နော်ဝေနိုင်ငံတွင် လာရောက်ဖျော်ဖြေသည့် Me N Ma Girl Band (ဓာတ်ပုံ – ထက်အောင်ကျော်)
Me N Ma သို့မဟုတ် Tiger Girls လို့ လူသိများတဲ့ မြန်မာအမျိုးသမီး တေးဂီတအဖွဲ့ နော်ဝေနိုင်ငံ အော်စလိုမြို့ ဝန်းကျင်မှာ သီချင်းလာဆိုဖို့ ရှိတယ်ဆိုတဲ့ ဖိတ်စာကိုရတော့ အဲဒီပွဲကိုသွားဖို့ လိုမလို အရင်ဆုံး စဉ်းရပါတယ်။ ဘာကြောင့်လဲဆိုရင် အသက် ၄၀ ကနေ အထက် နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးတက်ကြွသူ တွေနဲ့သာ နှစ် ၂၀ ကျော်လုံးလုံး တွေ့ဆုံ သတင်းလုပ်လာခဲ့တဲ့ ကျနော်ဟာ ဒီလို အသက် ၂၀ ဝန်းကျင် မိန်းကလေး အဆိုတော် တွေနဲ့ တခါမှ တွေ့ဆုံစကားမပြောဖူးပါ။
တနည်းအားဖြင့် ပြောမယ်ဆိုရင်တော့ ပြည်ပရောက် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းနဲ့ ဝန်ကြီး အဖွဲ့ဝင်တွေသာ အလာများခဲ့တဲ့နိုင်ငံ၊ လွန်ခဲ့တဲ့ နှစ်ပိုင်းကစပြီး သမ္မတဦးသိန်းစိန်နဲ့ အစိုးရ ဝန်ကြီးတွေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေသာ လာရောက်လေ့ရှိတဲ့ နိုဗဲလ် ငြိမ်းချမ်းရေးဆုပေးတဲ့ နိုင်ငံတနိုင်ငံဆီ အခုလို အမျိုးသမီးဂီတအဖွဲ့တဖွဲ့ ရောက်လာခြင်းက ထူးခြားနေပါတယ်။
နောက်ဆုံးတော့ ဘာဖြစ်ဖြစ် ”သွားကြည့်မှ သိရမှာပေါ့လေ” ဆိုတဲ့သတင်းသမားထုံံးကို နှလုံးမူရင်း အော်စလိုနဲ့ ၁၅ ကီလိုမီတာလောက် ဝေးတဲ့ ဆန်ဗီကာ (Sandvika) မြို့ကလေးဆီ သြဂုတ်လ ၂၉ ရက် ညနေ ၆ နာရီ ကျော်ကျော်လေးမှာ ကျနော်ရောက်သွားပါတယ်။ သူတို့အဖွဲ့အကြောင်း မှတ်တမ်း ရုပ်-သံ (Documentary Film) ပြမယ့် နေရာလို့ကြော်ငြာထားတဲ့ ကမ်းခြေမြို့ကလေးရဲ့ ရေလက်ကြားဘေးနားက Musikkflekken ခန်းမဆီ ကျနော်ရောက်ချိန်မှာ ပရိသတ်ကသိပ်မရှိသေးပါဘူး။
သြဂုတ်လကုန်ဆိုတော့ နော်ဝေရာသီဥတုက နွေကနေ ဆောင်းဦးကာလဆီ ပြောင်းစပြုနေပြီ၊ ရေလက်ကြား တလျောက် သစ်ပင်တွေပေါ်က သစ်ရွက်တချို့ အဝါရောင်သမ်းစပြုနေပါပြီ။ ကံကောင်းထောက်မစွာနဲ့ ဒီနေ့ မိုးမရွာဘဲ နေသာနေတဲ့အတွက် လူအတော်များများက ရုံထဲမဝင်ဘဲ အပြင်ကခုံတန်းနဲ့ ရေပြင်ပေါ်က ဖောင်ပေါ် စားသောက်ဆိုင်မှာ ထိုင်ပြီး ကုန်ဆုံးတော့မယ့် နွေရဲ့ အရသာကို ခံစားနိုင်ဖို့သာ ဆန္ဒ စောနေကြတာ တွေ့ရပါတယ်။
