SFU

ထူးအိမ်သင် အတွက် ပုသိမ် အလွမ်းပွဲ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.


ပုသိမ်တွင် ကျင်းပသည့် ထူးအိမ်သင် ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့်ပွဲ မြင်ကွင်းများ (ဓာတ်ပုံများ – ဂျေပိုင် / ဧရာဝတီ)

ပြန်လည် ပြောပြချက်များအရဆိုလျင် လွန်ခဲ့သော နှစ် ၃၀ ကျော် ပုသိမ် ဒေသကောလိပ်ထဲက အရိပ်တချို့ကို  အရှင်လတ်လတ် ပြန်မြင်နေရသည်ဟု ကျနော်ခံစားရသည်။ တချို့တလေနှင့် ထူးအိမ်သင်က လွဲလို့ပေါ့။

ကိုအောင်သူ၊ ကိုအောင်အောင်ဌေး၊ ကိုဇော်ဇော်အောင်၊ ကိုကျော်စိန်ထွန်း၊ ကြွက်နီ … ဒီလူတွေအားလုံးက သူတို့ ကျွမ်းကျင်ရာ တူရိယာ ပစ္စည်းတွေနှင့် …။

ဟိုးအရင် ထူးအိမ်သင်ရှိစဉ်ကလို ဘာသာရပ်ဆိုင်ရာ နှုတ်ဆက်ညစာ စားပွဲတခု လက်ခံထားရသလို သီချင်း တိုက်နေကြသည်။ ဝါကျင့်နေသော စာရွက်များပေါ်က ထူးအိမ်သင် လက်ရေးတွေကို ကြည့်ရင်း သူရေးထားခဲ့သည့် တေးသွား ဖွဲ့စည်းမှုတွေအတိုင်း တီးခတ်နိုင်အောင် လေ့ကျင့် နေကြသည်။ ဒီအတွက် လိုအပ်သမျှတွေကို ဖြည့်ဆည်း ပေးနေရသူက ကိုစိုးသောင်း။

“အနှစ် ၃၀ ကွာ … အနှစ် ၃၀ … သူရေးပေးခဲ့တာ၊ ဒီအတိုင်း တီးပါဆိုပြီး …။ ဘယ်သူမှ မတီးခဲ့ကြဘူး။ ငါ့အတွက် ဆိုပြီး ဒရမ် ရိုက်ချက်တွေပါ ထည့်ရေးပေးခဲ့တာ။ မတီးဖြစ်ခဲ့ဘူး။ အဲဒီတုန်းက မတီးတတ်သေးတာလည်း ပါတယ်။ မနက်ဖြန်ည သူရေးပေးခဲ့တဲ့အတိုင်း တီးကြမယ်”

ဒါက ဒရမ်မာ ကြွက်နီရဲ့ စကားလုံးများ။ သူပြသော စာရွက်ကို ကြည့်လိုက်တော့ သေသပ်သော စာလုံးများ သာမက ဂီတ သင်္ကေတတွေကို ဖော်ပြထားသော သူ့လက်ရေးက သီချင်းစာအုပ်ထဲကလိုပင် လှပတိကျနေသည်။ အဲသည့်နောက် ကိုသာထူး၊ ကိုရေချမ်း၊ အလတ်၊ အထွေး၊ ဒီမွန်၊ ကိုစည်သူ၊ ဆီကိုကြီး၊ ကောင်းပြည့်ဟိန်း၊ နန်းအိမ် တို့ကလည်း သူတို့ သီဆိုရမည့် အစီအစဉ်အလိုက် လေ့ကျင့်ကြပြန်သည်။

မနက်ဖြန် …၊ သူတို့အားလုံးမှာ မနက်ဖြန် ရှိနေသည်။ မနက်ဖြန်ဆိုလျှင် ထူးအိမ်သင်အတွက် ၁၀ နှစ်တာ အလွမ်းပြေ ညလေး တညကို အလှဆုံးဖြစ်အောင် ကျင်းပမည်။ ဒါကြောင့် သူတို့မှာ မနက်ဖြန် ရှိနေကြသည်။

