တေးရေး မြင့်မိုးအောင်ဟာ ကွယ်လွန်သူ အနုပညာရှင် ထူးအိမ်သင်ရဲ့ ဂီတ လက်တွဲဖော် မိတ်ဆွေဟောင်း တဦးဖြစ်သလို လာမယ့် သြဂုတ် ၂၃ ရက်နေ့မှာ ရန်ကုန်မြို့က Myanmar Event Park မှာ ကျင်းပပြုလုပ်မယ့် ထူးအိမ်သင် ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့် အမှတ်တရ “ထူးအိမ်သင် လွမ်းခြင်းအားဖြင့် ဂီတဖျော်ဖြေပွဲ” ကို ဦးဆောင် ကူညီ ဆောင်ရွက်နေသူ တဦးလည်း ဖြစ်ပါတယ်။ တေးရေး မြင့်မိုးအောင်ဟာ နာမည်ကြီး တေးသီချင်းပေါင်း မြောက်များစွာကို ရေးခဲ့သူ တဦးဖြစ်ပြီး လက်ရှိမှာတော့ အိပ်မက်ဆုံရာ၊ Melody World စတဲ့ သီချင်းဆိုပြိုင်ပွဲတွေမှာ အကဲဖြတ် ဒိုင်လူကြီးအနေနဲ့ လုပ်ကိုင် နေသူ တဦးလည်း ဖြစ်ပါတယ်။ ၂၃ ရက်နေ့မှာ ကျင်းပမယ့် ထူးအိမ်သင် အမှတ်တရ ရှိုးပွဲနဲ့ ပတ်သက်ပြီး လူငယ် အဆိုတော် တွေကိုပါ ရွေးချယ်သီဆိုစေတဲ့ ကိစ္စကို ထူးအိမ်သင်ရဲ့ ပရိသတ်တွေက Facebook မှာ ဝေဖန်မှုတွေ ရှိနေတာနဲ့ ပတ်သက်ပြီး ဧရာဝတီက တေးရေး မြင့်မိုးအောင်ကို ဧရာဝတီ သတင်းထောက် သီဟတိုးက တွေ့ဆုံ မေးမြန်းထားပါတယ်။
မေး။ ။ ဦးမြင့်မိုးအောင် အနေနဲ့ ထူးအိမ်သင် အမှတ်တရ ဂီတဖျော်ဖြေပွဲမှာ လူငယ် အဆိုတော်တွေ ထည့်ဖြစ်ပုံနဲ့ ပတ်သက်ပြီး ပြောပြပေးပါ။
ဖြေ။ ။ လူငယ်အဆိုတော်တွေ ထည့်တယ်ဆိုတာ ဒီပွဲတပွဲတင် မဟုတ်ဘူး။ အနုပညာ ကိစ္စမှ မဟုတ်ဘူး၊ တနိုင်ငံလုံးရဲ့ ကိစ္စတွေ၊ နေရာတိုင်းမှာ လူငယ်တွေကို ထည့်ချင်တဲ့ စိတ်မှ မရှိရင် ဒါတိုင်းပြည် အနာဂတ်ကို မယုံကြည်တာပဲလေ။ ဂီတမှာလည်း ကျနော်တို့က လူငယ် မျိုးဆက်သစ်တွေကို အများကြီး ကြိုဆိုရမယ့် တာဝန် ကျနော်တို့ အားလုံးမှာ ရှိပါတယ်။ ဒါကြောင့်မို့လို့ ကျနော်ကတော့ အပြည့်အဝ ထောက်ခံတယ်။ ငယ်တဲ့သူတွေ ပါဝင် ဖန်တီးမယ် ဆိုရင်တောင် တကယ်ကို သူတို့က မှတ်မှတ်သားသား လုပ်နိုင်တဲ့သူတွေ၊ သူတို့ အနုပညာ အစွမ်းအစရှိတဲ့သူတွေကို ကျနော်တို့က ကြိုဆိုပေးရမယ်လို့ ယုံကြည်ပါတယ်။
