဲ့ ပထမဆုံး K-Pop ဂီတ ဖျော်ဖြေပွဲကို ဧပြီလ ၃၀ ရက်နေ့ ညပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံ လေလုံ အားကစားရုံမှာ မြန်မာနိုင်ငံ တိုက်ကွမ်ဒို အဖွဲ့ချုပ်က ရန်ပုံငွေပွဲအဖြစ် ကျင်းပခဲ့ပါတယ်။ ပထမဦးဆုံး အကြိမ် K Pop ဖျော်ဖြေပွဲမှာ နာမည်ကြီး K-Pop အဖွဲ့တဖွဲ့ ဖြစ်တဲ့ Girl’s Day အဖွဲ့နဲ့အတူ Dal Shabet ၊ Tint အစရှိတဲ့ အမျိုးသမီး အဆိုတော်အဖွဲ့တွေနဲ့ ‘ဆောင်းဦးရွက်ကြွေ ချစ်သက်သေ’ ကိုရီးယား ရုပ်သံ ဇာတ်လမ်းတွဲရဲ့ နောက်ခံ တေးသီချင်း သီဆိုသူ Jung II Young နဲ့ အမျိုးသား K Pop အဖွဲ့ MIB တို့ သီဆို ဖျော်ဖြေခဲ့ကြပါတယ်။
အဲဒီ ဖျော်ဖြေပွဲမှာတော့ မြန်မာ အနုပညာရှင်တွေကလည်း ဝင်ရောက် ဖျော်ဖြေခဲ့ပါသေးတယ်။ မြန်မာနိုင်ငံရဲ့ နာမည်ကြီး ပေါ့ပ် အဆိုရှင်တဦးဖြစ်သူ နိုင်ငံကျော်အဆိုတော် ဟဲလေးနဲ့ မိန်းကလေး ဟစ်ဟော့ပ် အဆိုတော် Bobby Soxer (ထက်ထက်) တို့က ပါဝင်သီဆို ဖျော်ဖြေခဲ့ကြတာပဲ ဖြစ်ပါတယ်။ အခု 2NE1 ဖျော်ဖြေပွဲကတော့ မြန်မာနိုင်ငံရဲ့ ဒုတိယမြောက် K-Pop ဂီတ ဖျော်ဖြေပွဲတခုဖြစ်ပြီး 2NE1 အဖွဲ့ အနေနဲ့ ကတော့ မြန်မာနိုင်ငံကို ပထမဆုံး လာရောက် ဖျော်ဖြေခြင်းပဲ ဖြစ်ပါတယ်။
2NE1 ဂီတဖျော်ဖြေပွဲဟာ ဟောင်ကောင်၊ တရုတ်၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ဂျပန်အစရှိတဲ့ နိုင်ငံတွေကို World Tour အနေနဲ့ သွားရောက်ဖျော်ဖြေနေတဲ့ 2NE1 အဖွဲ့ကို စာချုပ်ချုပ်ဆိုထားတဲ့ Samsung ကုမ္ပဏီက ဖိတ်ခေါ်ခဲ့တာ ဖြစ်ပြီး Living Sound Entertainment က စီစဉ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
2NE1 အဖွဲ့ကို CL, Minzy, Sandara Park, Park Bom စတဲ့ အဖွဲ့ဝင်လေးဦးနဲ့အတူ တောင်ကိုးရီးယား နိုင်ငံရဲ့ K-Pop Girl Band တခုအဖြစ် YG Entertainment က ၂၀၀၉ ခုနှစ်မှာ စတင် ဖွဲ့စည်းပေးခဲ့တာ ဖြစ်ပါတယ်။ “21st century” နဲ့ “New Evolution” ဆိုတဲ့ စကားစုကို ပေါင်းပြီး “To Anyone or Twenty One” လို့ အဖွဲ့နာမည်ကို စတင်ပေးခဲ့ရာကနေ “2NE1” လို့ လူသိများ ပြောင်းလဲ ခေါ်ဆိုခဲ့တာပဲ ဖြစ်ပါတယ်။ အဖွဲ့ဝင်လေးဦးထဲမှာ Park Bom နဲ့ Sandarda Park က အသက်အကြီးဆုံး ဖြစ်ပြီး အခုဆို Bom က အသက် ၃၀၊ Dara က အသက် ၂၉ နှစ်ရှိပါပြီ။ အဖွဲ့ခေါင်းဆောင် CL ကတော့ အသက် ၂၃ နှစ်ရှိပြီဖြစ်ပြီး အသက်အငယ်ဆုံး ကတော့ အသက် ၂၀ အရွယ်သာရှိသေးတဲ့ Minzy ပဲ ဖြစ်ပါတယ်။
2NE1 အဖွဲ့ရဲ့ ပထမဆုံးအခွေ “Fire” Album ကို ၂၀၀၉ ခုနှစ် မေလ ၆ ရက်နေ့မှာ စတင် ဖြန့်ချိခဲ့ပါတယ်။ “To Anyone” Album ကိုတော့ ၂၀၁၀ စက်တင်ဘာလ ၉ ရက်နေ့မှာ ဖြန့်ချိခဲ့တာ ဖြစ်ပြီး အဲ့ဒီအခွေထဲက Kiss, Go Away, Can’t Nobody သီချင်းတွေက ပရိသတ်တွေကြားမှာ အထူးရေပန်းစား လူကြိုက်များ အောင်မြင်ခဲ့တဲ့ သီချင်းတွေ ဖြစ်ခဲ့ပါတယ်။
2NE1 အဖွဲ့ဟာ ပထမဆုံး Artist of the Year နဲ့ Album of the Year ဆုကို “To Anyone” အခွေနဲ့ ရရှိခဲ့ပြီး သူတို့ရဲ့ “I Don’t Care” သီချင်းနဲ့ ၂၀၀၉ ခုနှစ် Mnet Asian Music Awards ဆုပေးပွဲမှာ Song of the Year ဆုကိုလည်း ရရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Go Away, I’m the Best, Lonely စတဲ့ သီချင်းတွေဟာလည်း လူကြိုက်များပြီး အောင်မြင်တဲ့ သီချင်းတွေအဖြစ် ပရိသတ်တွေကြား အထူး ရေပန်းစားခဲ့ပြီး 2NE1 ရဲ့ ဒုတိယမြောက် Song of the Year ဆုကိုတော့ ၂၀၁၁ ခုနှစ်မှာ “I’m the Best” သီချင်းနဲ့ ရရှိခဲ့တာပဲဖြစ်ပါတယ်။