ဥရောပ မြောက်ပိုင်းက မြို့ငယ်လေးတခုရဲ့ သဘာဝအလှကို ငေးမောပြီး ရုံထဲဝင်လိုက်တော့ မှတ်တမ်း ရုပ်ရှင်က ၇၅ မိနစ်တောင် ကြာမယ်တဲ့။ ကျနော်က သူတို့အကြောင်း မိတ်ဆက်တဲ့ ရုပ်-သံ မှတ်တမ်းတို လေး ၁၀ မိနစ်လောက် ပြမယ်လို့ပဲ ထင်ထားခဲ့တာ။ တနာရီကျော်တောင် ကြာမယ်ဆိုတော့ ပျင်းစရာကြီး။ ဒါနဲ့ ကျနော့် ဘေးနားက ခုံမှာထိုင်နေတဲ့ နော်ဝေနိုင်ငံသားတဦးနဲ့ စကားစမြည် ပြောဖြစ်ခဲ့ပါတယ်။
”အပြောင်းအလဲ တွေကတော့ တဖြည်းဖြည်းချင်း ဖြစ်လာမှာပါ။ ကျနော်ကတော့ မြန်မာလူငယ်တွေ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ဝန်ဆောင်မှု ကျွမ်းကျင်လာအောင် ရန်ကုန်နဲ့ မန္တလေးမှာ သင်တန်းတွေ ပေးနေပါတယ်” လို့ အဲဒီပုဂ္ဂိုလ်က ပြောပါတယ်။
အင်း ဒါလဲ အပြောင်းအလဲ တခုပါပဲ။ ဘာကြောင့်လဲဆိုရင် အရင်က ကျနော်တက်ဖူးခဲ့သမျှ မြန်မာနိုင်ငံဆိုင်ရာ အခမ်းအနားတွေမှာ ဒီလိုစီးပွားရေးသမားတွေကို မတွေ့ဘူး။ နိုင်ငံရေးသမားတွေ၊ လူ့အခွင့်အရေး လှုပ်ရှား သူတွေ၊ NGO ဝန်ထမ်းတွေကိုသာ တွေ့ခဲ့ဖူးလို့ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ ပြီးခဲ့တဲ့ ၈ လေးလုံး ၂၆ နှစ်ပွဲတုန်းက မိတ်ဆွေတဦး ပြောဖူးတဲ့ နော်ဝေးတွေရဲ့ စိတ်နေ သဘောထား ပြောင်းလဲသွားပုံအကြောင်း ခေါင်းထဲဝင်လာလို့ တယောက်တည်း ပြုံးမိပါသေးတယ်။
”နော်ဝေမိတ်ဆွေနဲ့တွေ့ရင် အကျယ်ချုပ်ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် အခြေအနေ၊ နိုင်ငံရေး အကျဉ်းသား အခြေအနေတွေကို မေးလေ့ရှိပါတယ်။ အခုတော့ အဲဒီလို မဟုတ်တော့ဘူး။ မြန်မာနိုင်ငံက ဘယ်နေရာတွေကို သွားလည်ရင် ကောင်းမလဲဆိုပြီးသာ မေးတော့တယ်” လို့ အဲဒီပုဂ္ဂိုလ်က ဆိုပါတယ်။
