SFU

JOHN Q (သို့မဟုတ်) ဖခင်တယောက်ရဲ့ သူရဲကောင်းစိတ်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ဒီတပတ် ကြည့်မိသမျှ ဇာတ်ကားတွေထဲမှာ ဇာတ်လမ်း အကြောင်းအရာအရ တဘာသာ ကွဲထွက်လာတဲ့ ဇာတ်ကား တကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒီဇာတ်ကားဟာ မိဘမေတ္တာ အကြောင်းကို ရိုက်ပြထားတဲ့ ဇာတ်လမ်းဖြစ် ပေမယ့် တခြား မိဘမေတ္တာဖွဲ့ ဇာတ်ကားတွေနဲ့ မတူတဲ့ ရှုထောင့်တမျိုးက ရိုက်ပြထားတာဖြစ်လို့ ရသတခုကိုပေးနိုင်တဲ့ ဇာတ်ကား ဖြစ်ပါတယ်။

ဇာတ်ကားနာမည်က “JOHN Q” ဖြစ်ပြီး အဓိက ပါဝင် သရုပ်ဆောင်တဲ့သူ ကတော့ ကမ္ဘာကျော်မင်းသား ဒင်ဇဲလ် ဝါရှင်တန် (Denzel Washington) ပဲဖြစ်ပါတယ်။

ဇာတ်ကား အဖွင့်မှာ အမျိုးသမီးတယောက် ကားအက်ဆီးဒင့် (Accident) ဖြစ်ပြီး သေဆုံးသွားတဲ့ ပြကွက်က ဒီအမျိုးသမီးကို တယောက်ယောက်က လုပ်ကြံလိုက်တဲ့ ပုံစံမျိုး ဖြစ်နေတာကြောင့် ဒီဇာတ်ကားဟာ အက်ရှင်ကား တကား ဖြစ်နေမလား ဆိုတဲ့ အတွေးမျိုး ဝင်လာခဲ့ပါတယ်။ ဒါပေမယ့်..၊

ဂျွန် (Denzel Washington) ဟာ စက်ရုံ တရုံမှာ သာမန်ဝန်ထမ်း တဦးအဖြစ် အလုပ်လုပ်ရင်း သူ့ဇနီး “ဒီနီးစ်”၊ သူရဲ့ တဦးတည်းသော သားလေး မိုက်ကီတို့နဲ့ အတူ ဘဝကို ရိုးသားစွာ ရုန်းကန်ဖြတ်သန်းနေ ရရှာတဲ့ အခြေခံ လူတန်းစား တယောက်ဖြစ်ပါတယ်။

တနေ့မှာတော့ မွေးရာပါ နှလုံးချို့ယွင်းနေတဲ့ သူ့ သားလေး မိုက်ကီဟာ ဘေ့စ်ဘော ကစားရင်း ရုတ်တရက် လဲကျ သတိလစ် သွားလို့ ဆေးရုံကို အရေးပေါ် ပို့လိုက်ရပါတယ်။ ဆေးရုံမှာ နှလုံးခွဲစိတ်မှု ပါရဂူ ဆရာဝန်ကြီးက သူ့သားရဲ့ အခြေအနေမှန်ကို ဖွင့်ပြောလာတဲ့ အခါမှာတော့ ဂျွန်ဟာ သောကမီးတွေနဲ့ သူ့သားရဲ့ အသက်ကို ကယ်တင်နိုင်ဖို့ ဖခင်တယောက်ရဲ့ မေတ္တာစိတ်နဲ့ မရရအောင် ကြိုးစားပါတော့တယ်။

အမှန်တော့ ဒီဇာတ်ကားဟာ မိဘမေတ္တာဖွဲ့ ဆိုတာထက် ဖခင်တယောက်က သူ့သားအပေါ်ထားတဲ့ မေတ္တာစိတ် ကြီးမားပုံကို အဓိက ဇောင်းပေး ဖော်ပြထားတဲ့ ဇာတ်ကားလို့ ဆိုနိုင်ပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုရင် သူ့သားလေး “မိုက်ကီ” အသက်ဆက်ရှင် သန်နိုင်ဖို့ သူ့အသက်ကိုတောင် စွန့်ဝံ့တဲ့ အထိ ကြိုးစား အားထုတ်ခဲ့တဲ့ ဖခင်တယောက်ရဲ့ လုပ်ရပ်တွေကို အဓိက ပုံဖော်ထားလို့ပဲ ဖြစ်ပါတယ်။