2NE1 ဖျော်ဖြေပွဲ လက်မှတ်ဈေးနှုန်းတွေက အနိမ့်ဆုံး ရပ်ကြည့်လက်မှတ်ဈေးနှုန်း Sliver Standing အတွက် ကျပ် ၂ သောင်းခွဲ၊ Gold Standing အတွက် ကျပ် ၄ သောင်း၊ ထိုင်ကြည့်လို့ရမယ့် Diamond Package လက်မှတ်က ကျပ် ၂ သိန်းခွဲ၊ အမြင့်ဆုံး VIP နဲ့ VVIP လက်မှတ်တွေက ကျပ် ၇ သိန်းနဲ့ ၉ သိန်း အသီးအသီး ရှိခဲ့တာကြောင့် ဖျော်ဖြေပွဲ မတိုင်ခင်ရက်တွေက Facebook ပေါ်မှာ လူပြောသူပြော များခဲ့ပေမယ့် တကယ့်ပွဲနေ့မှာတော့ M.E.P ဝင်း တခုလုံး တိုးမပေါက်အောင် အားပေးတဲ့ ပရိသတ်တွေနဲ့ ပြည့်နှက်လို့နေခဲ့ပါတယ်။
“ညနေ ၃ နာရီကတည်းက M.E.P ရှေ့မှာ လူတွေအုံခဲနေတာလို့ အဲဒီမှာ ကြိုရောက်နှင့်နေတဲ့ သူငယ်ချင်းက ဖုန်းဆက် ပြောတယ်။ မြေနီကုန်းတဝိုက်မှာ တောက်လျှောက် ကားလမ်းတွေပိတ်လို့ M.E.P ကို ရောက်အောင် တော်တော် သွားလိုက်ရတာတော့ စိတ်ပျက်စရာပါပဲ။ ဒါပေမယ့် အထဲကို ရောက်တော့ ကိုယ်အရမ်း ကြိုက်ရတဲ့ ကမ္ဘာကျော် K-Pop အဖွဲ့ ဖျော်ဖြေတာကို ကြည့်ရတော့မှာ ဆိုတော့ အမောတွေ ပြေသွားပါတယ်။ ပင်ပန်းတယ်လို့ကို မထင်မိပါဘူး။ တချို့ ပရိသတ်တွေဆို မနက် ၁၀ နာရီလောက် ကတည်းက ကြိုရောက်နေတာတွေလည်း ရှိတယ်” လို့ အဆိုပါ ပွဲကို ကျပ် ၄ သောင်းတန် Gold Standing လက်မှတ် ဝယ်ယူပြီး ကိုယ်တိုင်ကိုယ်ကျ သွားကြည့်ခဲ့တဲ့ မရမ်းကုန်းမြို့နယ်က အသက် ၂၀ အရွယ် 2NE1 ပရိသတ် တဦးဖြစ်သူ မရွှန်းလဲ့က ပြောပါတယ်။
“2NE1က ကိုယ့် အကြိုက်ဆုံး K-Pop Girl Band လည်း ဖြစ်တယ်။ သူတို့သီချင်း သူတို့ Performance ကိုလည်း အရမ်း ကြိုက်တယ်။ သူတို့ဝတ်တဲ့ ဖက်ရှင်တွေကိုလည်း အရမ်းသဘောကျတယ်။ အဲဒါကြောင့် ဒီပွဲဖျော်ဖြေမယ်ဆိုတာ သိကတည်းက အရမ်းစိတ်ဝင်စားပြီး အရမ်းသွားချင်နေခဲ့တာ။ ဒီလိုပွဲတွေ မြန်မာနိုင်ငံမှာ ကြည့်ရဖို့ဆိုတာ အရင်ကတော့ အိပ်မက်တခုလိုပါပဲ။ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကတည်းက မက်ခဲ့တဲ့ အိပ်မက် အခုတော့ တကယ်ကြည့်ခွင့်ရခဲ့ပြီ” လို့ သူက ဆိုပါတယ်။
2NE1 ဖျော်ဖြေပွဲကို ကျနော် ရောက်ရှိသွားချိန်ဟာတော့ ညနေ ၅ ခွဲ ဝန်းကျင်ခန့်ပဲ ဖြစ်ပါတယ်။ လမ်းမှာ ကားလမ်းကြော တွေ ပိတ်နေတာက တကြောင်း၊ မိုးတွေသည်းလို့ တက္ကစီတွေ လူပြည့်နေတာက တကြောင်း အကြောင်းကြောင်း တွေကြောင့် အဲဒီနေ့က ကားငှားရလည်း အလွန်ခက်တဲ့နေ့ပါ။
ကျနော်ရောက်ရှိ သွားချိန်မှာတော့ လက်မှတ် မဝယ်ရသေးတာကြောင့် လက်မှတ်ဝယ်ဖို့အတွက် ပထမဆုံး အရင်လုပ် ရပါတယ်။ သတင်းထောက်တွေ အတွက် တချို့ရှိုးပွဲတွေဆို မီဒီယာဝင်ခွင့် လက်မှတ်ရပေမယ့် ဒီပွဲမှာတော့ မီဒီယာတွေကို သီးသန့် လက်မှတ်ထုတ်ပေးခြင်း မရှိတာကြောင့် ပရိသတ်တွေနည်းတူပဲ လက်မှတ်ဝယ်ယူပြီး ကြည့်ခဲ့ရပါတယ်။ ရှိုးပွဲတွေဆိုရင် မှောင်ခို လက်မှတ်တွေ ဝယ်ရောင်း လုပ်ကြတာဟာ ထုံးစံတခုပဲမို့ လက်မှတ် ကြိုတင် ဝယ်မထားသူတွေ အတွက် လက်မှတ် တွေကို မှောင်ခိုဈေးပေးပြီး ဝယ်ရပါတယ်။ လက်မှတ်တွေကို ရောင်းသူဝယ်သူ ဈေးညှိပြီး ၂ ဆ၊ ၃ ဆ ပိုတင်ထားတဲ့ လက်မှတ်ဈေးနှုန်း တွေကို ပေါက်ဈေး အမျိုးမျိုးနဲ့ ရောင်းချဝယ်ယူနေကြတာကို တွေ့ခဲ့ ရပါတယ်။
2NE1 ဖျော်ဖြေပွဲဟာ မြန်မာနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတကာဖျော်ဖြေပွဲတွေထဲက အမြင့်ဆုံး လက်မှတ် ဈေးနှုန်း ပေါက်ဈေးရှိခဲ့တဲ့ ဖျော်ဖြေပွဲတခုဖြစ်ပြီး ထိုင်ခုံလက်မှတ်များနဲ့ မတ်တပ်ရပ် လက်မှတ်များမှာ ပရိသတ်အပြည့်နီးပါး လာရောက်ကြည့်ရှုတာကို တွေ့ရပါတယ်။ ပရိသတ်ဦးရေ တသောင်း တထောင် ကျော် လာရောက်ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။
K-Pop အမာခံ ပရိတ်သတ် စစ်စစ်တွေကတော့ 2NE1 နဲ့ အပြိုင်ကြဲမယ့် ဖက်ရှင်ဒီဇိုင်းမျိုးတွေ ဝတ်လာတာ ကို တွေ့ရတယ်။ ပြိုးပြိုးပြက်ပြက်နဲ့ အရောင်တွေ တလက်လက်ထနေတဲ့ Accessories ဒီဇိုင်းဆန်းဆန်း တွေ၊ အရောင်တောက်တောက်နဲ့ ဆံပင်ပုံစံ ဒီဇိုင်းအဆန်းတွေ စတဲ့ K-Pop ဖက်ရှင်ပုံစံမျိုးစုံ ဝတ်လာကြတာ ကို တွေ့ရတယ်။