ဒါကိုကော ပြောင်းလဲခြင်းတခုလို့ ဆိုသင့်ပါသလား။ မြန်မာ့နိုင်ငံရေးအခြေအနေ တကယ့်ပြောင်းမပြောင်း မသေချာလှသေးပေမယ့် နိုင်ငံတကာရဲ့ မြန်မာနိုင်ငံအပေါ်သဘောထားကတော့ အတော့်ကိုပြောင်းလဲ သွားခဲ့ပါပြီ။ ဒီလိုတွေးလို့ကောင်းတုန်း မှတ်တမ်း ရုပ်ရှင်က စပြတဲ့အတွက် အတွေးစ ပြတ်သွားပါတယ်။ ဆယ်ကျော်သက် ကောင်မလေးတွေအကြောင်း ရိုက်ထားတဲ့ ရုပ်-သံ မှတ်တမ်းက ဘာများထူးမှာလဲဆိုပြီး ထင်ထားပေမယ့် တကယ်တန်းကြည့်လိုက်ရတဲ့ အခါမှာတော့ Tiger Girls ၅ ဦးအကြောင်း မိတ်ဆက် သက်သက် မဟုတ်။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲလွန် မြန်မာ့နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး အခြေနေကို ၂ နှစ်နီးပါးအချိန်ယူ ရိုက်ကူးထားတဲ့ တကယ့်မှတ်တမ်းကြီး ဖြစ်နေပါတယ်။
ပြီးတော့ ရိုက်ကူးသူ၊ ထုတ်လုပ်သူတွေက သြစတေးလျက ပုဂ္ဂိုလ်တွေဆိုတော့ ရိုက်ကွက်တွေ၊ ကင်မရာ အယူအဆတွေ၊ မြန်မာလူမှုဘဝရဲ့ တကယ့်သရုပ်မှန်တွေ၊ ပေးချင်တဲ့ သတင်းစကားတွေက တကယ့်ကို ပေါ်လွင်လှပါတယ်။ မြန်မာ့သင်္ကြန်ပွဲတခုမှာ ကောင်မလေး ၅ ဦး သီချင်းဆို ဖျော်ဖြေနေပုံနဲ့ ဇာတ်အိမ်ကို စထားပြီး တဦးချင်းစီရဲ့ မိသားစုဘ၀ အခက်အခဲတွေ၊ လမ်းဘေးဈေးတခုမှာ ဝက်ခေါင်းသုပ် ရောင်းနေရတဲ့ အဆိုတော် မိသားစု အခြေအနေ၊ ဗွက်တွေထ၊ အမှိုက်တွေပွ ဖြစ်နေတဲ့ ရန်ကုန်ပျံကျ ဈေးတန်းမြင်ကွင်း၊ ပြုပြင်ထိမ်းသိမ်းမှု အားနည်းလွန်းလို့ ညစ်ထေး ပေရေနေတဲ့ ရန်ကုန်က တိုက်တန်းတွေ … စတာတွေက ကြည့်ရသူ ပရိသတ်ကိုယ်တိုင် ရန်ကုန်လမ်းကြားတွေထဲ ရောက်သွားသလို ခံစားရပါတယ်။
ဒီလို ဘဝကြမ်းကြမ်းနဲ့ ဗိုင်းကောင်းကျောက်ဖိ ဆိုတဲ့ အစဉ်အလာအောက်မှာ နေလာခဲ့ရတဲ့ ဆယ်ကျော်သက် မိန်းကလေး တစုက နိုင်ငံခြားသူတဦးနဲ့တွဲပြီး အင်္ဂလိပ် ဘာသာနဲ့ သီချင်းဆိုဖို့၊ နိုင်ငံတကာဆီ ထိုးဖောက်ဖို့ ကြိုးစားမှုမျိုးဟာ အရင်ကမကြားဖူး၊ မရှိဖူးတဲ့ ဇာတ်အိမ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် ဒါတွေဟာ အခုမြန်မာနိုင်ငံမှာ တကယ်ဖြစ်နေပါပြီ။ ဒီအဖွဲ့ကို ဟောလိဝုဒ်က နိုင်ငံတကာအဆင့်မီ အသံသွင်း ကုမ္ပဏီတခုက ဖိတ်ခေါ်ပြီး စာချုပ်ချုပ်လိုက်တဲ့ အတွက် Tiger Girls ၅ ဦးကို ပြည်တွင်းမှာတင်မက ပြည်ပမှာပါ အတော်လူသိများနေပါပြီ။