၁၆ သြဂုတ် ၂၀၁၄။ နေရာက ပုသိမ်ဟိုတယ်ခန်းမ။ စတင်မည့် အချိန်က ညနေ ၆ နာရီ။

ပုသိမ်မြို့မှာ ကျင်းပခဲ့သည့်ထူးအိမ်သင် ၁၀ နှစ်ပြည့် အလွမ်းပြေပွဲမှာ တီးခတ်သူတွေက သူ့ငယ်သူငယ်ချင်းတွေ၊ အရင်းနှီးဆုံး မိတ်ဆွေတွေ ဖြစ်ရုံသာမက ပုသိမ် ဒေသကောလိပ်ခေတ်က Shore of Peace လို ဂီတဝိုင်း ကလေးမှာ သူနှင့်အတူ လက်တွဲခဲ့ကြသူများ ဖြစ်သည်။ သီဆိုသူတွေကလည်း ရန်ကုန်မှလာကြသော ကော်နီ၊ ဘိုဖြူ၊ ကိုအောင်တို့မှ လွဲ၍ ဟိုးအရင် သူနှင့်အတူ သီဆို တီးခတ်ခဲ့ကြသူများနှင့် သူတို့၏ မျိုးဆက်သစ်များ ဖြစ်သည်။

ထူးအိမ်သင်၏ မိခင်ဖြစ်သူ အပါအဝင် သူ့ဇနီး၊ သူ့သမီးနှင့် ညီအစ်ကိုမောင်နှမ မိသားစုဝင်တွေ အားလုံးကလည်း ပုသိမ် ရောက်နေကြပြီ။ ပုသိမ်ဟိုတယ်မှာ ကျင်းပမည့် ၁၀ နှစ်တာ အလွမ်းပြေ ဂီတပွဲကလေးကို တက်ရောက်ပြီး နောက်တနေ့ မြောင်းမြ ကျောင်းတိုက်မှာ သူ့အတွက် အာရုံဆွမ်းဒါနပြုဖို့ အစီအစဉ်ရှိနေသည်။

ပြောရလျှင် ပုသိမ်မှာ ကျင်းပသော ထူးအိမ်သင်အလွမ်းပြေ ဂီတပွဲကလေးမှာ သူ့မိသားစုဝင်တွေနှင့် သူ့ ငယ်သူငယ်ချင်း ဂီတရောင်းရင်းများ စီစဉ်သည့် ပွဲပင် ဖြစ်သည်။ ဝင်ကြေး မရှိ၊ စပွန်ဆာ မပါ၊ ထူးအိမ်သင်ကို ချစ်သူများ ကိုယ့် စိုက်ထုတ်မှုနှင့်ကိုယ် လွမ်းကြသည့် ပွဲ။ သူ့ဆရာတွေ၊ သူ့ အပေါင်းအသင်း ရောင်းရင်း မိတ်ဆွေတွေ တနေရာတည်း ဆုံနိုင်အောင် ဖိတ်ကြားလွှာ ပို့သည်ကလွဲလို့ ခုံလွတ်နေလျင် မည်သူမဆို ဝင်ထိုင်ပြီး ချစ်ခြင်းအားဖြင့် လွမ်းနိုင်သည့် ပွဲ ဖြစ်ပေသည်။

၁၆ သြဂုတ် ၂၀၁၄

ပုသိမ်မိုးက အညှိုးမရှိ။ ဒါကြောင့်ပင် သူ့အလွမ်းပြေ ပွဲတက်သူတွေက အစီအစဉ် မစတင်မီ ခမ်းမအပြင်မှာ စကားတွေဖောင်ဖွဲ့ … ကင်မရာမီးတွေကို ဇာချဲ့ကြတော့သည်။ ၁၀ နှစ်တာ ကွဲကွာနေသူများ ထူးအိမ်သင်ကြောင့် ပြန်ဆုံကြသည့် ပွဲ။ ပျိုမြစ်ခဲ့သော ကာလများဆီ စကားလုံးတွေနှင့် တံတားခင်းကြရင်း ထူးအိမ်သင်ကို မမေ့နိုင် ဖြစ်နေကြသည်။ အဖြစ်တွေသာမက၊ အနှစ်တွေလည်း ချန်ထားခဲ့သူမို့လွမ်းကြလို့ဖြင့် မကုန်။

ပွဲစပြီ …။

Chamber Music ၊ ပြီးတော့ Roman Guiter ။

Roman Guiter က ထူးအိမ်သင်ကိုယ်တိုင် ဖန်တီးခဲ့သည့် တေးသွားလက်ရာ။ နှုတ်ဆက်ပွဲလို၊ ညစားပွဲလို ဧည့်ပရိသတ် အများအပြားရှိသည့် ခန်းမထဲ ဆူညံခုန်ပေါက်ပြီး ဝင်လာသော ဂီတကို သူက မနှစ်သက်။ ဒါကြောင့်ပင် Roman Guiter ကို သူကိုယ်တိုင် ဖွဲ့စည်းတော့သည်။ ဒီတေးသွားကို ပထမဆုံး တီးခတ်တာက ၁၉၈၃ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့ ည ပုသိမ်ဒေသကောလိပ်က ဓာတုဗေဒမိသားစု နှုတ်ဆက်ညစာစားပွဲမှာ။