မေး။ ။ ထူးအိမ်သင်ကို အရူးအမူး နှစ်ခြိုက်ခဲ့တဲ့ ပရိသတ်တွေက အခုလို လူငယ် Hip Hop အဆိုတော်တွေ ထူးအိမ်သင်သီချင်းတွေ ပြန်ဆိုတဲ့အခါ သီချင်းတွေ ပျက်သွားမှာ စိုးရိမ်နေကြတယ်။ အဲဒီအပေါ်ကော ဦးမြင့်မိုးအောင် အနေနဲ့ ဘယ်လို ယူဆပါသလဲ။
ဖြေ။ ။ ဒီလိုပါ။ ထူးအိမ်သင်ကိုပဲ ကြိုက်ပြီး ထူးအိမ်သင် ဆိုတာက လွဲပြီးတော့ တခြားဘာကိုမှ လက်မခံနိုင်တဲ့သူတွေ အတွက်လည်း အခွင့်အလမ်း ရှိတာပဲလေ။ ထူးအိမ်သင်သီချင်းတွေ သူ့တကိုယ်တည်း သူ့ဟာသူ နားထောင်ပြီး သူ့စိတ်ကြိုက် လုပ်ခွင့်ရှိတာပဲ။ တခြားသူတွေရဲ့ လုပ်ပိုင်ခွင့်၊ လုပ်ဆောင်ခွင့်တွေကို ဝင်ပြီးတော့ မနှောင့်ယှက် သင့်ဘူးလို့ ကျနော်တော့ ထင်ပါတယ်။ ကိုယ်ကိုယ်တိုင် ထူးအိမ်သင်ကို ကြိုက်ရင်၊ ထူးအိမ်သင်သီချင်းကို ကျနော်တို့က အားလုံးကို မြေမြှုပ်ပစ်လိုက်တာ မဟုတ်ဘူး၊ ပိတ်ပင်ထားတာလည်း မဟုတ်ဘူး၊ ထူးအိမ်သင် သီချင်းကို ထူးအိမ်သင်ပုံစံနဲ့ သူ့အိမ်မှာ နားထောင်နေသလားဆိုရင် တချို့တွေဆို နားထောင်မှာလည်း မဟုတ်ပါဘူး။ ပြောမယ်ဆိုရင်သာ သူတို့ ဝေဖန် ပြောဆို နေကြတာပါ။
မေး။ ။ ဒီ ဖျော်ဖြေပွဲမှာ ထူးထူးခြားခြား ဘယ်လို တင်ဆက်မှုတွေ လုပ်သွားဖို့ရှိပါသလဲ။
ဖြေ။ ။ ထူးထူးခြားခြား ကျနော်တို့ ဘာမှ မလုပ်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီပွဲက ခုနက ပြောသလိုပေါ့၊ ငါ့တပုဒ်က မင်းထက် ပိုကောင်းရမယ် ဆိုပြီး ပြိုင်တဲ့ပွဲလည်း မဟုတ်ဘူး။ ဦးရွှေဂျော်ဂျော် ပြောသလိုပေါ့၊ အမှတ်တရဖြစ်မှု လေးကို အမှတ်တရ ခံစားမှုလေးနဲ့ …၊ ဥပမာ – သူ့သမီးလေး မိကွန်ထော ဆိုရင်လည်း ဆိုမယ်လေ။ ဒါဟာ ကောင်းမယ်လို့ ကျနော်တို့ ဘယ်လို ယူဆလို့ရမလဲ။ ဒါဟာ တနည်းနည်းနဲ့တော့ အားနည်းချက် ကတော့ ရှိမှာပဲ။ သို့သော် အမှတ်တရ ပွဲလေးမှာ အမှတ်တရအလျောက် အားလုံးက လွမ်းဆွတ်ခြင်း၊ တမ်းတခြင်းတွေနဲ့ လုပ်တဲ့ကိစ္စကို နားလည်ပေးသင့် တယ်လို့ ကျနော်က ယူဆတယ်။