ဒါပေမယ့် အော်စလိုဝန်းကျင်က မြန်မာ အသိုင်းအဝန်းကတော့ ဒီပဲွဲဆီ သိပ်မလာကြပါဘူး။ အားလုံးပေါင်းမှ မြန်မာပရိသတ် ၁၀ ဦးလောက်ပဲ ရှိတာကိုတွေ့ရပါတယ်။ ဘာကြောင့်လဲ။ နိုင်ငံရေး ပဋိပက္ခနဲ့ဆက်စပ်ပြီး နော်ဝေကို ရောက်လာကြသူတွေများလို့ နိုင်ငံရေးမပါတဲ့ ဒီလို သီချင်းဆိုပွဲသက်သက်ကို လာမကြည့်ချင်ကြတာ များလား။ ဆန်ဗီကာမြို့ နှစ်ပတ်လည် ယဉ်ကျေးမှုပွဲရဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တွေကကော မြန်မာနိုင်ငံမှာ ဂီတအဖွဲ့များစွာ ရှိတဲ့ အထဲကမှ ဘယ်လိုစိတ်ကူးတွေနဲ့ Me N Ma အဖွဲ့ကိုမှ အခုလို ရွေးဖိတ်ခဲ့တာလဲ။
”ဒီပွဲတော်မှာ နိုင်ငံတကာ ယဉ်ကျေးမှုကိုထည့်ဖို့ ကျနော်တို့ကြိုးစားနေတာ တနှစ်လောက်ရှိနေပါပြီ။ မြန်မာနိုင်ငံ အတွက်ကတော့ တိုက်တိုက်ဆိုင်ဆိုင် အခု ခင်ဗျားကြည့်ခဲ့တဲ့ မှတ်တန်းရုပ်ရှင်ကို ဒိန်းမတ် TV လိုင်းတခုမှာ ကြည့်မိရာကနေ အခုလို ရွေးချယ်ဖို့ဖြစ်လာတာပါ” လို့ ပွဲစီစဉ်သူ Frode Valland ကပြောပါတယ်။
ပြီးတော့ ဒီပွဲကိုကျင်းပလာတာ ၉ နှစ်ရှိပြေီဖြစ်ပြီး ဒီနှစ်ကျမှ မြန်မာနိုင်ငံက အဖွဲ့တခုကို ပထမဆုံး အကြိမ် ဖိတ်ခေါ်ခြင်း ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။ အခုပြတဲ့ မှတ်တမ်း ရုပ်-သံကို လာမယ့် အောက်တိုဘာလ ကျရင် နော်ဝေ TV လိုင်းတွေမှာ ပြသဖို့ရှိတယ်လို့လည်း သူက ပြောပြခဲ့ပါတယ်။
အဲဒီနောက်မှာတော့ Me N Ma အဖွဲ့ဝင် ၄ ဦးနဲ့ တွေ့ခွင့်ရပါတယ်။ ”ဟ … မှတ်တန်းရုပ်ရှင်ထဲကပုံနဲ့ အပြင်က ပုံတွေကလည်း သိပ်မတူပါလား” ဆိုပြီး ကျနော်က နောက်မိပါတယ်။ တကယ်က ကျနော့်မျက်စိမှားတာ မဟုတ်၊ အခု တွေ့နေရတဲ့ အသက် ၂၀ ဝန်းကျင်သာရှိသေးတဲ့ မိန်းကလေး ၂ ဦးက ခုနက မှတ်တမ်းထဲမှာ မပါဘူးလို့ သိရပါတယ်။ အရင် ၅ ဦးထဲက ကီမီနဲ့ အမွန်းပဲ ကျန်ပြီး အခု အသစ် ၂ ဦး ဖြစ်တဲ့ မွိုင်းမွိုင်းနဲ့ ယိုးယိုကို ထပ်ထည့်ထားတာလို့ သူတို့က ရှင်းပြပါတယ်။ အင်း အနုပညာလောက မှာလည်း နိုင်ငံရေးလောက လိုပဲ အကွဲအပြဲနဲ့ မကင်းပါလားလို့ စဉ်းစားရင်း ပြုံးမိပါသေးတယ်။