K-Pop ပရိသတ်တွေထဲမှာ မြန်မာနိုင်ငံက အနုပညာရှင်တချို့လည်း ပါဝင်တာကြောင့် အနုပညာသည်တွေ လာရောက် ကြည့်ရှုအားပေးတာကိုလည်း တွေ့ခဲ့ရပါတယ်။ 2NE1 ပွဲကို ဝတ်မှုံရွှေရည်၊ နန်းဆုရတီစိုး၊ ယွန်းဝတီလွင်မိုး စတဲ့ နိုင်ငံကျော် နာမည်ကြီး အနုပညာရှင်တွေ အပြင် နိုင်ငံကျော် အဆိုတော်တွေဖြစ်တဲ့ ဟဲလေး၊ လွှမ်းပိုင်၊ အားတီ၊ နီနီခင်ဇော်၊ Bobby Soxer တို့ လာရောက်ကြည့်ရှုတာကို တွေ့ရပါတယ်။ လာရောက်ကြည့်ရှု အားပေးကြသူတွေ ထဲမှာ K-Pop အမာခံ ပရိသတ် စစ်စစ်တွေ ပါဝင်သလို K-Pop ပရိသတ် မဟုတ်သူတွေ လာရောက် ကြည့်ရှုကြတာကိုလည်း တွေ့ရပါတယ်။
“ကျနော်က K-Pop ပရိသတ် တယောက်တော့ မဟုတ်ဘူးဗျ။ 2NE1 သီချင်းတွေတော့ နည်းနည်းပါးပါး ကြားဖူးပါတယ်။ ဒီပွဲကို လာကြည့်တာတော့ K-Pop ကြိုက်တဲ့ သူငယ်ချင်းတွေနဲ့ အတူလာတာ၊ အဓိကကတော့ သူတို့ရဲ့ Performance (ဖျော်ဖြေတင်ဆက်ပုံ) တွေ၊ ဖက်ရှင်တွေကို ကြည့်ချင်တာ။ ကမ္ဘာလှည့် ဖျော်ဖြေနေတဲ့ Girl Band တခုလို့လည်း သိထားတော့ စိတ်ဝင်စားလို့ လာကြည့်ဖြစ်တာပါ။ လက်မှတ်ကတော့ ၂ သောင်းခွဲတန်ပဲ ဝယ်ထားတယ်။ မြင်ရ ပါ့မလားတော့ မသိဘူး” လို့ ပွဲကိုလာကြည့်ရှုသူ တာမွေမြို့နယ်မှာ နေထိုင်တဲ့ အသက် ၂၅ နှစ်အရွယ် ကိုထွန်းထွန်းက ပြောပါတယ်။
သာမန် လူလတ်တန်းစားတွေ အတွက် ရှိုးပွဲလက်မှတ် ဈေးနှုန်းတွေက မြင့်မားနေတယ်လို့ အမျိုးမျိုး ဝေဖန်ချက်တွေ ရှိနေတဲ့အပေါ် K-Pop အမာခံ ပရိသတ် မရွှန်းလဲ့က “လက်မှတ် ဈေးနှုန်းတွေက နည်းနည်း များတယ်လို့တော့ ထင်ပါတယ်။ ဒါပေမယ့် ဈေးနှုန်းက ဈေးပေါနေတယ် ဆိုရင်လည်း သူတို့ အနုပညာကို တန်ဖိုးနှိမ်ရာ ရောက်နိုင်တယ်။ ပထမဆုံး ကမ္ဘာကျော် K-Pop အဖွဲ့ရဲ့ ဖျော်ဖြေပွဲလည်း ဖြစ်တာကြောင့် ဈေးနှုန်းထိန်းထားပုံ ပေါ်ပါတယ်။ ဈေးနှုန်းက ၂ သောင်းခွဲ၊ ၄ သောင်းထဲက ကိုယ်တတ်နိုင်တဲ့ ဈေးနှုန်းနဲ့ လက်မှတ်ကို ရွေးချယ်ဝယ်ယူပြီး ကြည့်လို့ရပါတယ်” ဆိုပါတယ်။
Facebook လို လူမှုကွန်ရက်တွေ ပေါ်မှာတော့ 2NE1 ရှိုးပွဲရဲ့ အမြင့်ဆုံးလက်မှတ် ဈေးနှုန်း ၉ သိန်း၊ ဒီလိုပွဲကို ၉ သိန်း အကုန်ခံပြီး သွားကြည့်မယ့်အစား တခြား အကျိုးရှိမယ့် နေရာတွေမှာ လှူဒါန်း သင့်တယ် ဆိုပြီး ဝေဖန်ချက်တွေ ရေးသား ကြတာတွေ ကိုလည်း ပွဲမတိုင်ခင်နဲ့ ပွဲပြီးသွားတာတောင် တွေ့နေရပါတယ်။ ဝေဖန်ချက် အမျိုးမျိုး ပေးသူတွေကတော့ လက်မှတ်ဈေးနှုန်း ဘယ်လောက်ကနေ ဘယ်လောက်အထိ ရှိတယ်ဆိုတာကို တိတိကျကျ သိသူနည်းပြီး အမြင့်ဆုံး ၉ သိန်း လက်မှတ်များကိုသာ အများပြား ရောင်းချပေးတယ်လို့ မှားယွင်းစွာ သိထားကြသူ အများစု ဖြစ်နေပါတယ်လို့ မရွှန်းလဲ့က ပြောပါတယ်။
“Facebook မှာ ပြောနေကြတာတွေ ရှိတယ်။ လက်မှတ်ဈေးနှုန်းက ၉ သိန်းပေါ့နော်။ ဒီပွဲကြည့်မယ့်အစား တခြားလိုအပ်နေတဲ့နေရာမှာ လှူရင် ပိုကောင်းမယ်၊ ဘာညာဆိုပြီး ပြောနေကြတဲ့ အပေါ်ပြောရရင် ညီမတို့ အားလုံး တချိန်လုံး ရသမျှပိုက်ဆံနဲ့ ရှိုးပွဲသွားနေတာမျိုး မဟုတ်ပါဘူး။ ညီမတို့လည်း ညီမတို့ တတ်နိုင် သလောက် လိုအပ်နေတဲ့ နေရာတွေမှာလှူပါတယ်။ အခု ဒီ ၉ သိန်းတန် လက်မှတ်ဆိုတာလည်း သူတို့ ရေးကြသလို အစောင် ၅၀ တို့ ဘာတို့ အဲဒီလို ရောင်းတာမျိုးလည်း မဟုတ်ပါဘူး။ ဒီလက်မှတ်တွေက အရေအတွက် အကန့်သတ် အနည်းငယ်သာ ရောင်းချပေးတာလို့ ညီမတို့ သိရပါတယ်။ ဒီပွဲကို ကြည့်ဖို့ ဆိုတာ ညီမတို့ K-Pop ပရိသတ်တွေအတွက် အိပ်မက်ပါပဲ။ ညီမတို့လည်း ပိုက်ဆံချမ်းသာလွန်းလို့ ဒီပွဲကိုကြည့်နိုင်တာ မဟုတ်ပါဘူး။ ကိုယ့်ပိုက်ဆံလေးနဲ့ ကိုယ်စုပြီး ကိုယ် စိတ်ချမ်းသာ ဝါသနာပါရာ၊ ကိုယ်ပျော်ရာမှာ သုံးတာပဲမဟုတ်လား။ လူဆိုတာ ကိုယ့်ခံယူချက်နဲ့ကိုယ်ပါ။ အကြိုက်ချင်းမတူ ငါ့ရန်သူ ဆိုပြီး ဆက်ဆံလို့မရပါဘူး” လို့ သူက ဆက်ပြောပါတယ်။
