ပန်းချီ မောင်မောင်လှမြင့်နှင့် သူ၏ ပန်းချီကားများ (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)
ပန်းချီ မောင်မောင်လှမြင့်၏ တချို့ပန်းချီကားများ၌ လိုင်းများ၏ သွယ်နွဲ့မှုနှင့် ဒီဇိုင်းဆန်ဆန် Composition ကို တွေ့ရသလို၊ တချို့ ပန်းချီကားများသည် Surreal Mood ကို ရစေသည့် ပန်းချီကားများ ဖြစ်သည်ကို တွေ့ရသည်။ အထူးသဖြင့် ရေဆေးလက်ရာများတွင် ချန်လှပ်ရေးဆွဲထားသည့် Tone အားကို အများနှင့် မတူအောင်ရေးဆွဲ တင်ပြနိုင်ခြင်းသည် သူ၏ ထူးခြားသည့် ဖန်တီးမှုပင် ဖြစ်သည်။ သူ့ပန်းချီကားများသည် အရောင်အားကောင်းသည့် မြန်မာရနံ့ပါသော Pattern ပန်းချီကားများဟု ဆိုနိုင်သည်။
“ထုံးစံအတိုင်းပေါ့ဗျာ၊ ကျနော့် ပန်းချီဖြတ်သန်းမှုမှာ အရင်ကတော့ Realism အခြေပြု ရေးခဲ့တာပေါ့။ နောက်တော့ တဖြည်းဖြည်း ကိုယ့်ဖန်တီးမှု ဖြစ်အောင်ကြိုးစားခဲ့ရတယ်။ ကိုယ်ပိုင်ဟန် ကိုယ်ပိုင်တင်ပြမှု ရှိဖို့က ပန်းချီဆရာ တဦး အတွက် လိုအပ်တယ်လေ” ဟု အသက် ၆၈ နှစ်အရွယ်ရှိ ပန်းချီ မောင်မောင်လှမြင့်က ပြောပြသည်။
သူက ရန်ကုန်ဇာတိဖြစ်ပြီး ငယ်စဉ်က TTC ကျောင်း တက်ရောက်သည်။ ထို့နောက် ၁၀ တန်း အောင်ပြီးနောက် ၁၉၆၄ ခုနှစ်တွင် ရန်ကုန် ပန်းချီ ပန်းပုကျောင်း တက်ရောက်ခဲ့သည်။ ပန်းချီရေးဆွဲခြင်း အပြင် ရုပ်ရှင်လောကတွင် ဓာတ်ပုံဆရာ အဖြစ်လည်း ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ လက်ရှိတွင် အချိန်ပြည့် ပန်းချီဆရာအဖြစ် လုပ်ကိုင်လျက် ရှိပြီး တဖက်ကလည်း မြန်မာနိုင်ငံ ပန်းချီပန်းပု အစည်းအရုံး၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသည်။ ၎င်း ဥက္ကဋ္ဌ အဖြစ် စတင်တာဝန်ယူခဲ့သည့် ၂၀၁၂ ခုနှစ်မှစ၍ ငြိမ်သက်အေးခဲနေသည့် အစည်းအရုံးသည် လှုပ်ရှား ပြောင်းလဲ လာသည်ဟု ဆိုနိုင်သည်။
“ဒီအဖွဲ့က ပန်းချီပန်းပု အနုပညာလောက တခုလုံးအတွက် ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်တယ်။ လူတစု အတွက် ဖွဲ့စည်းထား တာ မဟုတ်ပါဘူး။ အနုပညာသမားတိုင်း အတွက်ပါ။ သူတို့ကို ဦးဆောင်ဖို့ဆိုတာ အလွန်မလွယ်ကူတဲ့ ကိစ္စပါ။ အနုပညာ သမားတွေဟာ ကိုယ့်ဖန်တီးမှု အနုပညာကိုပဲ အလေးထားကြ သူတွေဖြစ်ပြီး ကြောက်ရွံ့စိတ်မရှိတဲ့ ခေါင်းမာသူတွေလေ” ဟု သူက ပြောပြသည်။
သူ တာဝန်ယူပြီးနောက် သင်းလုံးကျွတ် ပန်းချီပန်းပု အနုပညာပြပွဲကြီးကို တပ်မတော်ခန်းမတွင် ပြုလုပ်နိုင်ခဲ့ပြီး Myanmar Visual Art Exhibition ပြပွဲကိုလည်း အစည်းအရုံး (ဗဟို) ပြခန်းတွင် လည်းကောင်း စီစဉ်ပြသနိုင်ခဲ့သည်။ ထို့အပြင် Gallery 65 တွင် ပြည်တွင်းပြည်ပ ရေးဆေးပန်းချီ ပညာရှင် ၃၇ ဦးတို့ ပါဝင်ပြသသည့် Myanmar Japan Friendship Watercolor Art Exhibition ကို ဦးဆောင်ကျင်းပခဲ့သည်။
နိုင်ငံတကာ အဆင့်နှင့် မြန်မာပန်းချီ ပညာရှင်များ အကြားက ကွာခြားချက်တချို့ကို သူက ပြောပြခဲ့ပြီး ကမ္ဘာတွင် ရင်ပေါင်တန်းနိုင်ရန် မည်သို့ လုပ်ဆောင်သင့်ကြောင်းလည်း အကြံပေးသည်။ အဓိကက မြန်မာပန်းချီဆရာများ အဆင့်မမီခြင်း မဟုတ်၊ ပံ့ပိုးမှုပိုင်း အားနည်းခြင်းနှင့် ကိုယ့်အားကိုယ်ကိုးကာ ရုန်းကန်နေရခြင်း တို့ကြောင့်သာ။