ထူးအိမ်သင် ဖြင့်ပင် ထူးအိမ်သင်ကို ဖြတ်သန်းသောအခါ အဝေးရောက်ခဲ့သည့် ကာလလေးတခုကို ချန်လှပ် ထားလို့ မရတော့။ သည်တုန်းက အဖျားအနာ လှပတဲ့ ပဋိပက္ခနှင့် အိမ်လွမ်းစိတ်တို့ အကြား ပွင့်ကျခဲ့တဲ့ စကားလုံးတွေ၊ သံစဉ်တွေ ရှိခဲ့သည်။ နောင် ရန်ကုန် သုဝဏ္ဏ ဘော်ဇင် လမ်းထဲကအိမ်မှာ အချောသပ် လိုက်တော့ ကျနော်တို့ လွမ်းတရသော သီချင်းတပုဒ် ဖြစ်လာတော့သည်။ အမေ့အိမ် … တဲ့။ ထိုညရဲ့ … အဖွင့်သီချင်း။

ပရိသတ်က ခန်းမပြည့်နေသလို ပုသိမ်သူပုသိမ်သားတို့၏ ဂုဏ်ယူဝင့်ကြွားသော မျက်ဝန်းတွေက မီးရောင်တွေထဲ တဖျတ်ဖျတ် လက်နေသည်။ သီဆိုသူတွေကလည်း ပြောစရာမရှိ၊ အနုပညာနှင့် ဂီတအရ ထူးအိမ်သင် အပေါ် တလေးတစား တချိန်လုံး “ထူးအိမ်သင်” နေသူများပင်။ ဆိုတော့ …။

ထူးအိမ်သင်မှာ “အကျဉ်းစံနှလုံးသား” ဆိုသော သီချင်းတပုဒ် ရှိခဲ့ဖူးသည်။ ဒီခေါင်းစဉ်အတိုင်း ပထမဆုံး သီဆိုတာက ကိုရေချမ်း တဖြစ်လဲ အခု ဘီလစ်စာရေးကြီး ဦးမင်းဦး။ ၁၉၈၃ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့ည ပုသိမ်ဒေသကောလိပ်က ဓာတုဗေဒမိသားစု နှုတ်ဆက်ညစာစားပွဲမှာ သီဆိုခဲ့တာ ဖြစ်သည်။ နောက် ထိုသီချင်း အပါအဝင် ၄ ပုဒ်ကို ၁၀၀၀ နှင့် ရောင်းခဲ့ရသည်။

“ကိုအောင်ကျော်ဦး၊ ကိုအောင်တင်ဦး၊ ကိုအောင်မြတ်တို့ကို ရောင်းတာ မှတ်မှတ်ရရ ဒီတုန်းက ရမ် ၁ ပက် ၄ ကျပ် ပြား ၄၀၊ ဘီယာ ၁ ခွက် ၈ ကျပ်၊ ဝီစကီ ၁ ပက် ၅ ကျပ်ခွဲခေတ်၊ ငွေ ၁၂၅၀ ဆိုတာ မနည်းဘူး။ ဒါပေမယ့် အဲဒီသီချင်းတွေက အကြောင်းကြောင်းကြောင့် ပရိသတ်ကြားထဲ ရောက်မလာခဲ့ဘူး။ နောက်တော့ အကျဉ်းစံ နှလုံးသား သီချင်းထဲက … ပန်းကလေးများ မနွမ်းအောင် … မိုးစက်ကလေးများ သွန်းလောင်းလိုက်ပါလား … ဆိုတဲ့ နေရာမှာ အခါလွန်တဲ့မိုးမို့ အညှိုးနဲ့ရွာလို့ ပြင်ရေးရင်းက “အခါလွန်တဲ့မိုး” ဖြစ်သွားတာ”