ကျပ် ၇ သိန်းနဲ့ ၉ သိန်းအထိ အမြင့်ဆုံးဈေးရှိခဲ့တဲ့ VIP လက်မှတ်တွေနဲ့ VVIP လက်မှတ်တွေဟာ အကန့်အသတ်နဲ့ ရောင်းချပေးတာဖြစ်ပြီး မြန်မာနိုင်ငံမှ အနုပညာရှင်တချို့နဲ့ ပွဲစပွန်ဆာပေးတဲ့ Sumsung မှ တာဝန်ရှိသူတချို့၊ Sumsung Customer အချို့သာ ရရှိတာဖြစ်ပြီး အဆိုပါ VVIP ၉ သိန်းတန် လက်မှတ်မှာ ဖျော်ဖြေပွဲ ကြည့်ခွင့်အပြင် 2NE1 အဖွဲနှင့်အတူ ညစာစားခွင့်၊ ပါတီကျင်းပခွင့်တို့ပါ ရရှိတာဖြစ်ပြီး ကံစမ်းမဲလက်ဆောင်တွေနဲ့အတူ ဓာတ်ပုံအတူတကွ ရိုက်ကူးခွင့်တွေပါ ပါရှိတာဖြစ်ပါတယ်။
အဆိုပါ ကျပ် ၉သိန်းတန် လက်မှတ်ဟာဆိုရင် မြန်မာနိုင်ငံရဲ့ ပြည်တွင်းမှာ ကျင်းပခဲ့တဲ့ နိုင်ငံတကာ ဖျော်ဖြေပွဲတွေထဲမှာ ဈေးနှုန်းအမြင့်ဆုံး လက်မှတ်လည်း ဖြစ်ပါတယ်။ ဧပြီလက သုဝဏ္ဏ အားကစားရုံမှာ ကျင်းပခဲ့တဲ့ K -pop ဖျော်ဖြေပွဲရဲ့ အမြင့်ဆုံးဈေးနှုန်းက ကျပ် တသိန်းဖြစ်ပြီး တခြားပွဲတွေဖြစ်တဲ့ Michael Learns to Rock အဖွဲ့ရဲ့ အမြင့်ဆုံး လက်မှတ် ဈေးနှုန်းကကျပ် တသိန်းနဲ့ ABBA အဖွဲ့သီချင်းတွေ ဖျော်ဖြေပွဲကတော့ ကျပ် ၅ သောင်း အထိ အမြင့်ဆုံး အသီးသီး ရှိခဲ့ပါတယ်။
“ကျနော်ကတော့ K-Pop ပရိသတ်တယောက်လည်း မဟုတ်သလို K-Pop သီချင်းတွေလည်း နားမထောင် ဖူးပါဘူး။ နားမထောင်ဖူးတဲ့ အတွက်လည်း မကြိုက်ပါဘူး။ ကျနော်က Rock ဂီတကို ကြိုက်တဲ့အတွက် အဲဒီနေ့က မျှော်စင် ကျွန်းမှာလုပ်တဲ့ S.I.R ပွဲကို သွားအားပေးပါတယ်။ ဒီမှာလုပ်တဲ့ IC ပွဲတိုင်းကိုလည်း ကြည့်ဖြစ်ပါတယ်။ ဈေးနှုန်း တသောင်း၊ နှစ်သောင်း ဘယ်လောက် ဈေးပဲရှိရှိ ကျနော် အရမ်း ကြိုက်တဲ့ အတွက် ကျနော်ကြည့်တယ်၊ အခု 2NE1 ပွဲကို ကျနော် ဘာမှ မဝေဖန်လိုပါဘူး။ သူတို့လည်း သူ့ပရိသတ်နဲ့ သူ ရှိမှာပဲလေ။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် သွားကြည့်တာကို ဘာမှ ဝေဖန်စရာမလိုဘူးလို့ ကျနော်ထင်တယ်။ ဈေးများတယ် ဆိုတာကလည်း သူက နိုင်ငံတကာ ဖျော်ဖြေပွဲတခုမို့လို့ အဲဒီ ဈေးရှိတယ်လို့ ကျနော် ထင်ပါတယ်” လို့ S.I.R ပွဲကို သွားရောက် ကြည့်ရှု ခဲ့တဲ့ Rock ဂီတ ပရိသတ်တဦးဖြစ်သူ အသက် ၂၃ နှစ်အရွယ် ကိုသူရထွန်းက ပြောပါတယ်။
“အကြိုက်ချင်း မတူတိုင်းသာ တခုချင်းစီ ဆန့်ကျင်ပြီး ပြောရမယ်ဆိုရင် တချို့ လောင်းကစား ဝါသနာ ပါတာရှိတယ်၊ ဘောလုံးပွဲ ကြိုက်တာရှိတယ်၊ သောက်စားတာ ကြိုက်တာရှိတယ်။ ဖုန်းခရေဇီ ဖြစ်တာ တွေလည်းရှိတယ်။ အဲဒီလို နေရာတွေမှာ ပိုက်ဆံသိန်းချီ အကုန်ခံပြီး သုံးမယ့် ဖြုန်းမယ့်အစား မလှူဘူးလားလို့ ပြန်ထောက်ပြလို့ရတယ်။ လူဆိုတာ ကိုယ့်ဝါသနာနဲ့ကိုယ်၊ ကိုယ့်အပန်းဖြေမှုကို ကိုယ်ရှာဖွေပြီး ရှင်သန် နေကြတာပဲ” လို့ မရွှန်းလဲ့က ဆိုပါတယ်။
သူက ဆက်ပြီး “ဒီလိုနိုင်ငံတကာ ဖျော်ဖြေပွဲတွေ လာတယ်ဆိုတာ ကောင်းမွန်တဲ့ အနေအထားပါ။ ညီမတို့က ကြိုဆိုရမှာပါ။ အရင်ကဆိုရင် ဒီလိုပွဲတွေလုပ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။ အခုဆိုရင် 2NE1 အဖွဲ့က ရွှေတိဂုံ ဘုရားပေါ်တက်တဲ့အခါ တခြားဘယ်နိုင်ငံမှာမှ အဲဒီနိုင်ငံ ရိုးရာဝတ်စုံ မဝတ်ပေမယ့် ညီမတို့ မြန်မာရိုးရာဝတ်စုံကို ဝတ်ပြီး ဘုရားတက်တဲ့အတွက် ညီမတို့က ဂုဏ်ယူရမှာပါ။ သူတို့လို World Star အဖွဲ့က ဝတ်ပြတော့ ကမ္ဘာကတောင် မြန်မာကို ပိုသတိထားမိကြမှာ” လို့ ဆိုပါတယ်။
ညနေ ၅ နာရီမှာ M.E.P ခန်းမတံခါး ဖွင့်ပေးမယ်လို့ အစက ကြေညာထားပေမယ့် တန်းစီစောင့်ဆိုင်း နေတဲ့ ပရိသတ် ဦးရေက အရမ်းများတာကြောင့် ညနေ ၆ နာရီထိုးခါနီး အချိန်လောက်မှသာ ခန်းမတံခါး ဖွင့်ပေးခဲ့တာဖြစ်ပါတယ်။ ခန်းမ တံခါး ဖွင့်ပေးချိန်မှာလည်း နေရာဦးဖို့ရန် ၄ သောင်းတန်၊ ၂ သောင်းခွဲတန် လက်မှတ် ဝယ်ယူထားတဲ့ ပရိသတ်တွေက ရှေ့ဆုံး နေရာဦးဖို့ တန်းစီ တိုးဝှေ့နေပေမယ့် လုံခြုံရေးကလည်း ထင်ထားသလောက် တင်းကြပ်ခြင်းမရှိခဲ့ပါဘူး။ လက်မှတ်အသင့်ပြပြီး ခန်းမထဲ အလျှင်အမြန် ဝင်သွားရုံပါပဲ။
