အမေရိကန်နိုင်ငံ တက္ကဆက်(Texas) ပြည်နယ် Big Spring အရပ်မှာ နေထိုင်ရင်း သြဂုတ်လ ၂၆ ရက်က ကွယ်လွန်သွားတဲ့ မော် ဒန် ပန်းချီ ဆရာ ပေါ်သိမ်း အမှတ်တရ အနေနဲ့ ဆရာ ပေါ်သိမ်း ရဲ့ I am Cadmium Red လို့ အမည်ပေးထားတဲ့ ပန်းချီပြပွဲအကြောင်း ကိုစိုး(နိုင်မောင်) ရေးထားတဲ့ ဆောင်းပါးကို ပြန်လည် ဖော်ပြ လိုက်ပါတယ်။
အဲဒီပြပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့က သုဝဏ္ဏဘူမိ ပန်းချီ ပြခန်းမှာ ၂၀၁၁ ခုနှစ် သြဂုတ်လ ၂၇ ရက်ကနေ စက်တင်ဘာ ၁၀ ရက် အထိ ကျင်းပခဲ့တာ ဖြစ်ပြီး ဧရာဝတီ မြန်မာပိုင်း အွန်လိုင်းမှာ ၂၀၁၁ ခုနှစ် သြဂုတ် ၃၀ ရက်က ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။
အနုပညာဆိုတာ
စိတ်ကူးရဖို့ ပုံသဏ္ဌာန် ဖြစ်အောင် ဖော်ယူဖို့သာ ဖြစ်တယ်…။
ပစ္စည်းတခုဖြစ်အောင် လုပ်တာ အနုပညာ မဟုတ်…။
လီယိုနာဒို ဒါ ဗင်ချီ(၁၉၄၂ – ၁၅၁၉)
အရောင်တွေ၊ အရုပ်တွေ ၊ အလင်းအမှောင်တွေနဲ့ ဖွဲ့စည်းခင်းကျင်းထားတဲ့ I am Cadmium Red ဆိုတဲ့ ခန်းမထဲကို ရောက်သွား
ရင်ပဲ နားထဲမှာ ဘုရားပုထိုးစေတီတွေရဲ့ ဆည်းလည်း လှုပ်သံတွေ၊ ဦးပဉ္ဇင်းတွေ ကိုရင်ကလေးတွေရဲ့ စာဝါလိုက်သံတွေ၊ ဗုဒ္ဓ ဓမ္မ တရားသံတွေကို စိတ်အာရုံမှာ ခံစားကြားယောင် လာမိတယ်။
အထင်ကရ ပုဂံ မြို့ဟောင်း၊ ယဉ်ကျေးမှု အစဉ်အလာ ကြီးခဲ့တဲ့ မန္တလေး၊ အထက် အညာ၊ အောက်ပြည် အောက်ရွာ က ပဲခူး စတဲ့ မြန်မာ့ မြေပေါ်က ရိုးရာ ယဉ်ကျေးမှုတွေနဲ့ ဘာသာ သာသနာရဲ့ အရိပ်အာဝါသတွေရှိရာ ဘုရား ကျောင်းကန် အရပ်ဒေသတွေဆီ ရောက်သွားအောင် ပန်းချီကားတွေက ခေါ်ဆောင်သွားနေရဲ့။
သူ့ ပန်းချီကားအများစုက ဗုဒ္ဓဝါဒကို အကြောင်းအရာအနေနဲ့ အခြေခံပြီးတော့ ခေတ်ပြိုင်အနုပညာဟန် နဲ့ ပုံဖော်ရေးရင်း မြန်မာ လူမျိုးတွေရဲ့ယဉ်ကျေးမှု ဓလေ့တွေနဲ့ နေ့စဉ်ဘဝတွေလည်း ပါလာရတယ်လို့ မော်ဒန် ပန်းချီဆရာ ပေါ်သိမ်းက ဆိုပါတယ်။
ပန်းချီ ပေါ်သိမ်းက“ပန်းချီရေးတာဟာ ဝိပဿနာအလုပ်၊ မဟာသတိပဌာန် အလုပ်၊ သမထရော ဝိပဿနာ ၂ မျိုးစလုံး ပါသွားတာ”လို့လည်း ပြောပြတယ်။