ဒီနေ့မြန်မာ့ဂီတ လောကအခြေနေက ဘယ်လိုရှိလဲ၊ မြန်မာနိုင်ငံကလာတဲ့ ဂီတအဖွဲ့ဆိုတော့ ဆိုင်းဝိုင်းတွေ၊ ထိုင်မသိမ်းအင်္ကျီတွေနဲ့များ ကြည့်ရမလားလို့ ဆိုပြီး ကျနော်ကမေးတော့ သူတို့က ရယ်နေပြီး အဲဒီမေးခွန်းကို မဖြေတတ်ဘူးလို့ တဦးကဆိုပါတယ်။ လူဟောင်းတွေဖြစ်တဲ့ ကီမီနဲ့ အမွန်းတို့ကို အသေအချာ မေးကြည့်တော့ ဒီပွဲဟာ သူတို့ရဲ့ ပထမဆုံး ဥရောပခရီးစဉ်ဖြစ်ပြီး အမေရိကားမှာဆိုရင် လော့စ်အိန်ဂျလိစ်နဲ့ နယူးယောက်၊ အာရှမှာ ဆိုရင် ဘန်ကောက်၊ စင်ကာပူ၊ ဟောင်ကောင်တွေမှာ ဖျော်ဖြေပြီးပြီလို့ သိရပါတယ်။
ဒီညအတွက်တော့ သီချင်းဆိုဖို့မရှိဘဲ မနက်ဖြန် စနေညနေမှာ တပွဲဆိုမယ်၊ ပြီးရင် စက်တင်ဘာ ၁၃ ရက် နေ့ကျမှ တခါဆိုမယ်။ နိုင်ငံခြားပွဲတွေ၊ ပြည်တွင်းပွဲတွေ အားလုံးအတွက် လော့စ်အိန်ဂျလိစ်က ထုတ်လုပ်သူက အားလုံး တာဝန်ယူ စီစဉ်ပေးတယ်၊ ဂီတအလုပ်ကို အသက်မွေးဝမ်းကျောင်း အလုပ်တခုအဖြစ် သဘောထားပြီး အချိန်ပြည့် ဆောင်ရွက်နေတယ်လို့ အမွန်းက ပြောပါတယ်။
စကားပြောခွင့်သာရပြီး သူတို့သီချင်းဆိုတာကို ကြည့်ခွင့်မရ ဖြစ်ခဲ့တဲ့ကျနော်ဟာ စနေညနေပိုင်း သီချင်းဆိုပွဲအမီ ဆန်ဗီကာဆီ တခေါက် ပြန်လာရပါသေးတယ်။ မနေ့က သောကြာဆိုတော့ လူတွေအလုပ် မအားလို့ သိပ်မလာ ကြတာ ဖြစ်မယ်။ ဒီနေ့တော့ မြန်မာပရိသတ် အတော်များလိမ့်မယ်လို့ ထင်ထားခဲ့ ပေမယ့် မနေ့ကဦးရေထက် သိပ်မပိုပါဘူး။ ဒီနေ့ မိုးရွာနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
နောက်တချက် ကတော့ ရှေ့မှာ တင်ပြခဲ့သလို နိုင်ငံရေး နောက်ခံအခြေနေကြောင့် နော်ဝေးကို ရောက်လာကြတဲ့ မြန်မာအများစုဟာ ဒီလိုပွဲမျိုးဆီ သူတို့လာဖို့ မလိုဘူးလို့ ထင်ထားကြတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် နိုင်ငံရေးနဲ့ဆိုင်တဲ့ ပွဲတိုင်းလိုလိုဆီ သွားနေကြ ကျနော့် မိတ်ဆွေတချို့ကို ဒီပွဲဆီ မသွားဘူးလားလို့ မေးမိတော့ ”ဘာသွားလုပ်မှာလဲ” လို့ ပြန်မေးကြပါတယ်။ အသက် ၄၀ ကျော် ၅၀ တန်း လူတွေနဲ့ ဆယ်ကျော်သက် မိန်းကလေးတွေရဲ့ သီချင်းဆိုပွဲ ဘာမှမဆိုင်ဘူးလို့ သူတို့စိတ်ထဲ ထင်ထားတာလည်း ဖြစ်နိုင်ပါတယ်။