ဖျော်ဖြေပွဲက ည ၇ နာရီမှ စမှာဆိုပေမယ့် ပွဲမစခင် တနာရီခွဲလောက် အလိုကတည်းက M.E.P ခန်းမထဲမှာ လူက ပြည့်သလောက် နီးပါး ဖြစ်နေပါပြီ။ ၄ သောင်းတန် လက်မှတ်မှာ ကြည့်ကြတဲ့ ပရိသတ်တွေကလည်း စင်နဲ့ နည်းနည်း လှမ်းပြီး သိပ်မမြင်ရသလို ဖြစ်နေတာကြောင့် ပွဲမစခင် စင်ရှေ့အထိ ရောက်နိုင်သလောက် ရောက်အောင် အတင်း တိုးဝှေ့နေကြရတယ်။
“ကျနော်တို့က သူငယ်ချင်း ၆ ယောက် ဒီပွဲကို လာကြည့်တာ။ မုန့်ဖိုးတွေ စုပြီး ၄ သောင်းတန် လက်မှတ် ဝယ်ထားတာ။ ညနေ ၃ နာရီလောက် ကတည်းက ဒီကိုရောက်နေတာ၊ အဓိကက စင်နဲ့ အနီးဆုံး နေရာ ရောက်အောင် တိုးဖို့ ကြိုပြီး စောစော ရောက်နေတာ၊ စင်နဲ့အနီးဆုံးနေရာကနေ အားပေးခဲ့ရလို့လည်း တကယ် ကျေနပ်တယ်။ ဒါပေမယ့် လူတော့ တော်တော် တိုးလိုက်ရတယ်။ မိုးရေထဲမှာလည်း အကြာကြီး ၄ နာရီ ကျော်လောက် တန်းစီစောင့်ခဲ့ရတယ်” လို့ ၄ သောင်းတန် Gold Stand လက်မှတ် ဝယ်ယူပြီး စမ်းချောင်းမြို့နယ်ကနေ လာရောက်အားပေးခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် သော်သော်က ပြောပါတယ်။
ပွဲမစခင်ကတည်း 2NE1 ရဲ့ နာမည်ကျော်လူကြိုက်များ သီချင်း MTV တွေကို စင်ပေါ်နဲ့ စင်ဘေးနှစ်ဘက် LED ဘုတ်မှာ အဆက်မပြတ် ပြသပေးနေတာကြောင့် ကြိုရောက်ရှိပြီး နေရာယူနေကြတဲ့ ပရိသတ်တွေက 2NE1 အဆိုတော်များ ရောက်ရှိ မလာခင်ကတည်းက စိတ်လှုပ်ရှားစွာနဲ့ LED ဘုတ်ပေါ်က ပြသပေးနေတဲ့ 2NE1 သီချင်းများလိုက်ဆိုကာ စောင့်ဆိုင်း နေခဲ့ကြပါတယ်။
ဖျော်ဖြေပွဲကို ည ၇ နာရီ ဝန်းကျင်မှာ စတင်ခဲ့ပြီး 2NE1 အဖွဲ့ စတင် ရောက်ရှိ လာတယ်ဆိုရင်ပဲ တခဲနက် အားပေးကြတဲ့ ရုံပြည့်ရုံလျှံ ပရိသတ်ကြီးကြောင့် အားပေးကြတဲ့ အသံကြီးက M.E.P ခန်းမကြီး ကွဲထွက် သွားမယ့် အလားပါပဲ။ လက်မှာ ကိုင်ဆောင်ထားတဲ့ မီးရောင်စုံ အနုမြူချောင်း Light Stick တွေ၊ 2NE1 စာသားတွေ ကိုင်ဆောင်ပြီး လက်တွေဝှေ့ရမ်းလို့ အားပါးတရ အားပေးကြတာ တွေ့ရတယ်။
ပွဲကျင်းပ နေစဉ်အတွင်းမှာ ဗီဒီယိုကင်မရာ၊ ဖုန်းကင်မရာတို့နဲ့ ဓာတ်ပုံရိုက်ကူးခြင်း၊ ဗီဒီယို မှတ်တမ်း တင်ခြင်းများ ခွင့်မပြုဘူးလို့ ကြေညာချက်တွေ ထုတ်ပြန်ထားပါတယ်။ ဒါဟာလည်း YG Entertainment က ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဖျော်ဖြေခဲ့တဲ့ 2NE1 ဖျော်ဖြေပွဲတိုင်း ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တခုပဲ ဖြစ်ပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက် လို့လည်း Facebook ပေါ်မှာ ဝေဖန်ချက် ရေးသားမှုတွေ အမျိုးမျိုး ရှိခဲ့ပါသေးတယ်။
ဒါပေမယ့် ပွဲကျင်းပနေစဉ် ကာလတလျှောက်လုံး မှာတော့ လာရောက် ကြည့်ရှုတဲ့ ပရိသတ်တွေက 2NE1 အဖွဲ့ သီဆို ဖျော်ဖြေမှုတွေကို ဖုန်းကင်မရာတွေနဲ့ မှတ်တမ်းတင် ရိုက်ကူးရင်း ကြည့်ရှုအားပေးတာကို တွေ့ခဲ့ရပါတယ်။ ပွဲရက် မတိုင်ခင်ကတော့ ဒီလို ရိုက်ကူးမယ်ဆိုရင် ပါလာတဲ့ ဖုန်းတွေ၊ ကင်မရာတွေ စည်းကမ်းအရ သိမ်းဆည်းသွားမယ်လို့ ကြေညာထားပေမယ့် တကယ့်ပွဲနေ့မှာတော့ အဲဒီလိုလာရောက် သိမ်းဆည်းတာမျိုး မကြုံခဲ့ရပါဘူး။
Stage ဒီဇိုင်း စင်တည်ဆောက်ထားပုံက နိုင်ငံတကာဖျော်ဖြေပွဲတွေထုံးစံ အတိုင်း အဆင့်မြင့် တည်ဆောက် ထားတာကို တွေ့ရပြီး နောက်ခံ ပရိုဂျက်တာတွေမှာ ကွန်ပျူတာ အထူးပြုလုပ်ချက်တွေနဲ့အတူ Lighting နဲ့ Sound System တွေကလည်း နိုင်ငံတကာဂီတ ဖျော်ဖြေပွဲတခု ပီသစွာပဲ ထူးခြား ကောင်းမွန်နေတာကို တွေ့ခဲ့ရပါတယ်။ Stage စင်ရဲ့ ကုန်ကျစရိတ်က မြန်မာငွေ သိန်းနှစ်ထောင် ဝန်းကျင်ခန့် ရှိတယ်လို့ သိရပါတယ်။
2NE1 အဖွဲ့ဝင်တွေ ဝတ်လာတဲ့ ဖက်ရှင်ကျတဲ့ ဝတ်စုံဒီဇိုင်းတွေဟာ ပရိသတ်တွေ ထင်မှတ်ထားတဲ့အတိုင်း ထူးခြား ဆန်းပြားသော ဒီဇိုင်းပုံစံဆန်းများနှင့် တီထွင်ချုပ်လုပ် ဖန်တီး ဝတ်ဆင်ထားတာကို တွေ့ရပြီး စင်ပေါ်မှာ တင်ဆက် ဖျော်ဖြေသွားတဲ့ သီချင်းတွေနဲ့အတူ ဆန်းပြား လှပ သေသပ်တဲ့ ကကွက် Performance တွေက ပရိသတ်ကိုအထူးပဲ နှစ်ခြိုက်စေခဲ့ပါတယ်။ ထင်မှတ်မထားတဲ့ ထူးခြားတဲ့ ကကွက် ဖျော်ဖြေမှု၊ Performance တွေက ပရိသတ်ကို အထူး အံ့သြမင်သက် စေခဲ့ပါတယ်။
2NE1 ရဲ့ ကမ္ဘာကျော် နာမည်ကြီး လူသိအများဆုံး သီချင်းတပုဒ်လည်းဖြစ် Song of the Year ဆု ရရှိထားတဲ့ “I Am the Best” သီချင်းကို ဖျော်ဖြေချိန်မှာတော့ Stage စင်ပေါ်ကနေ ဆိုင်ကယ်တွေ မောင်းပြီးထွက်လာသလို ပုံစံမျိုး Performance နဲ့ ဖျော်ဖြေသွားတာမို့ အဲ့ဒီသီချင်း သီဆိုဖျော်ဖြေ ချိန်မှာတော့ အောက်က K-Pop အမာခံ ပရိသတ် လူငယ်တွေကလည်း 2NE1 နဲ့ အတူ ကခုန်ပြီး သီချင်းစာသားတွေ လိုက်သီဆိုပြီး တခဲနက်အားပေးချက်က လူပိမှာ စိုးရလောက်အောင် ကြောက်မခန်း လိလိပါပဲ။
သီချင်းတိုင်း သီချင်းတိုင်း တပုဒ်ပြီး တပုဒ် Dancer တွေနဲ့ အချိတ်ဆက်မိမိ ကပြ ဖျော်ဖြေသွားသလို သီချင်း အပုဒ်တိုင်းစီကိုလည်း ချွေးတွေရွှဲတဲ့အထိ ပရိသတ်နဲ့ အချိတ်ဆက်မိမိ အစွမ်းကုန် ညီညာစွာ သီဆို ဖျော်ဖြေ ပေးသွားတာကို တွေ့ရပါတယ်။ ဖျော်ဖြေမှု သီချင်း သုံးပုဒ်ခန့် အပြီးမှာတော့ 2NE1 အဖွဲ့ဝင်တွေ တဦးချင်း ပရိသတ်ကို နှုတ်ခွန်းဆက် စကား ပြောပါတယ်။
မြန်မာပြည်မှာ လာဖျော်ဖြေရတာ ပထမဆုံးဖြစ်တဲ့အကြောင်း၊ စိတ်လှုပ်ရှားတဲ့ အကြောင်း စတာတွေ ပြောပြီး မြန်မာပရိသတ်ကြီးကို မြန်မာလို “ချစ်ပါတယ်” လို့ ပြောတဲ့အခါ ပရိသတ်တွေက တခဲနက် ဝိုင်းပြီး အော်ဟစ် အားပေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံဟာ The Golden Land ဟုတ်ပါသလားလို့ 2NE1 အဖွဲ့က ပရိသတ်ကို မေးတဲ့ အချိန်မှာတော့ ပရိသတ်တွေရဲ့ အချစ်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
2NE1 အဖွဲ့ဝင်တွေ ပထမပိုင်း သီချင်းတွေ သီဆို ဖျော်ဖြေပြီး အဝတ်စား လဲနေစဉ် အချိန်တွင်းမှာလည်း ပရိုဂျက်တာမှာ သူတို့ရဲ့ နာမည်ကျော်လူကြိုက်များတဲ့ MTV သီချင်းတွေ ဖွင့်ပြီး ပြသထားပါတယ်။ ဖျော်ဖြေပွဲမှာ 2NE1 အဖွဲ့ရဲ့ နာမည်ကြီး လူကြိုက်များ သီချင်းတွေ ဖြစ်တဲ့ I am the Best, Come back home, Lonely, Fire, Go Away, I don’t care, Don’t stop the music, Do u love me, HAPPY, Scream, Gotta Be you စတဲ့ သီချင်းတွေ ဖျော်ဖြေခဲ့ပါတယ်။
ဖျော်ဖြေပွဲမှာ အဖွဲ့လိုက် သီဆိုတွေမှုအပြင်ကို အဖွဲ့ခေါင်းဆောင် တဦးလည်းဖြစ်၊ လူကြိုက်လည်း များတဲ့ CL က သူ တဦးတည်း ပရိသတ်ကို သီဆိုဖျော်ဖြေ ခဲ့ပါသေးတယ်။ CL ဟာ အဖွဲ့ခေါင်းဆောင်းကောင်း တဦး ပီသစွာ သီဆို ဖျော်ဖြေစဉ်အတွင်း အဖွဲ့ဝင်တွေနဲ့ အကသမားတွေ အပေါ် အကောင်းဆုံး ဦးဆောင်နိုင်ခဲ့ပြီး ပရိသတ်နဲ့လည်း အပေးအယူမျှခဲ့သူပါ။ နောက်ဆုံးသီချင်းဖျော်ဖြေချိန်မှာတော့ ပရိသတ်တွေရဲ့ အချစ်တော် CL က ပရိသတ်တွေကို သူ့ရဲ့ စမတ်ဖုန်းနဲ့ပြန်ပြီး မှတ်တမ်းတင်ရိုက်ကူးရင်း ဖျော်ဖြေသွားတာကြောင့် ပရိသတ်တွေရဲ့ အားပေးမှု ဆူညံသံတွေနဲ့ ပြည့်နှက် နေခဲ့ပါတယ်။
2NE1 အဖွဲ့ရဲ့ နောက်ဆုံး သီဆိုဖျော်ဖြေမှု အစီအစဉ်မှာ 2NE1 ပရိသတ်တွေရဲ့ လူကြိုက်များတဲ့ သီချင်း တပုဒ်ဖြစ်တဲ့ Lonely သီချင်းကို သီဆိုပေးခဲ့တာကို အရမ်းအားရမိတယ် လို့လည်း ပရိသတ်တဦး ဖြစ်သူ သော်သော်က ဆိုပါတယ်။
“ပထမက သူတို့သီချင်း ၇ ပုဒ်လောက်ဆိုပြီးတော့ Bye Bye လို့ နှုတ်ဆက်သွားတော့ ပွဲပြီးသွားပြီပဲ ထင်တာ။ ဒါပေမယ့် အောက်က ပရိသတ်ကလည်း မပြန်သေးဘူး။ “2NE1 … 2NE1” ဆိုပြီး အားလုံး သံပြိုင် ဝိုင်းအော်ကြတော့ စတိတ်စင်က မီးကစားပြီး 2NE1 အဖွဲ့ဝင်တွေ နောက်တခေါက် ပြန်ထွက်လာတော့ အားလုံး “ဟေး” ခနဲအော်လိုက်တာ။ နောက်ဆုံး အနေနဲ့ Lonely သီချင်း အပါဝင် ၃ ပုဒ် သီဆိုပေးသွားတာ အရမ်းကို ကျေနပ်အားရပါတယ်။ ဖြစ်နိုင်ရင်တော့ ဒီထက် အများကြီး ပိုဆိုစေချင်ပါတယ်။ ဒါပေမယ့် ဒီလို တနာရီခွဲကျော် ဖျော်ဖြေပွဲက ပရိသတ် အတွက် တကယ်အရမ်းကောင်းတဲ့ ဖျော်ဖြေ တင်ဆင်မှုတွေ ကြည့်လိုက်ရတဲ့ အတွက် တကယ်တန်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။