မေး။ ။ ထူးအိမ်သင်ကိုချစ်တဲ့ ပရိသတ်တချို့က ဒီလို လူငယ် အဆိုတော်တွေ ပါဝင်သီဆိုတာနဲ့ ပတ်သက်ပြီး လမ်းဘေး အုတ်နံရံ တွေမှာတောင် Graffiti တွေ ရေးဆွဲပြီး သူတို့ ဆန္ဒတွေကို ဖော်ထုတ်ကြတယ်။ အဲဒီအပေါ်ကိုကော ဦးမြင့်မိုးအောင် ဘာပြောချင်ပါသလဲ။
ဖြေ။ ။ လူတွေကတော့ ကိုယ့်ဆန္ဒကိုယ် ပြလို့ရတယ်။ ကိုယ့်လုပ်ပိုင်ခွင့် ဘောင်ထဲကနေ လုပ်ဆောင်ရမှာပေါ့။ ဒီနိုင်ငံမှာ တရားဥပဒေ မဲ့လည်း မဟုတ်ဘူး။ အနုပညာပစ္စည်း တခုကို ထူးအိမ်သင် ကိုယ်တိုင်တောင် သူရှိစဉ်ကတည်းက သူ့ သီချင်းတွေ တခြားလူဆိုတာကို ခွင့်ပြုခဲ့တယ်။ အဲဒါကို အခုအချိန်ကျမှ သူက ထူးအိမ်သင်တောင် မဟုတ်ဘဲနဲ့ ဘာဖြစ်လို့ ကန့်ကွက်ချင်ရ တာလဲ။ ဒီလိုပေါ့။ သူ့ကို ချစ်ခင်လေးစားစိတ် ရှိတယ်ဆိုတာ မှန်ပါတယ်။ ကျနော်လည်း ခုနက ထူးအိမ်သင် အရည်အသွေးတွေ ပြောတယ်ဆိုတာက ဘာဖြစ်လို့ပြောလဲ ဆိုတာ အဲဒီ အရည်အသွေးတွေကို မသိဘဲ လုပ်ချင်တိုင်း လုပ်နေတာ မဟုတ်ဘူး၊ လုပ်ဖော်ကိုင်ဘက်တွေ အားလုံးက သိကြတယ်။ သိပေမယ့် ကောင်းဖို့ကို ပိုပြီးတော့ လုပ်သင့် လုပ်ထိုက်တာလေးကို ကြိုးစားဖန်တီးကြတယ်။ ထူးအိမ်သင် ပစ္စည်းတွေကို ဖျက်ဆီးပစ်တာလည်း မဟုတ်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ထူးအိမ်သင် ပစ္စည်းက သူ့အတိုင်း ရှိမှာပဲလေ။ ထူးအိမ်သင် သီချင်းပေါ်မှာ ဖွင့်ပြီး ကျနော်တို့က ထပ်ပြီး ပေါင်းပြီး တီးတာလည်း မဟုတ်ဘူး၊ ဆိုတာလည်း မဟုတ်ဘူး။ သူ့အပေါ်မှာ Rap တွေ ထည့်တာလည်း မဟုတ်ဘူး။ ထူးအိမ်သင် သီချင်းတွေက သူ့အတိုင်း ရှိပြီးသားပဲ။ အဲဒါတွေကို ထူးအိမ်သင်အတိုင်း ကြိုက်တဲ့သူတွေက ဒီတိုင်း နားထောင်လို့ ရနေတာပဲလေ။
မေး။ ။ အခုသီဆိုမယ့် လူငယ် အဆိုတော်တွေ၊ ဥပမာ – အဆိုတော် ကောင်းကောင်းတို့၊ ဘန်နီဖြိုးတို့က ထူးအိမ်သင် သီချင်းတွေကို Version ပြောင်းပြီး သီဆိုမှာလား။ ဒါမှမဟုတ် ထူးအိမ်သင် မူလ သီဆိုထားတဲ့ အတိုင်းပဲ ဆိုမှာလား။
