မြန်မာနိုင်ငံ လူငယ်များအစည်းအရုံးမှ ကျင်းပပြုလုပ်သည့် လူငယ်ရုပ်ရှင်ပွဲတော်တွင် ဆုရခဲ့သည့် ဒါရိုက်တာများကို အစည်းအရုံးဘက်မှ ဆုပေးပွဲကျင်းပပြီး တပတ်အတွင်း ဆုကြေးငွေ ထုတ်ပေးခြင်း မရှိသည့်အတွက် ပြဿနာ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။
လက်ရှိတွင် အဆိုပါ ကိစ္စအတွက် ပြေလည်အောင် ညှိနှိုင်းနေဆဲဟုသိရပြီး ဆုကြေးငွေကို လူငယ်ရုပ်ရှင်ပွဲတော်အား စပွန်ဆာပေးသည့် Parami Energy ကုမ္ပဏီက ဆုရ ဒါရိုက်တာများထံ တိုက်ရိုက် ပေးအပ်သွားမည် ဖြစ်ကြောင်း ဆုရ ဒါရိုက်တာတဦးထံမှ သိရသည်။
“သြဂုတ်လ ၁၂ ရက်နေ့က ဆုပေးပွဲလုပ်တယ်။ အဲဒီနေ့က သတင်းမီဒီယာတွေ အကုန်ပြန်သွားချိန်မှာ လူငယ်အစည်းအရုံး အဖွဲ့ ဥက္ကဋ္ဌ ကိုဇွဲရန်နိုင်က ဆုရဒါရိုက်တာ လေးယောက်ကို ခဏစောင့်ခိုင်းပြီး စကား ပြောတယ်။ စကားပြောတဲ့အချိန်မှာ ဆုကြေးငွေကတော့ ဆုပေးပွဲကို ယူလာဖို့ အခက်အခဲရှိတဲ့အတွက် ၁၃ ရက်နေ့ကနေ တပတ်အတွင်း သူတို့ အစည်းအရုံးမှာ လာရောက် ထုတ်ယူနိုင်တယ်လို့ ပြောတယ်။ ပြောတဲ့အတိုင်း ၁၃ ရက်နေ့ကနေ ကျမတို့ စောင့်ကြည့် ပေမယ့် ဒီနေ့အထိ ဖုန်းတွေဝင်မလာဘူး။ ကျမတို့ ဆက်သွယ်တော့လည်း သူတို့ဘက်က လုံးဝ အဆက်အသွယ် ဖြတ်ထားတယ်။ ဖုန်း ဖြေကြားခြင်းလည်း မရှိဘူး။ ဖုန်းတွေ ပိတ်ထားတယ်” ဟု Vaiolenz Against Violence ရုပ်ရှင်ကားဖြင့် အကောင်းဆုံးမှတ်တမ်း ရုပ်ရှင်ဆုကို ရရှိခဲ့သူ ဒါရိုက်တာ ခင်စုကြည်က ယခုလ ၁၈ ရက်နေ့က ဧရာဝတီသို့ ပြောသည်။
သူက ဆက်လက်ပြီး “အဲဒါကြောင့် ၁၄ ရက်နေ့ကျတော့ ကျမတို့အဖွဲ့ သူတို့ရုံးကို လိုက်သွားတယ်။ အဲဒီမှာ ဥက္ကဋ္ဌ မရှိဘူး။ သူတို့အဖွဲ့ဝင်တွေပဲ ရှိတယ်။ အဲဒါနဲ့ ဥက္ကဋ္ဌနဲ့တွေ့ဖို့ တောင်းဆိုတဲ့အခါ ၁၅ ရက်နေ့မှာ တွေ့တယ်။ အဲဒီမှာ ကျမတို့ အဖွဲ့ဝင် တွေနဲ့ တွေ့ပြီး ရက်တခု သတ်မှတ်လိုက်တယ်ရှင့်။ ဒီ ၁၂ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ တပတ်ပြည့်တဲ့နေ့အထိ စောင့်ကြည့် မယ်ပေါ့။ ၁၉ ရက်နေ့အထိ စောင့်ကြည့်လို့မှ သူတို့ဘက်က မထူးခြားရင် ကျမတို့က သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပြီး သတင်းစာ ရှင်းလင်းပွဲလုပ်မယ်၊ အခုထိတော့ သူတို့ဘက်က မဆက်သွယ်သေးဘူး” ဟု ဆိုသည်။
ပထမဆုံးအကြိမ် လူငယ်ရုပ်ရှင်ပွဲတော်အား ရန်ကုန် Junction Square Shopping Center ၊ Junction Cineplex (1) ရုပ်ရှင်ရုံတွင် တရက်လျင် ပွဲချိန် ၄ ချိန်ခွဲပြီး သြဂုတ်လ ၇ ရက်နေ့နှင့် ၈ ရက်နေ့များတွင် နှစ်ရက်တာ ပြိုင်ပွဲဝင် ဆန်ခါတင်ကား ၂၀ ကို အခမဲ့ ပြသခဲ့ပြီး ဆုပေးပွဲအား တာမွေမြို့နယ် အရှေ့မြင်းပြိုင်ကွင်းလမ်း၊ Sky Star Hotel တွင် နိုင်ငံတကာ လူငယ်များနေ့ဖြစ်သည့် သြဂုတ် ၁၂ ရက်နေ့ နေ့လယ် ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆုကို Vaiolenz Against Violence ဇာတ်ကားဖြင့် အမျိုးသမီး ဒါရိုက်တာ ခင်စုကြည်က ရရှိသွားပြီး အကောင်းဆုံး ဇာတ်လမ်းတိုရုပ်ရှင်ဆုကို Chicken Carry ဇာတ်ကားဖြင့် ဒါရိုက်တာ လွင်ကိုကိုဦး၊ အကောင်းဆုံး အထူးပြုလုပ်ချက် ရုပ်ရှင်ဆုကို Save The World ဇာတ်ကားဖြင့် ဒါရိုက်တာ ဘိုဘို (သစ်ဆန်း)၊ ပရိသတ် မဲပေးမှု အများဆုံးဆုကို ပန်းလှိုင် ရုပ်ရှင်ကားဖြင့် ဒါရိုက်တာ မျိုးမင်းထွေးတို့က အသီးသီး ရရှိခဲ့သည်။
“ကျနော်တို့ဘက်က လိမ်လည် တိမ်းရှောင်နေတာမျိုး လုံးဝ မဟုတ်ပါဘူး။ ဥက္ကဋ္ဌဘက်ကလည်း ဒါရိုက်တာ ခင်စုကြည်ကို ရိုင်းပြစွာ ဆက်ဆံခဲ့တယ် ဆိုတာလည်း မဟုတ်ပါဘူး။ ဒါရိုက်တာခင်စုကြည် ကျနော်တို့ရုံးကို လာတဲ့အခါမှာလည်း ကျနော်တို့ လေးလေးစားစား ဆက်ဆံခဲ့ပါတယ်ခင်ဗျ။ ကျနော်တို့ အစည်းအရုံးဘက်က လူငယ်ရုပ်ရှင်ပွဲတော်ဖွင့်ပွဲနေ့မှာ စပွန်ဆာပေးတဲ့ ကုမ္ပဏီနဲ့ ပြဿနာအနည်းအကျဉ်းရှိခဲ့လို့ ဆုကြေးငွေ ထုတ်ပေးနိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။ ကုမ္ပဏီ ဘက်ကလည်း