ဒရမ်မာ ကြွက်နီ (စာရေးဆရာ သိမ်းတင်သား) က ပြန်လည်ပြောပြခြင်း ဖြစ်သည် … ။

အစီအစဉ်က သူ့သီချင်းတွေကို ပြန်ဆိုရုံသာမဟုတ်။ သူတလေးတစားရှိခဲ့သော ဆရာတွေ၊ ချစ်ခြင်းအားဖြင့် ဖွဲ့တည်ခဲ့သော မိတ်ဆွေတွေ၏ အမှတ်တရစကား ပြောဆိုမှုတွေလည်း ပါဝင်သည်။ ပထမဆုံးက သူ့နိုင်ငံရေး ဆရာ ဦးမြင့်စိန်။ ချစ်မှူးကျော် ဟု ကလောင်အမည်ယူထားသည်ကို သျှပ်မှူးကျော်ဟု အပြောင်းခိုင်းသူ ဆရာဦးမြင့်စိန်ကလည်း သူ့အလွမ်းညမှာ အမှတ်တရစကားတွေ ချွေချခဲ့ပေသည်။

နောက်တဦးက ပုသိမ်မြို့က ငြိမ်းချမ်းရေး ကဗျာဆရာ မောင်အောင်ပွင့်။ အမှတ်တရစကား အနည်းငယ်ပြောပြီး ပုသိမ်သား ထူးအိမ်သင်အတွက် ဂုဏ်ပြုကဗျာ ရွတ်ဖတ်သည်။

သည့်နောက် ရန်ကုန်မှလာသော ပန်းချီ ဝလုံး က ထူးအိမ်သင်ရဲ့ မိခင်ဖြစ်သူနှင့် သမီးဖြစ်သူတို့ကို ပန်းချီကား တကားစီ လက်ဆောင်ပေးသည်။ ပုသိမ်သားပန်းချီဆရာ ဇော်မင်းထွဋ်ကလည်း ထို့အတူပင် ပန်းချီကား ၁ ကားစီ အမှတ်တရ လက်ဆောင်ပေးခဲ့သည်။

မိကွန်ထော သီချင်းဆိုတော့ အတော်များများ မျက်ဝန်းတွေ စိုစွတ်သွားကြသည်။ ဖခင်နှင့် သမီးကြား သူတို့ ခံစားမှုတွေ ပြေးလွှားနေကြပြီ။ မိခင်ကြီးကတော့ သီချင်းဆိုနေသော မြေးမလေး မျက်နှာပြင်ပေါ်မှာ သူ့သား အရိပ်တွေကို ပြန်ရှာနေပုံ ရသည်။ ထူးအိမ်သင် ဇနီးကတော့ သမီးဖြစ်သူကို ကြည့် မဝတော့။ သူ့အပြုံးက မီးရောင်တွေထဲ ပိုလို့ လင်းလက်နေသည်။

ချန်လှပ်ထားခဲ့လို့ မရသော သမိုင်းတစကြောင့် အစီအစဉ်တခု ဝင်လာရပြန်သည်။ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF ) ကျောင်းသား တပ်မတော် ဥက္ကဋ္ဌ ရဲဘော်သံခဲရဲ့ အမှတ်တရ စကား။ သူတို့ရဲ့ ထူးအိမ်သင်အပေါ်ထားရှိသော လေးစားမှု ဂုဏ်ယူ အသိအမှတ်ပြုမှုနှင့် ကတိကဝတ်များ … နောက်ဆုံး တောတွင်း တနေရာမှာ ခုံကလေးခေါက်ပြီး ရေးဖွဲ့ပေးခဲ့သော “အရေးကြီးပြီ” သီချင်းအကြောင်းတွေပါသည်။ စကားဆုံးတော့ လက်ခုပ်သံတွေက ခန်းမတွင်းရှိနံရံတွေကို အကြိမ်ကြိမ် တိုးတက်ပစ်ကြသည်။

သီချင်းတွေ ဆက်လက်စီးဆင်းလာပြန်သည်။

၁၉၈၀ ကျော်ကာလအတွင်း ညီအစ်ကိုတမျှ အတူနေထိုင်းရင်းက ခရီးဝေး ထွက်သွားခဲ့သူ တဦးအတွက် ရေးဖွဲ့သော ဂျပ်ဆင်ထိပ်က လရိပ်ပြာ၊ ပြီးတော့ နာရီပေါ်က မျက်ရည်စက်များ။ သီဆိုသူက ပေါက်ပေါက် (မလှမျိုးစု) သိမီသူတွေကတော့ ဟိုတုန်းက အရိပ်တွေကို ပြန်ရနေကြသည်။ စင်နောက်ခံ ဘက်ဂရောင်းက သူ့ နာရီပေါ်မှ မျက်ရည်စက်များ စီးရီးတွင် ပါဝင်ခဲ့သည့် စုံတွဲသီချင်း “ဝေးသွားတဲ့အခါ” တဲ့။ အဲဒီ ဝေးသွားတဲ့အခါကို စီးရီးတွင် ပေါက်ပေါက်နှင့် ထူးအိမ်သင် တွဲဖက် သီဆိုခဲ့သည်။ အခုပွဲမှာတော့ ပေါက်ပေါက်က ထူးအိမ်သင်၏ ညီအလတ် ဒီမွန်နှင့်အတူ ဆိုသည်။ ပရိသတ်များ လွမ်းကြရပြန်သည် …။