ဖြေ။ ။ ဒါကတော့ သူတို့ရဲ့ အနုပညာ အခွင့်အရေးပေါ့။ သူတို့က သူတို့ စိတ်ဝင်စားတဲ့ ပုံစံလေးတွေနဲ့ သူတို့ဆိုကြမှာ များပါတယ်။ သူတို့ ဖန်တီးချင်စိတ် ရှိရင်လည်း ဖန်တီးချင်စိတ် ရှိတဲ့အလျောက်၊ မူလ ပုံစံလေးကို နှစ်သက်ရင်လည်း မူလ ပုံစံလေးကို ဆိုမယ့်အလျောက်၊ ဒါက အနုပညာရှင်တွေရဲ့ လွတ်လပ်ခွင့်ပါ။ အနုပညာရှင် တွေက သူတို့ရဲ့အနုပညာကို ဖန်တီးပြီးတော့ အခု ဝေဖန် ပြောဆိုနေကြ သူတွေက သူတို့ ကိုယ်တိုင်တောင် အနုပညာကို အောင်မြင် ပေါက်မြောက် အောင် ဘယ်လောက် လုပ်ထားနိုင်ခဲ့လို့လဲ။ သီချင်းတပုဒ်ကို သူတို့ရေးပြီး ဆိုပြီးတော့ ဘယ်လို အောင်မြင်အောင် လုပ်နိုင်လဲ။ တကယ်ရေး၊ ဆိုပြီး အောင်မြင်ထားတဲ့ သူတွေ၊ အနုပညာ တကယ် ဖန်တီးကြမယ့် သူတွေဘက်ကို ကိုယ်ချင်းစာ နားလည်သင့် ပါတယ်။
မေး။ ။ ဖျော်ဖြေပွဲမှာ လူကြီးပိုင်း အဆိုတော်တွေ အနေနဲ့ကော ဘယ်သူတွေ ပါဝင်သီဆိုမှာလဲ။
ဖြေ။ ။ လူကြီးပိုင်းအနေနဲ့က အများအားဖြင့် ကိုဂျေမောင်မောင် ပါတယ်။ ကိုဇော်ဝင်းထွဋ်ပါတယ်။ နောက် ကိုလေးဖြူတို့ အုပ်စုတွေ ပါကြတယ်။ ဇော်ပိုင်တို့၊ R ဇာနည်တို့၊ စည်သူလွင်တို့ ဒီလိုအဆင့်တွေလည်း ပါကြတယ်။
မေး။ ။ တချို့ ပရိသတ်တွေ သိချင်တာလေး တခုရှိတယ်။ အဲဒါက ထူးအိမ်သင်နဲ့ လုပ်ဖော်ကိုင်ဘက် မိတ်ဆွေ အဆိုတော်တွေဖြစ်တဲ့ အဆိုတော် တချို့ ဒီအမှတ်တရ ဖျော်ဖြေပွဲမှာ ဘာကြောင့် မပါဝင်ရတာလဲ ဆိုတဲ့ မေးခွန်းပါ။
ဖြေ။ ။ ဒီဟာကတော့ ခုနကပြောသလို ကျနော်တို့ ဖျော်ဖြေပွဲကို နှစ်ရက်ခွဲလုပ်ဖို့ စဉ်းစားထားတယ်။ နှစ်ရက် ဆိုရင်တော့ ပါသင့်ပါထိုက်တဲ့ လူတွေ အကုန် ပါနိုင်တာပေါ့။ နှစ်ရက် မလုပ်ဖြစ်တဲ့အခါကျတော့ တရက်တည်း လုပ်ဖြစ်သွားတာ ဆိုတော့ အကန့်အသတ်လို ဖြစ်သွားပါတယ်။ အကန့်အသတ် ဖြစ်သွားတဲ့အခါ မိသားစုကလည်း သူတို့နဲ့ ဆီလျော်ရာ၊ သင့်လျော်ရာ၊ လက်လှမ်းမီရာ ပြောလို့ဆိုလို့ လုပ်နေကျ ပွဲတွေမှာ ပါဝင်နေကျ။ ဘာဖြစ်လို့လဲ ဆိုတော့ ပွဲတပွဲ လုပ်တယ်ဆိုတာ ဒီခေတ်မှာလေ၊ အဲဒီတော့ ဒီခေတ်မှာ ပါနေကျ လူတွေကို ချန်ထားလို့ မရဘူး။ တခါတလေ ဒီခေတ်နဲ့ နည်းနည်းလေး အလှမ်းကွာနေတဲ့ လူတချို့လည်း ကျန်နေကောင်း ကျန်နေနိုင်တာပေါ့။ တခါတလေ ကျနော် မနေ့က ဆိုရင်ပဲ ကြုံတွေ့ရတယ်။ တာရာ ဆိုရင်လည်း သူရေးတဲ့ သီချင်းတွေ ဆိုခဲ့ဖူးတယ်၊ သူလည်း တပည့်တယောက်ပဲ၊ သူ့ကို သေသေချာချာ ထူးအိမ်သင်က သင်ကြားပြသပေးတယ်။ သူဆိုရင်လည်း ဆိုချင်တယ်။ သို့သော် သူသည်လည်း ဂီတလောကမှာ ဝေးကွာနေတဲ့ အခါကျတော့ တကယ်လုပ်တဲ့ အခါမှာ သူပါမလာခဲ့ဘူး။ ဒါမျိုးလေးတွေက လူတိုင်းမှာ ရှိကြပါတယ်။
မေး။ ။ ဖျော်ဖြေပွဲအတွက် လက်မှတ်စောင်ရေ ဘယ်လောက် ရောင်းချသွားနိုင်မယ်လို့ ခန့်မှန်းထားပါသလဲ။
ဖြေ။ ။ ကျနော်ထင်ပါတယ်။ လက်မှတ်စောင်ရေ သုံးထောင် လေးထောင် ပတ်ဝန်းကျင်ကြားလောက် ရောင်းရမယ် ထင်ပါတယ်။ ကျနော်ထင်တာတော့ အဲဒီလောက် ပတ်ဝန်းကျင်တော့ ပရိသတ် လာမယ်ထင်ပါတယ်။ တကယ်လို့ လိုအပ်ခဲ့ရင်လည်း ခုံတွေထပ်ဖြည့်နိုင်ဖို့ ကျနော်တို့ ပွဲစီစဉ်သူတွေနဲ့ တိုင်ပင်ထားပါတယ်။
မေး။ ။ ဦးမြင့်မိုးအောင်နဲ့ အဆိုတော် ထူးအိမ်သင်အကြားက အမှတ်တရတွေ ရှိရင် ပြောပြပေးပါဦး။
ဖြေ။ ။ အမှတ်တရကတော့ ထူးအိမ်သင်က ကိုယ့်ရဲ့ ကျေးဇူးရှင်ပါပဲ။ ဂီတလောကထဲကို သူကဆွဲခေါ်ခဲ့တာပါ။ ပြီးတော့ သူက အရင်ထွက်သွားတဲ့ အခါကျတော့လည်း ခုနက ပြောသလိုပေါ့၊ တချို့ကိစ္စလေးတွေမှာ ကိုယ်က လုပ်ရမယ့် တာဝန် လေးတွေလည်း ရှိပါတယ်။ အဲဒီတော့ တတ်နိုင်သမျှ လုပ်ချင်ပါတယ်။ အဲဒီလိုပဲ ပရိသတ်တွေ ဘက်ကလည်း တတ်နိုင် သမျှ ကိုယ့်ဘက်က အပြုသဘောနဲ့ ကူညီဖို့ ကိစ္စလေးကိုပဲ စဉ်းစားတာ ပိုပြီးတော့ သင့်လျော်မယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ထူးအိမ်သင်နဲ့ ပတ်သက်ပြီးတော့ ထူးအိမ်သင်ရဲ့ သမိုင်းကြောင်း ဒါတွေအားလုံးကို အပြုသဘောနဲ့ ကောင်းအောင် လုပ်ဆောင်ကြရမယ်လို့ ထင်ပါတယ်။