ကျနော်တို့ကို လက်ရှိမှာ ဆုကြေးငွေ ထုတ်ပေးထားခြင်း မရှိသေးပါဘူး။ ဒါရိုက်တာတွေနဲ့ ၁၉ ရက်နေ့အထိ နောက်ဆုံးရက် သတ်မှတ်ထားတာကြောင့် ၁၉ ရက်နေ့ညနေ မတိုင်ခင် ကျနော်တို့ အမြန်ဆုံးဆက်သွယ် ညှိနှိုင်းသွားမှာပါ။ ဆုကြေးငွေကိုလည်း ကျနော်တို့ မရ ရတဲ့နည်းနဲ့ အဆင်ပြေအောင် ပေးအပ်သွားမှာပါ” ဟု မြန်မာနိုင်ငံ လူငယ် အစည်းအရုံး အထွေထွေအတွင်းရေးမှူး ကိုမြတ်သူက ယခုလ ၁၈ ရက်နေ့တွင် ဧရာဝတီကို ပြောသည်။
ဒါရိုက်တာ ခင်စုကြည်ကမူ “ကျမတို့က ဆုကြေးငွေ စပွန်ဆာပေးတဲ့ ကုမ္ပဏီနဲ့ ချိတ်ကြည့်တယ်။ သူတို့ပြောတာက စပွန်ဆာပေးတဲ့ ကုမ္ပဏီနဲ့ ပြဿနာ အနည်းအကျဉ်းရှိတယ်ပေါ့။ အဲဒါနဲ့ စပွန်ဆာကုမ္ပဏီနဲ့ ကျမတို့ ဒါရိုက်တာတွေနဲ့ တိုက်ရိုက် ချိတ်ကြည့်တဲ့အခါ အဆင်ပြေတယ်ရှင့်။ သူတို့ အစည်းအရုံးနဲ့ စပွန်ဆာ ကုမ္ပဏီကြားမှာ ပြဿနာလေးတွေ ရှိတာကြောင့် စပွန်ဆာကုမ္ပဏီဘက်က ကျမတို့ကို ဆုကြေးငွေ ထုတ်ပေးမယ်လို့ ပြောပါတယ်” ဟု ဆိုသည်။
ဆက်လက်၍ ၎င်းက လူငယ်အစည်းအရုံးအနေဖြင့် ဆုကြေးငွေ ထုတ်ပေးမည်ဟု ဆိုသော်လည်း လက်တွေ့တွင် ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း၊ ထို့ကြောင့် ၎င်းကိုယ်တိုင် စပွန်ဆာ ကုမ္ပဏီနှင့် တိုက်ရိုက် ချိတ်ဆက်ပြီး ဖြေရှင်းခဲ့ရကြောင်း ပြောသည်။
“လူငယ်အစည်းအရုံးဘက်က ဆုကြေးငွေ ထုတ်ပေးနိုင်အောင် လုပ်မယ်ဆိုတာ အပြောသာ ရှိပါတယ်။ စပွန်ဆာ ကုမ္ပဏီနဲ့ ဆက်သွယ်တာလည်း ကျမတယောက်တည်း တောက်လျှောက်လိုက်ပြီး ဖုန်းတွေဆက်တယ်၊ မေးလ်တွေပို့တယ်။ ကျမကိုယ်တိုင် သွားတွေ့လာပြီး ဆုကိစ္စကိုလည်း ကျမကိုယ်တိုင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းခဲ့တယ်။ သူတို့ဘက်က အခုချိန်အထိ ဖုန်းဆက်ခြင်းလည်း မရှိဘူး။ သူတို့ ကိုယ်တိုင်ကလည်း ကုမ္ပဏီဘက်ကို မသွားခဲ့ဘူး။ မသွားခဲ့ဘူးဆိုတာ သူတို့ဘက်က ကုမ္ပဏီဘက်ကို မှားထားတာ၊ ရိုင်းပျစွာ ဆက်ဆံထားတာတွေ အများကြီးရှိတယ်။ အဲဒီအတွက် စပွန်ဆာ ကုမ္ပဏီဘက်ကို သွားရောက်တွေ့ဆုံပြီး တောင်းပန်ခြင်းမျိုးလည်းမရှိဘူး။ အခုထက်ထိ ဥက္ကဋ္ဌကိုယ်တိုင် ကုမ္ပဏီကို သွားတွေ့ခြင်း မရှိတဲ့အတွက်ကြောင့် စပွန်ဆာ ကုမ္ပဏီက သူတို့နဲ့ ဆက်ပြီး အလုပ်လုပ်ဖို့ အစီအစဉ်မရှိတော့ဘဲ၊ ဒါရိုက်တာတွေနဲ့ပဲ ဆက်လက် လုပ်ဆောင်သွားဖို့ စီစဉ်ထားတယ်” ဟု သူက ရှင်းပြသည်။
ဆုရ ဒါရိုက်တာများအား စပွန်ဆာ ကုမ္ပဏီဘက်မှ ဆုကြေးငွေကျပ် သိန်း ၃၀ ထုတ်ပေးသွားမည် ဖြစ်ကာ အကောင်းဆုံး မှတ်တမ်း ရုပ်ရှင်ဆု၊ အကောင်းဆုံး ဇာတ်လမ်းတို ရုပ်ရှင်ဆု၊ အကောင်းဆုံး အထူးပြုလုပ်ချက် ရုပ်ရှင်ဆုနှင့် ပရိသတ် မဲပေးမှုအများဆုံးဆု အစရှိသည့် ဆုရဇာတ်ကား ၄ ကား ရှိသည့်အနက် Parami Energy ကုမ္ပဏီမှ ပရိသတ်များ ရွေးချယ်ပေးခဲ့သည့် လူကြိုက်အများဆုံးဆုကို မပေးတော့ဘဲ ဒိုင်များ ရွေးချယ်ပေးခဲ့သည် ဇာတ်ကား ၃ ကားကိုသာ ဆု ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ဆုရဇာတ်ကားများအား အကဲဖြတ်ရွေးချယ်ပေးခဲ့ကြသည့် ဒိုင်လူကြီးများမှာ အကယ်ဒမီ ဆွေဇင်ထိုက်၊ ၈၈ ကျောင်းသားဟောင်း ဦးဂျင်မီ၊ ဦးဇော်သက်ထွေးနှင့် ဒါရိုက်တာ ကြည်ဖြူသျှင် တို့ ဖြစ်သည်။
“လက်ရှိမှာ ကျနော်တို့ အားလုံးနဲ့ ညှိနှိုင်းနေဆဲ ဖြစ်တဲ့အတွက် ဘာမှပြောလို့မရသေးပါဘူး။ အားလုံး ညှိနှိုင်းပြီးလို့ အဖြေထွက်တဲ့အခါ ကျနော်ပြန်လည် ဖြေကြားပေးပါမယ်” ဟု မြန်မာနိုင်ငံ လူငယ်အစည်းအရုံး ဥက္ကဋ္ဌ ကိုဇွဲရန်နိုင်က ယနေ့ နေ့လယ်က ဧရာဝတီ၏ မေးမြန်းချက်အား ပြန်လည်ဖြေကြားပေးခဲ့သည်။
ယခုလာမည့် သြဂုတ်လ ၂၇ ရက်နေ့တွင် Parami Energy ကုမ္ပဏီဘက်မှ တာဝန်ရှိသူများက ဆူးလေ – ရှန်ဂရီလာ ဟိုတယ်တွင်ပြုလုပ်မည့် ပွဲတပွဲတွင် ဆုပေးပွဲကိုပါ တွဲဖက်ပြုလုပ်သွားမည်ဖြစ်ပြီး ဆုရ ဒါရိုက်တာများအား တိုက်ရိုက် တွေ့ဆုံ ဆုကြေးငွေ ပေးအပ်သွားမည်ဟု ဒါရိုက်တာ ခင်စုကြည်က ယခုလ ၁၉ ရက်နေ့ နေ့လယ်က ဧရာဝတီသို့ ပြောသည်။