DJ K.C ဟုသိကြသည့် DJ Kieran C Way ၏ မြန်မာနာမည်က ကိုနေမျိုးဖြစ်သည်။ ၁၉၇၇ ခုနှစ်ကထဲက သြစတြေးလျ တွင် နေထိုင်ခဲ့သော်လည်း မြန်မာနိုင်ငံတွင် မွေးဖွားခဲ့သူ ဖြစ်သည်။ ကျွမ်းကျင်သည့် DJ တယောက်ဖြစ်လာပြီးနောက် United DJ Mixing ကျောင်းကို ဖွင့်လှစ်ထားသည်။ ယခုအခါ သူ၏ မွေးရပ်မြေ မြန်မာနိုင်ငံတွင်လည်း ကျောင်းများ ဖွင့်လှစ်နိုင်ရန် မျှော်လင့်နေသော ကိုနေမျိုးကို ဧရာဝတီအင်္ဂလိပ်ပိုင်း သတင်းထောက် ကျော်ဆုမွန်က တွေ့ဆုံ မေးမြန်းခဲ့ပါသည်။
မေး။ ။ ဘာကြောင့် DJ တယောက်အဖြစ် စလုပ်ဖြစ်သွားတာလဲ။
ဖြေ။ ။ ကျနော် တက္ကသိုလ်မှာကတည်းက စလုပ်ခဲ့တာပါ။ ကျနော်က Mixing လုပ်တယ်။ ပါတီပွဲတွေမှာ DJ လုပ်တယ်။ နောက်တော့ ကျနော့်ကို ဖိတ်ခေါ်တဲ့ ပါတီတွေ ပိုပို များလာတယ်။ အဲဒီကနေ တဖြည်းဖြည်းနဲ့ အချိန်ပြည့် DJ ဖြစ်သွားရ တာပါပဲ။
မေး။ ။ DJ ကျောင်းတည်ထောင်ဖို့ ဘယ်အချိန်မှာ ဆုံးဖြတ်ခဲ့တာလဲ။
ဖြေ။ ။ ၁၉၉၂၊ ၁၉၉၃ နဲ့ ၁၉၉၆ ခုနှစ်တွေမှာ သြစတြေးလျ နိုင်ငံက DMC National DJ ပြိုင်ပွဲမှာ အနိုင် ရရှိခဲ့ပြီးတဲ့ နောက် သြစတြေးလျနိုင်ငံမှာ ကျနော် DJ ကျောင်း စဖွင့်ခဲ့ပါတယ်။ ကမ္ဘာ့အဆင့်မှာလည်း နံပါတ် ၅ နေရာ ရခဲ့ပါတယ်။ သူတို့ကို DJ ပညာသင်ပေးဖို့ ကျနော့်ကို လူတော်တော်များများက လာပြောပါတယ်။ ဒါကြောင့် ကျနော် ကျောင်းဖွင့်ရင် ဖြစ်နိုင်တယ်လို့ တွေးမိခဲ့ပါတယ်။ သင်ကြားနည်း အမျိုးမျိုးနဲ့ ၃ နှစ်၊ ၄ နှစ်လောက် အတွေ့အကြုံယူ ကြိုးစား ကြည့်ပြီးတဲ့ နောက် အောင်မြင်မှု ရလာခဲ့ပါတယ်။ ကျနော့်ရဲ့ ကျောင်းသားတွေလည်း ရလဒ်တွေ ကောင်းလာခဲ့ပါတယ်။
မေး။ ။ ဘာကြောင့် မြန်မာနိုင်ငံမှာ DJ ကျောင်း ဖွင့်ချင်ရတာပါလဲ။
ဖြေ။ ။ နှစ်ပေါင်း ၃၀ ကြာပြီးတဲ့နောက် ၂၀၀၇ ခုနှစ်မှာ မြန်မာနိုင်ငံကို ကျနော် ပထမဆုံး ပြန်ရောက်ပါတယ်။ ကျနော် Night Club တချို့ကို သွားလည်တယ်။ ကျောင်းတခု ဖွင့်ဖို့လည်း စိတ်ကူးရလာတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော် မြန်မာ DJ တွေ များများစားစား မတွေ့ရဘူး။ ပြည်တွင်း ဂီတအခန်းကဏ္ဍနဲ့ မြန်မာနိုင်ငံမှာ DJ တွေ ပိုပြီး များလာအောင် ကူညီဖို့ လိုအပ်တယ်လို့လည်း ခံစားရတယ်။ အဲဒီအချိန်က ကျနော် DJ ကျောင်းမဖွင့်ခဲ့ပါဘူး။ ဒါပေမယ့် ကျနော့်မိသားစုနဲ့ မိတ်ဆွေတွေ၊ စပွန်ဆာ ပေးမယ့်သူတွေနဲ့ ဒီမှာ ကျောင်းဖွင့်ဖို့ အစီအစဉ်ပြုလုပ်ခဲ့ပါတယ်။