သူက ဆက်ပြီး “ဒီပွဲနဲ့ ပတ်သက်ပြီး သိပ် အဆင်မပြေတာကို ပြောရရင်တော့ စင်က နည်းနည်းပုတော့ အနောက်ကလူတွေ မမြင်ရကြဘူး။ ၂ သောင်းခွဲတန် အတန်းဆို ဟိုးနောက်ဆုံး ရောက်နေတော့ ဘာမှ မမြင်ရဘူးလို့ အဲ့အတန်းမှာ လက်မှတ်ဝယ် ကြည့်တဲ့ သူငယ်ချင်းတွေက ပြောတယ်။ ညီမက လေးသောင်းတန်မှာ ဝယ်ကြည့်တာ။ နေရာကို စောစော ကြိုတိုးထားလို့သာ သူတို့ကို လှမ်းမြင်ရတာ။ လေးသောင်းတန် ဝယ်ပြီး နည်းနည်းအနောက်ဘက် ကျတဲ့သူတို့၊ အရပ်ပုတဲ့ ကောင်မလေး တချို့ဆို မမြင်ရဘူးလို့ ပြောကြတယ်။ စင်ကိုဒီထက်ပိုပြီး နည်းနည်းခပ်မြင့်မြင့်လေး ဆောက်ရင်တော့ အားလုံးမြင်ရမယ် ထင်ပါတယ်” လို့ ပြောပါတယ်။
ည ၈ နာရီခွဲ ကျော်သွားတဲ့ အချိန်မှာတော့ 2NE1 ပွဲဟာ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါပြီ။ 2NE1 ပွဲ ပြီးဆုံးသွားပေမယ့် အားပေးရတာ အားမရသေးဘူးဆိုပြီး မပြန်သေးတဲ့ ပရိသတ်တွေလည်း M.E.P ခန်းမဝင်းထဲမှာ ကျန်ရှိနေခဲ့ပါသေးတယ်။ M.E.P ဝင်း အပြင်ဘက်မှာတော့ လူတွေ ကားတွေ ကြပ်ပြွတ်သိပ်ပြီး လမ်းတွေပိတ်ကာ သွားရခက်နေပါသေးတယ်။ ၉ နာရီ ကျော်ကျော် လောက်မှာတော့ ကားလမ်းကြောတွေ ပုံမှန်ပြန်ဖြစ်သွားပြီး ကားငှားရတာလည်း အဆင်ပြေ လွယ်ကူ သွားပါတယ်။
2NE1 ပွဲဟာ နိုင်ငံတကာ ကမ္ဘာကျော်ဖျော်ဖြေပွဲတခု ပီသစွာပဲ သူတို့အသုံးပြုထားတဲ့ ဆက်တင်၊ Stage စင် ဒီဇိုင်း၊ ဆလိုက်မီး နဲ့ နောက်ခံ LCD မှာ သုံးထားတဲ့ ကွန်ပျူတာ အထူးပြုလုပ်ချက် 3D Graphic နည်းပညာ တွေကို အဆင့်မြင့် ကောင်းမွန်စွာ သုံးပြုထားတာတွေ့ရပြီး အဖွဲ့ ဝင်လေးဦးစလုံးကလည်း Dancer များနဲ့ အချိတ်ဆက်ညီစွာ ပရိသတ်ကို ထိထိမိမိ ဖျော်ဖြေတင်ဆင်သွားတာကြောင့် ပရိသတ်ကို နှစ်ခြိုက် သဘော ကျမှု အပြည့်အဝ ပေးစွမ်းနိုင်ခဲ့တာကို တွေခဲ့ရပါတယ်။
K-Pop အဆိုတော်အဖွဲ့တွေဟာ အဖွဲ့လိုက် လှုပ်ရှားရတာ ဖြစ်တဲ့အတွက် သူတို့အတွက် ယခုလို ရှိုးပွဲတခု အောင်မြင်စွာ ပြီးဆုံး ဖျော်ဖြေနိုင်ဖို့ဆိုတာ အဖွဲ့မှာ ပါဝင်ဆောင်ရွက်ရတဲ့ အဆိုတော်၊ တီးတဲ့သူ၊ အကသမား စတဲ့ အရေးကြီး အခန်း ကဏ္ဍမှာ ပါဝင်တဲ့သူတွေအပြင်၊ ကဏ္ဍအသီးသီးမှာ တာဝန်ယူထားတဲ့ သူ အားလုံး Team Work စိတ်ဓာတ်အပြည့်နဲ့ ပူးပေါင်း ဆောင်ရွက်ရတာ ဖြစ်ပါတယ်။
ဒါ့အပြင် အဖွဲ့အသီးသီးမှာ ဦးဆောင်ရသူ ခေါင်းဆောင်တိုင်းရဲ့ Management skill က အဖွဲ့တခုလုံးရဲ့ ဆောင်ရွက် ချက်တွေ ကောင်းခြင်း မကောင်းခြင်းအပေါ် အများကြီး သက်ရောက် မူတည်ပါတယ်။ ဒါ့အပြင် ပွဲမစခင်ကတည်းက အဖွဲ့ဝင်တွေဟာ အချိန်ပေါင်းများစွာ အကြိမ်အရေအတွက် များစွာ အကတိုက်ခြင်း၊ အဆိုကျင့်ခြင်း အစရှိတဲ့ လေ့ကျင့်မှုပေါင်း များစွာကို ပြုလုပ်ရပါသေးတယ်။ ဒါကြောင့်လည်း K-Pop ဖျော်ဖြေပွဲတွေဟာ ကမ္ဘာ့နိုင်ငံအသီးသီးက K-Pop ပရိသတ်တွေ အသည်းစွဲဖြစ်နေရတာပါ။
2NE1 အဖွဲ့ရဲ့ ပထမဆုံး ကမ္ဘာလှည့် ဖျော်ဖြေမှုအနေနဲ့ World Tour 2011 ကို ၂၀၁၁ ခုနှစ်မှာ စတင်ခဲ့ တာဖြစ်ပြီး ဂျပန်ကို သွားရောက် ဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၂ခုနှစ်မှာတော့ New Evolution Global Tour 2012 အဖြစ် အမေရိကန်၊ ထိုင်ဝမ်၊ ဂျပန်၊ စင်ကာပူတို့ကို သွားရောက် လှည့်လည် ဖျော်ဖြေခဲ့ပါတယ်။
ယခုနှစ် ၂၀၁၄ ခုနှစ်မှာတော့ 2NE1 အဖွဲ့ဟာ ဟောင်ကောင်၊ တရုတ်၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ဂျပန်အစရှိတဲ့ အာရှနိုင်ငံတွေကို သွားရောက်ဖျော်ခြေခဲ့ပြီး ယခု သြဂုတ်လမှာတော့ မြန်မာနိုင်ငံကို ပထမဆုံး လာရောက် ဖျော်ဖြေတာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံက ဖျော်ဖြေပွဲကြီး ပြီးသွားတဲ့အခါ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံတို့ကိုလည်း သွားရောက် ဖျော်ဖြေမှာပဲ ဖြစ်ပါတယ်။