ဒီဇာတ်ကားရဲ့ ဇာတ်ဝင်ခန်း တော်တော်များများဟာ ဒီက လူ့အဖွဲ့အစည်းရဲ့ အခြေအနေ၊ စရိုက်သဘာဝနဲ့ ကိုက်ညီမှု သိပ် မရှိပေမယ့် သူတို့အဖွဲ့ အစည်းရဲ့ သဘောသဘာဝ၊ အခြေအနေ စရိုက်အရ အံဝင်မှု ရှိနေတာကြောင့် ဖခင် တယောက်ရဲ့ မေတ္တာစိတ် ကြီးမားပုံကို အဓိကခံစား ကြည့်ရှုတတ်ဖို့ လိုပါတယ်။

ဆေးရုံမှာ သူ့သားကို နှလုံးအစားထိုး ခွဲစိတ်ကုသဖို့ ဒေါ်လာနှစ်သိန်းခွဲ မရှိရင် ခွဲမပေးနိုင်ကြောင်း ဆေးရုံတာဝန်ခံနဲ့ နှလုံးခွဲစိတ် ပါရဂူ ဆရာဝန်ကြီးတို့က ငြင်းလိုက်တဲ့ အခန်းမှာ ဂျွန်နဲ့ သူ့ဇနီး ဒီနီးစ်တို့ ငိုင်ကျသွားတဲ့ ပြကွက်ဟာ ဆို့နင့်ကြေကွဲစရာ ကောင်းလှပြီး ကျနော်တို့ဆီက ဆေးရုံ၊ ဆေးခန်းတွေမှာ ငွေကြေးမပြည့်စုံလို့ မျက်နှာငယ်နေရ ရှာတဲ့ လူနာတွေနဲ့ လူနာရှင်တွေရဲ့ ညှိုးငယ်နေတဲ့ မျက်နှာတွေကို မြင်ယောင်လာစေပါတယ်။

သူ့သားကို ခွဲစိတ်မယ် ဆိုရင် ကုန်ကျစရိတ် ဒေါ်လာနှစ်သိန်းခွဲကို အရစ်ကျ ပေးသွင်းလို့ ရပေမယ့် ကနဦးအနေနဲ့ ဒေါ်လာ ခုနှစ်သောင်းခွဲ အရင်ပေးသွင်းရ မှာမို့ အဲဒီလောက် ငွေကြေးပမာဏကိုတောင် မတတ်နိုင်ရှာတဲ့ ဂျွန်တို့ ဇနီးမောင်နှံရဲ့ နာကျင်ကြေ ကွဲမှုနဲ့ အဲဒီငွေကြေး ပမာဏကိုရဖို့ သူတို့ပိုင်ဆိုင်တဲ့ အိမ်ထောင်ပရိဘောဂတွေကို ရသလောက်ငွေကြေးနဲ့ ရောင်းချပြီး မိတ်ဆွေတွေနဲ့ စေတနာရှင်တွေထံ အကူအညီတောင်းတဲ့ ဇာတ်ဝင်ခန်း တွေက စိတ်ထိ ခိုက်စရာ ကောင်းလှပါတယ်။

သူတို့ လင်မယားရဲ့ မိတ်ဆွေတွေနဲ့ စေတနာရှင်တွေက သူတို့ တတ်နိုင်သလောက် ကူညီပံ့ပိုးပေးကြတဲ့ ဇာတ်ဝင်ခန်းတွေ ကလည်း ကြည်နူးပီတိ ဖြစ်စရာ ပြကွက်တွေမို့ မိတ်ဆွေစစ်၊ မိတ်ဆွေမှန် တို့ရဲ့ လုပ်ရပ်နဲ့ ပရဟိတစိတ် ဆိုတာကို မြင်သာထင်သာ ရှိလာစေခဲ့ပါတယ်။