Crimson spirit(ကြက်သွေးရောင် စိတ်ဝိညာဉ်)လို့ အမည်ပေးထားတဲ့ တကားလုံး ကြက်သွေးရောင်လွှမ်းနေတဲ့စေတီပုံ ပန်းချီကား ကို ကြည့်ပြီး ပြင်သစ်နိုင်ငံသူ အမျိုးသမီးတဦးက“အရောင်သုံးတာ ထူးခြားလို့ ကျမ စိတ်ဝင်စားအောင် ဖမ်းစားနိုင်တယ်”လို့ ပြော ပါတယ်။
မော်ဒန် ပန်းချီဆရာကြီး ဗဂျီအောင်စိုးရဲ့“ပန်းချီ အနှစ်သည် အရောင်ဖြစ်သည်”ဆိုတဲ့ ပြောကြားချက်ကို အမှတ်ရလိုက် မိပါတယ်။
ဒါပေမယ့် ပန်းချီပေါ်သိမ်းကတော့ သူ့မှာ အရောင်အစွဲ၊ ရေးတဲ့ဟန် အသေကိုင်စွဲတာမျိုး မရှိဘူးလို့ ဆိုပါတယ်။
I am Cadmium Redဆိုတာကိုက Primary colour အခြေခံ အဓိကကျတဲ့အရောင်ကို ယူထားပေမယ့် တိကျပြတ်သားတယ်၊ လုပ်တဲ့အလုပ်အပေါ်မှာ သစ္စာရှိတယ်၊ ဖောက်ပြန်ပြောင်းလဲမှုမရှိဘူးဆိုပြီး သူ့ကျင့်ဝတ်သိက္ခာနဲ့ တထပ်တည်းကျအောင် အဓိပ္ပာယ် ဖွင့်ဆိုထားတာလို့လည်း ပန်းချီ ဆရာ ပေါ်သိမ်းက ရှင်းပြတယ်။
မော်ဒန် ပန်းချီဆရာ ပေါ်သိမ်းရဲ့ပန်းချီကားပေါင်း ၃၅ ကား ပါဝင်တဲ့ I am Cadmium Red လို့ အမည်ပေးထားတဲ့ တကိုယ်တော်ပြ ပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့က သုဝဏ္ဏဘူမိ ပန်းချီပြခန်းမှာ ၂၀၁၁ ခုနှစ် သြဂုတ်လ၂၇ ရက်ကနေ စက်တင်ဘာ ၁၀ ရက်အထိ ကျင်း ပ နေတာပါ။
ပန်းချီပေါ်သိမ်းဟာ တကိုယ်တော်ပြပွဲတွေကို ၁၉၇၃ က စခဲ့ပြီး အခုတကြိမ်နဲ့ပါဆိုရင် ၉ ကြိမ်လောက် ရှိပါပြီ။
သုဝဏ္ဏဘူမိ ပြခန်းပိုင်ရှင် မမာမာ က တကိုယ်တော် ပန်းချီပြပွဲတွေကို ထူးခြားတဲ့ ပန်းချီဆရာတွေရဲ့ လက်ရာတွေကိုသာ ရွေးချယ် ကျင်းပတာလို့ ဆိုပါတယ်။
“ကျမ ငယ်ကတည်းက သူ့ မော်ဒန် ပန်းချီတွေကို ကြိုက်ခဲ့တာပါ၊ သူက မြန်မာရိုးရာ အထူးသဖြင့် အညာရဲ့ဓလေ့စရိုက်နဲ့ အငွေ့အသက်တွေကို ရေးတယ်၊ ကျမကိုယ်တိုင်လည်း အဲဒီ အငွေ့အသက်တွေကိုခံစားရလို့ ပြပွဲလုပ်တာ ဖြစ်ပါတယ်”လို့ မမာမာက ပြော ပြပါတယ်။
အခုပြပွဲ က ပန်းချီပေါ်သိမ်းရဲ့လက်ရာတွေမှာ မော်ဒန်ပန်းချီ ကျူဗစ်ဇင်(Cubism) မှန်ကူကွက်လို ရေးနည်း၊ စိတ္တဇပန်းချီ ခေါ် ဒြပ်မဲ့ ပန်းချီနည်း(Abstract)၊ စိတ်ခံစားချက်ကို အရောင်တွေ အလင်းအမှောင်တွေနဲ့ ထုတ်ဖော်ပြတဲ့(Impressionism)နည်း စတဲ့ ရေး နည်း ရေးဟန် အစုံ၊ အရောင်သုံးရာမှာလည်း ပန်းချီ ဆရာကို အရောင် တရောင်တည်းက လွှမ်းမိုးနေတာမျိုး မဟုတ်ဘဲ အရောင် အစုံ သုံးတာတွေ့ရပါတယ်။