ပြီးတော့ ကဗျာဆရာ မင်းထက်မောင်။ မင်းထက်မောင်ကတော့ အမှတ်တရ စကားမဆိုဘဲ ထူးအိမ်သင်နှင့် ပုသိမ် ဒေသကောလိပ်မှာ ဆုံခဲ့ဖူးသူ (ဒီတုန်းက ကဗျာဆရာ အနန္တလှိုင်) အခု အမေရိကရောက် ကဗျာဆရာ အောင်ဝေး ရေးဖွဲ့သည့် ထူးအိမ်သင် အတွက် ကဗျာကို ရွတ်ဖတ်ခဲ့သည်။

တက္ကသိုလ်တွေနှင့် ပတ်သက်လျင် ရန်ကုန်မှာ ကံ့ကော်တော၊ မန္တလေးမှာ ရေနီမြောင်း၊ ပုသိမ်မှာ မြဝါးရုံလို့ အမှတ်သညာပြု ရေးကြပြောကြသည်။ ထူးအိမ်သင်ကတော့ ပုသိမ်ဒေသကောလိပ် – ဒီဂရီကောလိပ် အကြောင်း ရေးဖွဲ့သည့်အခါ သိင်္ဂါရရွာဟု အမည်တပ်ခဲ့သည်။ ကြွက်နီက ထိုသီချင်းကိုဆိုတော့ မီးပူထိုး ထားပြီးစ ဘောင်းဘီကြီးနှင့်။

ရန်ကုန်မှ တကူးတကလာကြသော အဆိုတော် ကော်နီ၊ ကိုအောင် ၊ ဘိုဖြူတို့က တဦးလျင် ၂ ပုဒ်စီ ဆိုကြသည်။ ချစ်ခြင်းအားဖြင့် လာရောက်သီဆိုကြသော သူတို့ကို ပုသိမ်ကလည်း လှိုက်လှိုက်လှဲလှဲပင်။ စက်ပိုင်း ဆိုင်ရာ ချို့ယွင်းချက် ကလေးတွေရှိသဖြင့် သူတို့ကို အားနာနေမိကြသည်။

သည့်နောက်ပိုင်း ချစ်ခြင်းအားဖြင့် လွမ်းကြသော ညလေးတညကို ရင်ဘတ်တွေဖြင့် ရှေ့တိုးခဲ့ကြသည်။ သူ ရေးဖွဲ့ခဲ့သော တေးသွားတွေ၊ စကားလုံးတွေကလည်း ပုသိမ်သားတွေနှင့် အစေးကပ်နေသည်။ စင်ပေါ်မှာ သီဆိုနေသူသာမဟုတ် … ခန်းမထဲက ဧည့်ပရိသတ်တွေရဲ့ သီဆိုမှုကပင် ညီညာပြီး လှိုင်းထနေတော့သည်။ သူ့ဝိဉာဉ်များ ခန်းမထဲ ရောက်နေရော့သလား။

နောက်ဆုံးသီချင်းက ငြိမ်းချမ်းပါစေ …။ ၁၀ နှစ်တာ အလွမ်းပြေညကို တာဝန်ယူခဲ့ကြသောသူများနှင့် ချစ်ခြင်း အားဖြင့် တက်ရောက် လာကြသော ပရိသတ်များ အားလုံး အတူတူ သီဆိုလိုက်သောအခါ တသံတည်း ထွက်လာသည်။ တသံတည်း ထွက်မှလဲ ငြိမ်းချမ်းမှာကိုးလေ …။

ကိုထူးအိမ်သင်

ချစ်ခြင်းမေတ္တာနဲ့ဉာဏ်ပညာအပေါ် အမြော်အမြင်နဲ့ လှပခဲ့သူ ခင်ဗျားရဲ့ အလွမ်းညမှာ အစီအစဉ်တင်ဆက်သူအဖြစ် ကျနော် တာဝန်ယူခဲ့ရတဲ့အတွက် လူဖြစ်နေရတာကို ကျနော် ပိုပြီး မက်မောသွားရပါပြီ။

နေဇော်နိုင်

Did you find apk for android? You can find new Free Android Games and apps.
Loading