ဒါ့အပြင် အလုပ်သမား ဝန်ထမ်းများ အတွက် သူ့လုပ်သက်နဲ့သူ ငွေစုငွေချေး ပုံစံ အာမခံကြေးငွေကို ဘဏ်မှာ စုထားပေးလေ့ ရှိတဲ့ ထုံးစံအရ အဲဒီ ရပိုင်ခွင့် အာမခံကြေးငွေ သွားထုတ်တဲ့အခန်းမှာ သူတို့ဇနီး မောင်နှံလို ငွေကြေး အဆင်မပြေလို့ ငွေထုတ်ဖို့ တန်းစီစောင့်ဆိုင်း နေကြတဲ့လူတွေ ကြားထဲမှာသူတို့ လင်မယား နှစ်ယောက်ရဲ့ အားငယ် စိုးရွံ့နေတဲ့ မျက်နှာ အမူအရာတွေကြောင့် သနားကရုဏာစိတ် ဝင်လာမိပါတယ်။

ငွေ ထုတ်ပေးသင့် မပေးသင့် ဆုံးဖြတ်တဲ့ အရာရှိထံ ရောက်တဲ့ အခါမှာ ဂျွန်ရဲ့ လုပ်သက်အရ ငွေထုတ်ပေးလို့ မရကြောင်း ငြင်းပယ် ခံလိုက်ရလို့ စိတ်ထိခိုက်သွားကြတဲ့ ဂျွန်နဲ့ ဒီနီးစ်တို့ လင်မယားနှစ်ယောက်ရဲ့ အဖြစ်အပျက် တွေကလည်း ကြေကွဲ ဝမ်းနည်းစရာ ကောင်းလှပါတယ်။

သူ့သား အသက်ကို ကယ်တင်နိုင်မယ့် ငွေကြေး ပမာဏကို ရဖို့ ငွေရှာတဲ့ အခါမှာ မကောင်းတဲ့နည်း လမ်းနဲ့ မရှာဘဲ ရိုးရိုးသားသားပဲ ရှာဖွေခဲ့တဲ့ ဂျွန်ရဲ့ ကိုယ်ကျင့်တရားနဲ့ စိတ်ဓာတ်ဟာလည်း လေးစား အတုယူစရာ ကောင်းပြီး ဘယ်လို ဒုက္ခမျိုးနဲ့ ကြုံတွေ့လာပါစေ၊ ငွေကြေးဥစ္စာဓနကို မကောင်းမှုနဲ့ မရှာဘဲ ရိုးသား ဖြောင့်မတ်စွာနဲ့သာ  ရှာသင့်ကြောင်းကို သတိချပ်  ဆင်ခြင်မိလာအောင်  ရိုက်ပြထားပါတယ်။

JOHN Q ဇာတ်ကား ဒီဗွီဒီ ကာဗာပုံ
JOHN Q ဇာတ်ကား ဒီဗွီဒီ ကာဗာပုံ

ရိုးရိုးသားသားနဲ့ ရှာလို့ ရလာသမျှ ပိုက်ဆံတွေကို သူ့သား နှလုံးခွဲစိတ် အစားထိုးနိုင်ဖို့ ဆေးရုံကို ပေးခဲ့ပေမယ့်လည်း ကနဦး ပေးသွင်းရမယ့် ပထမ အရစ် ဒေါ်လာခုနစ်သောင်းခွဲ မပြည့်တဲ့ အတွက် ဆေးရုံက သူ့သားကို ခွဲစိတ်မှု လုပ်မပေးလို့ သူ့သား သေမယ့်ရက်ကိုသာ စောင့်ကြည့်နေ ရသလို ဖြစ်နေတဲ့ မိခင်ဖြစ်သူ “ဒီးနီးစ်” ရဲ့ ပရိဒေဝမီး တောက်လောင်နေပုံနဲ့ ခွဲစိတ်ဆရာဝန်ကြီးထံမှာ အသနားခံပြီး သူ့သား အသက်ရှင်အောင် မြန်မြန် ခွဲစိတ်ပေးဖို့ ပြောနေရှာတဲ့ “ဂျွန်”ရဲ့ အဖြစ်တွေဟာ ဝမ်းနည်း ကြေကွဲစရာ ကောင်းလှပါတယ်။