မနှစ်က ကျနော် တခေါက်ပြန်လာပြီးတော့ သင်္ကြန် ပွဲအတွင်းမှာ DJ လုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာတုန်းကလဲ GTR ကလပ်မှာ DJ လုပ်ဖို့ အတွက်ပြန်လာခဲ့ပါတယ်။ မြန်မာ Hip-Hop ဂီတသမား အများအပြားကိုလည်း စုစည်းပြီးတော့ Hip-Hop နှစ် ၄၀ ပြည့် ဆွေးနွေးပွဲ တခု လုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ပါရမီကောင်းတဲ့ DJ တွေ အများကြီး ရှိတယ်ဆိုတာ တွေ့လိုက်ရတော့ ကျနော် အံ့အားသင့်သွားမိပါတယ်။ သူတို့အတွက် ကျနော် တခုခုလုပ်ပေးချင်တယ်။ ဘာဖြစ်လို့လဲဆို တော့ ကမ္ဘာကြီးက သူတို့နဲ့ နီးကပ်လာပေမယ့် သူတို့က မြန်မာနိုင်ငံ အပြင်ဘက်က အကြောင်းကို မသိကြဘူးလို့ ကျနော် ခံစား ခဲ့ရလို့ပါ။ ဒါကြောင့် မြန်မာနိုင်ငံမှာ DMC DJ Competition ပြိုင်ပွဲတခု လုပ်ပေးဖို့ ကျနော် စိတ်ကူး ရလိုက်တယ်။ ဒါမှလည်း သူတို့တတွေ ကမ္ဘာ့အဆင့်မှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီးတော့ ကမ္ဘာမှာ နေရာရလာမှာ ဖြစ်ပါတယ်။
မေး။ ။ DJ ကျောင်းတွေကို မြန်မာနိုင်ငံမှာ ဘယ်အချိန် ဘယ်နေရာတွေမှာ ဖွင့်မှာပါလဲ။
ဖြေ။ ။ ကျောင်းတွေကို နိုဝင်ဘာလထဲမှာ ဖွင့်ဖို့ ကျနော်တို့ စီစဉ်နေပါတယ်။ နေရာကတော့ ရန်ကုန်နဲ့ မန္တလေးမှာ ဖြစ်ပါ လိမ့်မယ်။
မေး။ ။ ဒီကျောင်းတွေကို ဘယ်သူတွေ တက်ရောက်ခွင့်ရမလဲ။ ကုန်ကျစားရိတ်က ဘယ်လောက်ရှိမလဲ။
ဖြေ။ ။ သင်တန်းကို အသက်အရွယ် မရွေးတက်လို့ရပါတယ်။ သင်တန်းကြေးကတော့ မဆုံးဖြတ်ရသေးပါဘူး။ ဒါပေမယ့် သြစတြေးလျမှာ ကျနော်တို့ သုံးခဲ့တဲ့ အခြေခံပုံစံတွေနဲ့ တူတူလောက်ပဲ ဖြစ်မှာပါ။ သြစတြေးလျနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း ကျနော်တို့ အသုံးပြုခဲ့ပြီး ရလဒ်တွေလည်း ကောင်းခဲ့တဲ့ အခြေခံတွေ အတိုင်းပဲ ကျနော် အသုံးပြုချင် ပါတယ်။ ရန်ကုန်နဲ့ မန္တလေးမှာ ရုံးခန်းတွေရှိတဲ့ Talent & Model က ဒေါ်တင်မိုးလွင်နဲ့ ကျနော်တို့ အတူတူလုပ်သွားမှာ ဖြစ်ပါတယ်။
မေး။ ။ ကျောင်းက ဆင်းသွားပြီးတဲ့နောက် ကျောင်းသားတွေ အောင်မြင်မှု ရရှိလိမ့်မယ်လို့ အာမခံ နိုင်ပါသလား။
ဖြေ။ ။ သင်တန်းပြီးဆုံးတဲ့အခါ သူတို့တွေ United DJ လက်မှတ်ရရှိမှာ ဖြစ်ပါတယ်။ ဒီလက်မှတ်ကို တကမ္ဘာလုံးက အသိအမှတ်ပြုပါတယ်။ အဲဒီနောက် ကျနော်တို့ရဲ့ ပစ္စည်းကိရိယာတွေနဲ့ လေ့ကျင့်ဖို့ သူတို့ကို အချိန်ထပ်ပေးမှာ ဖြစ် ပါတယ်။ သူတို့တွေ အဆင်သင့် ဖြစ်ပြီဆိုရင် ကျနော်တို့က သူတို့တွေကို အတူတကွ စင်မြင့်ဖျော်ဖြေပွဲပြုလုပ်ပေးပြီး အောင်လက်မှတ် ပေးမှာဖြစ်ပါတယ်။
အဲဒီနောက် အတော်ဆုံး ကျောင်းသားကိုရွေးပြီးတော့ သြစတြေးလျမှာ ကျနော်တို့ အလုပ်လုပ်နေတဲ့ Night Club တွေမှာ ဖျော်ဖြေဖို့ ခေါ်သွားပါမယ်။ အဲဒီမှာ ကျနော်တို့ အေဂျင်စီကြီးတခု ရှိပါတယ်။ ဒါကြောင့် ထိပ်တန်းကျောင်းသားကို ကျနော် တို့ တကယ်ကို မြေတောင်မြှောက်ပေး နိုင်မှာပါ။ အခြေခံအားဖြင့် အတော်ဆုံး ကျောင်းသားအတွက် နိုင်ငံခြားမှာ အလုပ်နေရာ တခုရဖို့ ကျနော်တို့ အာမခံနိုင်ပါတယ်။
သြဂုတ်လထုတ် The Irrawaddy Magazine တွင် ပါရှိသော A DJ Mix Things Up ကို နိုင်မင်းသွင် ဆီလျော်အောင် ပြန်ဆိုသည်။