2NE1 အဖွဲ့ လာရောက်ဖျော်ဖြေတာနဲ့ ပတ်သက်ပြီး Facebook က အမျိုးမျိုး ဝေဖန်ချက်တွေ ပြုနေကြတာဟာ ပွဲမလာခင်က စလို့ ပွဲပြီးတဲ့အထိ မပြီးဆုံးသေးပါဘူး။ အဓိကကတော့ လက်မှတ်ဈေးနှုန်း အမြင့်ဆုံး ၉ သိန်း အထိ ရှိခဲ့ လို့ပဲဖြစ်ပါတယ်။
ဒါ့အပြင် 2NE1 အဖွဲ့ဟာ ပလတ်စတစ် ဆာဂျရီနည်းပညာဖြင့် ခွဲစိတ်ပြုပြင်ထားတဲ့ ကိုးရီးယားသူများ ဖြစ်ကြောင်းစတဲ့ ဝေဖန်မှုတွေအပေါ် K-Pop အမာခံပရိသတ်တွေကတော့ 2NE1 အဖွဲ့ကို အားပေးခြင်းဟာ သူတို့၏ ရုပ်ရည်၊ အသားရည်၊ ဆံပင်ပုံစံ၊ ဖက်ရှင်ဒီဇိုင်းများကြောင့်သာ မကဘဲ၊ သူတို့ရဲ့ အနုပညာ ကျွမ်းကျင်မှု Talent နဲ့ Team Work စိတ်ဓာတ်အပြည့်ဖြင့် ညီညာစွာ ကပြဖျော်ဖြေတဲ့ Performance များကိုသာ အားပေးတာဖြစ်တယ်လို့ ဆိုပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အာရှမှာသာမက ကမ္ဘာကျော်တဲ့အထိ ပရိသတ်အခိုင်အမာ ရရှိထားတဲ့ ကမ္ဘာကျော် K-Pop Girl Band “2NE1” အဖွဲ့ရဲ့ ပထမဆုံး လာရောက်ဖျော်ဖြေတဲ့ ဖျော်ဖြေပွဲကြီးဟာ K-Pop ပရိသတ်တွေ ငါးနှစ်နီးပါး မက်ခဲ့ရတဲ့ အိပ်မက် တခုပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ 2NE1 ဖျော်ဖြေပွဲကြီးကတော့ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ခဲ့ပါပြီ။ ဒါပေမယ့် ဒီပွဲရဲ့ ဈေးနှုန်းမြင့်မားခြင်းအပေါ် Facebook မှာ ဝေဖန်ပြောဆိုမှုတွေဟာ ပွဲပြီးသွားတဲ့အထိ မပြီးဆုံးနိုင်သေးပါဘူး။ ကိုယ်တိုင်ပွဲသွားကြည့်ခဲ့တဲ့ ပရိသတ်တွေနဲ့ မြန်မာနိုင်ငံက အနုပညာရှင်တွေက ဒီပွဲရဲ့ဖျော်ဖြေတင်ဆင်မှု တနာရီခွဲကျော်အချိန်အား အထူးနှစ်သက် အားရကျေနပ်မိကြောင်းတွေကိုလည်း Facebook မှာ ချီးမွမ်းရေးသားကြတာတွေလည်း ရှိနေပါတယ်။ မည်သို့ပင်ဆိုစေကာမူ ဒီလိုနိုင်ငံတကာ ဖျော်ဖြေပွဲတွေ မြန်မာနိုင်ငံကို လွတ်လပ်ပွင့်လင်းစွာ လာရောက်ဖျော်ဖြေနိုင်တာဟာ နိုင်ငံတော် ဦးသမ္မတဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေးတွေထဲက ဂီတအနုပညာသမားတွေ၊ အနုပညာကို ချစ်မြတ်နိုးတဲ့ ပရိသတ်တွေအတွက် ကောင်းမွန်တဲ့ ပြောင်းလဲလာခြင်း တခုပါပဲ။
နိုင်ငံတကာဂီတဖျော်ဖြေပွဲတွေ လာရောက်ဖျော်ဖြေတဲ့အတွက် မြန်မာ့ဂီတတွေ၊ မြန်မာ့ရိုးရာတွေ၊ အမွေအနှစ်တွေ ပျက်ပြားပျောက်ဆုံးသွားနိုင်တယ်ဆိုတာ ရှေးရိုးဆန်တဲ့ တဖတ်သတ် အဆိုးမြင် မှားယွင်းတဲ့ အတွေးတခုပါပဲ။ ကိုယ့်ရိုးရာ ယဉ်ကျေးမှု ဂီတအမွေအနှစ်တွေကို ထိန်းသိမ်းဆက်ခံဖို့အတွက် မျိုးဆက်သစ်လူငယ်တိုင်းမှာ တာဝန်ရှိသလို လက်ဆင့်ကမ်းပေးရမယ့် လူကြီးတွေမှာလည်း တာဝန် ရှိပါတယ်။ ဒါဟာနိုင်ငံသားတိုင်း တဦးစီရဲ့ ခံယူချက်အပေါ်မူတည်ပြီး အနုပညာဟာ ခေတ်အဆက်ဆက် လက်ဆင့်ကမ်း ထိန်းသိမ်းယူသွားမှာပဲဖြစ်ပါတယ်။
ခေတ်ရေစီးဟာ တသမတ်တည်း စီးဆင်းနေတာ မဟုတ်ပါ။ အနိမ့်အမြင့် အတက်အကျ အကွေ့အကောက် တို့နဲ့အတူ ပြောင်းလဲခြင်းများစွာနဲ့ စီးဆင်းလျက်ရှိနေပါတယ်။ ခေတ်ရေစီးနဲ့အတူ စီးဆင်းစီးမျောနေတဲ့ ခေတ်လူငယ်တွေရဲ့ အကြိုက်ဟာလည်း အခုဆိုရင် နိုင်ငံတကာသီချင်းတွေ၊ နိုင်ငံတကာဂီတတွေကို အရင်ကထက် ပိုပြီးနားထောင်လာ ပိုပြီးအမြင်ကျယ်လာကြပါတယ်။ အနုပညာကိုလည်း ပိုပြီး ချစ်မြတ်နိုးတတ် လာကြပါတယ်။ ခေတ်မီပြီး နည်းပညာမြင့်တဲ့ အနုပညာဖန်တီးမှုတွေကိုလည်း တီထွင် ဖန်တီး လာနိုင်ကြပါပြီ။
ဒါကို သူ့အကြိုက်၊ ကိုယ့်အကြိုက် မတူတာတခုတည်းနဲ့ဲ ဒီလို နိုင်ငံတကာ ဖျော်ဖြေပွဲတွေ လာရောက် ဖျော်ဖြေခြင်းတွေကို အားပေးမှုအပေါ် ရှေးရိုးစွဲအမြင်များနဲ့ တဖတ်သက်ဆန်စွာ မကောင်းမြင်ဝါဒီတွေနဲ့ အစွန်းရောက် ကဲ့ရဲ့ဝေဖန်နေကြဦးမယ်ဆိုရင်တော့ ကျနော်တို့ မြန်မာနိုင်ငံအတွက် ဒီလို ကမ္ဘာကျော် နိုင်ငံတကာ ဖျော်ဖြေပွဲတွေထပ်ပြီး ကျင်းပနိုင်ဖို့ အခွင့်အရေးတွေ အရင်လို ဝေးနေဦးမှာပါပဲ။