ကျနော်တို့ ၈၈ မျိုးဆက်ဟာ နိုင်ငံရေးကလွဲရင် ကျန်တာကို သိပ်စိတ်မဝင်စား ကြတော့ဘူးလား။ ဒါမှမဟုတ် သူတို့နဲ့ ဒီ ဆယ်ကျော်သက် မိန်းကလေးတွေအကြား မျိုးဆက်တခုစာ ကွာခြားသွားတာ ကြောင့်များလား။
မြန်မာနိုင်ငံက ရောက်လာသူတိုင်းကို ဒီမှာရှိတဲ့ မြန်မာ မိသားစုတွေက အားမပေးသင့် ဘူးလား။ အဲဒီလိုတွေးရင်း ဆန်ဗီကာမြို့ ဘူတာကြီးဘေးနားက Me N Ma အဖွဲ့သီချင်းဆိုနေတဲ့ ယာယီ စင်မြင့်ရှေ့ ကျနော် ရောက်လာ ပါတယ်။ သူတို့ရဲ့ ဝတ်စားဆင်ရင်မှုက အနောက်တိုင်း လူငယ်တွေနဲ့ ဘာမှ မကွဲပြား၊ ဆိုနေတဲ့ သီချင်းစာသား ကလည်း အင်္ဂလိပ်တေးသွား၊ နောက်မှာကလည်း ဆိုင်းဘုတ်ကထောင် မထားတော့ ကြိုသာ သိမထားရင် မြန်မာနိုင်ငံက ရောက်လာတဲ့ ဂီတအဖွဲ့လို့ ဘယ်လိုမှ သိဖို့မလွယ်တဲ့ အခြေအနေ မျိုးပါ။
ဒါတွေကိုသိနေလို့ ကျနော့်မိတ်ဆွေတွေ လိုက်မလာကြတာများလား။ ယဉ်ကျေးမှုအဖွဲ့ဆိုရင် ဆိုင်းဝိုင်းတွေ၊ ထိုင်မသိမ်း အကျႌတွေကိုသာ ကျနော်တို့မျိုးဆက်က ပြေးမြင်ရောင်နေဆဲလားလို့ စဉ်းစားနေမိပါတယ်။ အသေအချာ ပြန်စဉ်းစားမယ်ဆိုရင်တော့ အသက် ၄၀ ကျော် ၅၀ တန်းတွေကသာ ဒီလိုစဉ်းစားနေပေမယ့် သူတို့ရဲ့ မျိုးဆက်သစ် နော်ဝေမှာကြီးတဲ့ ဆယ်ကျော်သက်၊ သူတို့ရဲ့ ကလေးတွေ ဝတ်စားဆင်ရင်မှု၊ နေထိုင် ပြောဆိုမှုတွေကတော့ အခု စင်ပေါ်မှာ ကခုန်နေကြတဲ့ Me N Ma အဖွဲ့က ကောင်မလေးတွေနဲ့ ဘာမှ သိပ်မကွာပါ။
ဒီလိုခေတ်ရှေးပြေးပြီး နိုင်ငံတကာတန်းဝင်အောင် ထိုးဖောက်ဖို့ ကြိုးစားနေတဲ့ ဒီမိန်းကလေးတွေကို ကျနော်တို့ အားမပေးသင့်ဘူးလား။ တချိန်တည်းမှာပဲ Myanmar Girls ဆိုတဲ့ခေါင်းစဉ်နဲ့ ညီအောင် မြန်မာရဲ့ အမှတ်အသား တခုခု၊ ကိုယ်ပိုင် အမျိုးသားလက္ခဏာ Identity တခုခု Me N Ma အဖွဲ့ဆီမှာ ရှိနေဖို့ လိုမနေဘူးလားလို့လည်း တွေးမိပါတယ်။ နောက်တချက်ကတော့ နိုင်ငံရေးအပြောင်းအလဲ လုပ်တဲ့နေရာမှာ မြန်မာ့နည်းမြန်မာ့ဟန်ကို မရရအောင် ထည့်ဖို့ ကြိုးစားလေ့ရှိတဲ့ မြန်မာတွေ၊ ယဉ်ကျေးမှုအပြောင်းအလဲ ကျမှ ဘာကြောင့်များ မြန်မာ့နည်း မြန်မာ့ဟန်ကို မရရအောင်ထည့်ဖို့ မကြိုးစားတာလဲလို့ စဉ်းစားရင်း ဆန်ဗီကာမြို့ကနေ ကျနော် ပြန်လာခဲ့ပါတယ်။