ရုပ်ပုံတွေအနေနဲ့လည်း မြန်မာ့ရိုးရာ ကလေးကစားစရာ အရုပ်ပုံတွေ၊ ဆင်ရုပ်တွေကအစ ဘုန်းကြီးကျောင်း၊ လှေ၊ နန်းတော် ဆောင်၊ ကျောက်စာတိုင်၊ မန္တလေး အမရပူရ တောင်သမန် အင်းက ဦးပိန်တံတား၊ စေတီ ပုထိုးတွေအထိ ပန်းချီကားတွေမှာ တွေ့မြင် ရတယ်။
အဲဒီ ပန်းချီကားတွေထဲက I am Burmese လို့ အမည်ပေးထားတဲ့ ကျောက်သင်ပုံး ပုံ ပန်းချီကားလေးကလည်း ထူးခြားနေတာမို့ ပန်းချီဆရာကို မေးမိပါသေးတယ်။
“ကျနော်ကအမေရိကန်မှာ နေပေမယ့် မြန်မာအစစ် ရွှေဘိုသား ၊ ဘယ်နိုင်ငံပဲ ရောက်ရောက် မြန်မာဟာ မြန်မာပါပဲ၊ ဒီ အဓိပ္ပာယ်နဲ့ ရေးထားတဲ့ ကားလေးပါ၊ မြင်တဲ့သူတိုင်းက ကြိုက်ကြတယ်၊ ပန်းချီကားကလည်း ချစ်စရာလေး လေ”လို့ ပန်းချီ ဆရာက ပြန်ရှင်း ပြ ပါတယ်။
မြန်မာ ပန်းချီဆရာတွေရဲ့ လက်ရာတွေအပါအဝင် ပန်းချီကား စုဆောင်းတဲ့ ထိုင်းလူမျိုး ဟိုတယ်ပိုင်ရှင် အမျိုးသားတဦးကလည်း အဲဒီ ကျောက်သင်ပုံး ပုံကားလေးကို ကြိုက်လို့ ဝယ်ချင်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် သူ့အရှေ့မှာ ထိုင်း ဆရာဝန် တဦးက ဝယ် ထားပြီးနှင့်ပြီလို့ သိရပါတယ်။
ပန်းချီပေါ်သိမ်းဟာ လက်ရှိ အမေရိကန်နိုင်ငံမှာ နေထိုင်နေတာ ဖြစ်ပါတယ်၊ မြန်မာနိုင်ငံက ထွက်ခွာခဲ့တာ ၂၆ နှစ်ရှိပြီလို့ ပြောပါတယ်။ ၁၉၇၄ ခုနှစ် က ဖြစ်တဲ့ ဦးသန့် အရေးအခင်းမှာ ဦးသန့် ပုံတူရေးဆွဲမှု၊ အလုပ်သမား အရေးအခင်းနဲ့ဆိုင်တဲ့ ကဗျာစာအုပ် အဖုံး သရုပ်ဖော်ပုံ ရေးဆွဲမှု အပါအဝင် ပန်းချီရေးဆွဲမှုကြောင့် အာဏာပိုင်တွေရဲ့ ဖမ်းဆီးထောင်ချခံရတာ ၄ ကြိမ်ကြုံခဲ့ရဖူးသူ ဖြစ် ပါတယ်။
မြန်မာနိုင်ငံမှာရှိစဉ်က ပန်းချီပေါ်သိမ်းဟာ ရန်ကုန်မြို့ရှိ မော်ဒန် ပန်းပုဆရာ ဆန်နီညိန်းနဲ့ အတူတွဲပြီး ပန်းချီအနုပညာအလုပ်တွေ လုပ်ကိုင်ခဲ့ပါ သေးတယ်။
ပန်းပုဆရာ ဆန်နီညိန်းက“သူက အနုပညာအပေါ်မှာ အရမ်းကိုထက်သန်တဲ့ လူတယောက် ပေါ့၊ ပန်းချီရေးတာလည်း လောဘကြီး တယ်၊ ရေးနည်းတွေကလည်း ကောင်းတယ်၊ နေရာ မရွေးဘူး၊ အကြောင်းအရာ မရွေးဘူး၊ အဲဒါကြောင့် သူဟာ ရေးအားလည်း ကောင်းတယ်၊ ဖန်တီးအားလည်း ကောင်းတယ်၊ အနုပညာလည်း လောဘကြီးတဲ့ လူ တယောက်အနေနဲ့ ကျနော် မြင်ပါတယ်”လို့ ပန်းချီ ပေါ်သိမ်းကို မှတ်ချက် ပေးပါတယ်။