“ဖန်တီးမှု၊ ကျွမ်းကျင်မှု အပိုင်းမှာ ကျနော်တို့က နောက်မကျပါဘူး။ ကျနော်တို့ဆီက ပန်းချီဆရာတွေလည်း လုပ်နိုင်ကြတာ ပါပဲ။ ဒါပေမယ့် လုပ်ဆောင်နိုင်ခွင့်က ကျနော်တို့ဆီမှာ နည်းနေသေးတယ်လို့ ပြောရမယ်။ အဲဒါကလည်း လွတ်လွတ်လပ်လပ် ရေးဆွဲဖန်တီးခွင့်နဲ့ အဲဒီဖန်တီးမှုအပေါ် အားပေးမှု တွေရှိဖို့လိုပါတယ်။ ပြီးတော့ အဆင့်မီ ပစ္စည်းကောင်း ဆေးကောင်း စက္ကူကောင်းတွေ သုံးစွဲဖို့လည်း လိုတယ်” ဟု သူက သုံးသပ်ပြောဆိုသည်။
သူက “ပန်းချီလောက တိုးတက်ဖို့၊ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်ဖို့ ဆိုတာကတော့ ပန်းချီဆရာတွေ တဦးချင်းစီ အပေါ်မှာပဲ မူတည်တယ်။ တဦးချင်းစီရဲ့ ဖန်တီးမှုနဲ့ အနုပညာမြောက်မှုကသာ အနုပညာကို မြှင့်တင်ပေးနိုင်မှာ ဖြစ်တယ်။ ကိုယ့်ကိုယ်ကိုယ် ပီကာဆိုလောက် အထင်ရှိနေရုံနဲ့ အလုပ်မဖြစ်ဘူး။ တကယ်က ကိုယ့်ရဲ့ရေးဆွဲဖန်တီးမှုကို အလေးထားရမှာ ဖြစ်သလို၊ ကိုယ့်ရဲ့ အရည်အချင်းကိုလည်း အမြဲမြှင့်တင်ကြဖို့ လိုတယ်” ဟု သုံးသပ်ပြသည်။
ယခင်က ဆိုရှယ်လစ်ခေတ် စည်းလုံးရမည်၊ ညီညွတ်ရမည် စသည့် ဦးဆောင်မှု လမ်းညွှန်မှုများ ရှိခဲ့ကြောင်း၊ ယခုခေတ်သည် ဒီမိုကရေစီခေတ်၊ မိမိကိုယ်မိမိ အရည်အချင်း ပြည့်မီအောင်လုပ်မှ ရမည်ဖြစ်ကြောင်း၊ ရပ်တည်နိုင်အောင် ကြိုးစားရမည် ဖြစ်ကြောင်း၊ အစည်းအရုံးအနေနဲ့လည်း အတတ်နိုင်ဆုံး အားပေးလုပ်ဆောင် သွားမည်ဖြစ်ကြောင်း၊ အနုပညာ ပူးပေါင်းဖလှယ်ရေး အစီအစဉ်များ လုပ်ဆောင်မည် ဖြစ်ကြောင်း၊ ဆက်လက်၍ တရုတ်နိုင်ငံ အပါအဝင် အခြားနိုင်ငံများရှိ အနုပညာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး အနုပညာ မျှဝေမှုများ၊ နှီးနှောဖလှယ်ပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပန်းချီ မောင်မောင်လှမြင့်က ဆက်ပြောသည်။
“နိုင်ငံတကာနဲ့ ရင်ပေါင်တန်းဖို့ဆိုရင် … ကိုယ်တိုင်ကလည်း နိုင်ငံတကာ စံအတိုင်း ဖန်တီးမှုရှိဖို့၊ ဘာသာစကား ပြည့်စုံဖို့ တွေလည်း လိုတယ်။ အဲဒီ အတွက်လည်း ပြင်ဆင်ထားကြဖို့ ပါပဲ။ အရင်တုန်းကတောင် ရပ်တည်နိုင်ခဲ့ သေးတယ်။ အခုခေတ်မှာ အခွင့်အလမ်းဆိုတာ အရည်အချင်းနဲ့ တိုက်ရိုက်ဆက်စပ်လာနေပြီ” ဟု သူက ဆိုသည်။
မြန်မာနိုင်ငံ ပန်းချီပန်းပု အစည်းအရုံး (ဗဟို) ကို ၁၉၆၃ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက်နေ့က စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဦးအုန်းလွင်၊ ဦးစံဝင်း၊ ဦးသန့်၊ ဦးဗခင်၊ ဦးမြတ်ကျော်၊ ဦးလှဘော်၊ ဦးဘကြည်၊ ဦးသောင်းဟန်တို့က ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ လက်ရှိတွင် ဥက္ကဋ္ဌ ဦးမောင်မောင်လှမြင့် (ပန်းချီ)၊ ဒုဥက္ကဋ္ဌ ဆြာနွယ် (ပန်းချီ)၊ ဘဏ္ဍာရေးမှူး ဦးကျော်တင့် (ပန်းချီ) တို့က တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။ တနိုင်ငံလုံး၌ အဖွဲ့ဝင်အင်အား ၂၀၃၀ ဦး ရှိကြောင်း၊ မြို့နယ် ၃၃ မြို့နယ်တွင် ပန်းချီပန်းပု အစည်းအရုံးများ ဖွဲ့စည်းနိုင်ခဲ့ပြီး ဆက်လက်တိုးချဲ့ ဖွဲ့စည်းရန် စီစဉ်ထားကြောင်း သိရသည်။