မေး။ ။ ဒီဖျော်ဖြေပွဲကို အခွေထုတ်ဖို့ အစီအစဉ်ရှိမရှိ သိချင်ပါတယ်။
ဖြေ။ ။ လတ်တလော မှာတော့ မစဉ်းစားရသေးပါဘူး။ နောက်ပိုင်းမှာတော့ ရလာတဲ့ အနုပညာ ပစ္စည်းတွေကို ကြည့်ပြီးတော့ လုပ်သင့် လုပ်ထိုက်ရင်လည်း လုပ်ဖြစ်သွားမယ် ထင်ပါတယ်။ လတ်တလော မှာတော့ အစီအစဉ် မရှိသေးပါဘူး။
မေး။ ။ ဖျော်ဖြေပွဲကို ဘယ်က တာဝန်ယူ ဆောင်ရွက်ပါသလဲ။
ဖြေ။ ။ ဒီဖျော်ဖြေပွဲကို သူ့ရဲ့ဇနီး မသွယ်သွယ်ထွေးက အကျိုးအမြတ် ရနိုင်တဲ့ နေရာလေးတွေ လုပ်တဲ့အခါ ပွဲကိစ္စ လည်းရမယ်။ တီဗီလွှင့်တာတွေလည်း ရမယ်ဆိုတဲ့ အတွက်ကြောင့် သူက Forever Blossom ကုမ္ပဏီနဲ့ ညှိနှိုင်းပြီး ဆောင်ရွက်ပါတယ်။
မေး။ ။ ဖျော်ဖြေပွဲကရတဲ့ အကျိုးအမြတ် တွေကိုကော ထူးအိမ်သင် နာမည်နဲ့ ပြန်လှူဒါန်းဖို့ရှိပါသလား။
ဖြေ။ ။ ရတဲ့ အကျိုးအမြတ်တွေရဲ့ ၂၅ ရာခိုင်နှုန်းက လှူဒါန်းမယ်၊ ၂၅ က သူ့အမေ၊ ၂၅ က သူ့သမီး၊ ၂၅ က သူ့ဇနီးဆိုပြီး အဲဒီလို ခွဲဝေမယ်။
မေး။ ။ ထူးအိမ်သင်သီချင်းတွေက အခုချိန်အထိ ပရိသတ်တွေ ရင်ထဲမှာ စွဲကျန်နေတယ်။ ထူးအိမ်သင်ကို ပရိသတ်တွေက မမေ့ကြသေးဘူး။ အဲဒီ အပေါ်ကိုကော ထူးအိမ်သင်ရဲ့ မိတ်ဆွေ တယောက်အနေနဲ့ ဦးမြင့်မိုးအောင်ရဲ့ ပီတိစကား ပြောပေးပါ။
ဖြေ။ ။ ကောင်းပါတယ်။ ထူးအိမ်သင်ကို ကြိုက်နိုင်တာ ကောင်းပါတယ်။ ခုနက ပြောသလိုပေါ့ ထူးအိမ်သင်ကို ကိုယ်တကယ် ကြိုက်နှစ်သက်သလိုပဲ သူတို့ ထူးအိမ်သင် သီချင်းလေးတွေနဲ့ ထပ်ပြီးတော့ သူတို့ဘဝတွေမှာ ပျော်ရွှင်မှုတွေ ရပါစေလို့ ဆုတောင်းပေးပါတယ်။
မေး။ ။ နောက်ဆုံးအနေနဲ့ ဒီပွဲကို လာအားပေးမယ့် ပရိသတ်ကို ပြောချင်တာရှိရင် ပြောပြပေးပါ။
ဖြေ။ ။ ပရိသတ်တွေလည်း ဘာပဲပြောပြော ဒီအချိန်မှာ လူတယောက် တယောက်က တနေရာနဲ့ တနေရာ သွားဖို့ လာဖို့ လွယ်တာ မဟုတ်ဘူး။ ငွေကြေးပိုက်ဆံကို သုံးဖို့ လွယ်တာမဟုတ်ဘူး။ ဘာပဲပြောပြော ထူးအိမ်သင်ကို ချစ်မြတ်နိုးစိတ်နဲ့ လာကြမယ့် ပြုကြမယ့် သူတွေကို ကျေးဇူးတင်တဲ့ အကြောင်း ပြောချင်ပါတယ်။ ။