ပန်းချီပေါ်သိမ်းနဲ့ ပန်းပုဆရာ ဆန်နီညိန်းတို့ ၂ ဦးဟာ ၁၉၇၅ ခုနှစ်လောက်က ရန်ကုန်မှာ Peacock Gallery (ဥဒေါင်းမင်း ပန်းချီပြ ခန်း)ဖွင့်ပြီး အတူ လုပ်ကိုင်ခဲ့ကြတဲ့ ရင်းနှီးသူတွေဖြစ်ပါတယ်။
၁၉၉၁ ခုနှစ်လောက်က ပန်းချီပေါ်သိမ်း ဟာ ဒေါ်အောင်ဆန်းစုကြည် ရေးတဲ့ “ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး”စာအုပ် မျက်နှာဖုံးကိုလည်း ရေးဆွဲပေးခဲ့ပါတယ်။ အဲဒီ စာအုပ်ဟာ အဂတိ တရား လေးပါးကနေ လွတ်ကင်းရေးကို အဓိက ရေးတဲ့ စာအုပ် ဖြစ်ပါတယ်။
ပန်းချီ ပေါ်သိမ်းရဲ့ပန်းချီကားတွေထဲမှာလည်း Bhava in Sasana(သာသနာထဲက ဘဝ)လို့ အမည်ပေးထားတဲ့ ပန်းချီကား တကား ကိုတွေ့ရပါတယ်။ အဲဒီကားက ကမ်းစပ်မှာ ဆိုက်ကပ်ထားတဲ့ လှေပုံတွေကို အဖြူအမည်းနဲ့ ဆွဲထားတာပါ။ လှေတစီးရဲ့ ရွက်ကြိုး မှာတော့ သာသနာ့ အလံ ကို ချိတ် ထားပါတယ်။
ဘ၀ သံသရာက လွတ်မြောက်ရာ အေးငြိမ်းရာကို သယ်ဆောင်သွားမယ့် နိဗ္ဗာန် ကူးတို့ လှေပုံလို့ တွေးယူလို့ ရနိုင်မယ် ထင်ပါတယ်။ လူတွေဟာ အေးငြိမ်းသော သန္တပုဂ္ဂိုလ် ဖြစ်လိုကြတယ် မဟုတ်ပါလား။
အဲဒီလို မြန်မာ့ ယဉ်ကျေးမှု ဓလေ့စရိုက်ပန်းချီတွေ ရေးဆွဲရင်းနဲ့ စိတ်ထိခိုက်ရတယ်လို့လည်း ပန်းချီ ပေါ်သိမ်းက ပြောပြပါသေး တယ်။
“ကျနော် အခုရေးတဲ့ ပန်းချီကားတိုင်း တကားဆွဲတိုင်း တခါ ငို ဆိုသလိုပါပဲ၊ ၃၅ ကားဆိုတော့ ၃၅ ခါ ငိုရပါတယ်၊ ကျနော် မြန်မာ ကို ချစ်တယ်၊ ဒါပေမယ့် မပြန်ချင်သေးဘူး၊ ကျနော် မပြန်နိုင်သေးဘူးလေ…”လို့ သူက ဆိုပါတယ်။
သူဟာ အခု နေ့စဉ်လို ဗုဒ္ဓ ဓမ္မ တွေကို လေ့လာကျင့်ကြံတာရယ်၊ ပန်းချီ အနုပညာ အလုပ်ရယ် ကို အဓိကလုပ် နေရင်းက ရှေ့ကို မျှော်လင့်တာတွေ၊ လိုချင်တောင့်တမှု ဆန္ဒ အစွဲတွေ လျော့လာတယ်လို့လည်း ပန်းချီပေါ်သိမ်း က ပြောပြသွားပါတယ်။
အဲဒီလို ပန်းချီဆရာရဲ့ ပန်းချီကားတွေနဲ့ နှုတ်ဆက်ခွဲခွာပြီးချိန်မှာတော့ ဗြီတိသျှ ကဗျာဆရာ ရုဒ်ယာ့ဒ် ကစ်ပလင်း ရေးတဲ့ IF ကဗျာထဲက အပိုင်းအစ တချို့ အတွေးထဲကို ရောက်လာ ပါတော့တယ်။
အကယ်၍…
စိတ်ကူး အိပ်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေဘဲ စိတ်ကူးနိုင်မယ် ဆိုရင်…..။ ။