သူ့သားအသက်ဟာ စိုးရိမ်စရာ အခြေအနေကို ရောက်လာလို့ မထူးဇာတ် ခင်းရတော့မယ့် အနေအထားမျိုးမှာ “ဂျွန်” ဟာ ခွဲစိတ်ဆရာဝန်ကြီးနဲ့ အတူ ဆေးရုံက ဝန်ထမ်းအချို့နဲ့ လူနာ၊ လူနာရှင်အချို့ကို ပြန်ပေးဆွဲတဲ့ သဘောလုပ်ပြီး သူ့သားနှလုံးကို  အစားထိုး ခွဲစိတ်ပေးလာအောင် ကြိုးစားတဲ့အခန်းမှာ လူဆိုးမလုပ်ချင်ဘဲ၊ အခြေအနေအရ ရာဇဝတ်မှု တခုကို  ကျူးလွန်လိုက်ရပေမယ့်  ပင်ကိုယ်စိတ်ရင်း နူးညံ့ပြီး  စိတ်သဘောထား မွန်မြတ်တဲ့ “ဂျွန်” ရဲ့ လုပ်ရပ်တွေကို လေးစားဖွယ်ရာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

နောက်ဆုံးမှာ ဆေးရုံက တာဝန် ယူပြီး “ဂျွန်” ရဲ့သား “မိုက်ကီ” ရဲ့ နှလုံးကို အစားထိုး ခွဲစိတ်ကုသမှု လုပ်ပေးမယ်လို့  ကတိပေးထားပေမယ့် လက်တွေ့ ဘာမှလုပ် မပေးနိုင်သေးတဲ့ အချိန်မှာ ရဲတွေက “ဂျွန်” ကို အသေရရ၊ အရှင်ရရ ဖမ်းမိဖို့ ကြိုးစားလာတဲ့ အတွက် “ဂျွန်” ဟာ ဆုံးဖြတ်ချက်တခုကို ပိုင်ပိုင်နိုင်နိုင် ချလိုက်ပါ တော့တယ်။ အဲဒီ ဆုံးဖြတ်ချက် ကတော့ သူ့အသက်ကို စတေးပြီး သူ့သား နှလုံးနေရာမှာ အစားထိုး လဲလှယ်ပေးဖို့ပဲ ဖြစ်ပါတယ်။

“ဂျွန်” တယောက် သူ့ကိုယ်သူ  သတ်မသေခင်မှာ  နောက်ဆုံးအနေနဲ့ သူ့သား  “မိုက်ကီ” ကို  သွားတွေ့ပြီး  လောကမှာ ဘယ်လိုနေထိုင်  ရှင်သန်  ရုန်းကန်ရမယ်  ဆိုတဲ့ အကြောင်း သူ့သားကို ပြောပြနေတဲ့ ဆုံးမစကားတွေ ဟာ လေးနက်တဲ့ အတွေးအခေါ်ကို ရနိုင်မှာ ဖြစ်သလို၊ သားအပေါ်မှာ ထားတဲ့ ဖခင်တယောက်ရဲ့ မေတ္တာစိတ်နဲ့ ဖခင်တယောက်မှာ ရှိသင့် ရှိအပ်တဲ့ စိတ်နေ စိတ်ထားမှန်တွေကိုပါ လေးစားဖွယ်ရာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

“ဂျွန်” တယောက် သူ့ကိုယ်သူ သေနတ်နဲ့ပစ်ပြီး အဆုံးစီရင်တော့မယ့် အခန်းဟာ ဒီဇာတ်ကားရဲ့ ဇာတ်ရှိန် အမြင့်ဆုံး အခန်းပဲ ဖြစ်ပါတယ်။ အဲဒီအချိန်မှာပဲ ဒီဇာတ်ကားကို အလှည့်အပြောင်း ဖြစ်စေမယ့် ဇာတ်ကားအဖွင့်မှ ာပြခဲ့တဲ့ ဇာတ်ဝင်ခန်းတွေ ပြန်ပေါ်လာခဲ့ပါတယ်။

ကားအက်ဆီးဒင့် ဖြစ်ပြီး၊ သေဆုံးသွားတဲ့ အမျိုးသမီးက သူမခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လှူဒါန်းထားတဲ့ အတွက် သူမ အလောင်းကို ခွဲစိတ်ပြီး ကလီစာတွေ ကောင်းမကောင်း စစ်ဆေးကြည့် လိုက်တဲ့အခါ အဲဒီအမျိုးသမီးရဲ့ နှလုံးနဲ့သွေး အမျိုး အစားက “မိုက်ကီ” နဲ့ အံဝင်ခွင်ကျ ဖြစ်နေတာကို စစ်ဆေးတွေ့ရှိခဲ့ ပါတယ်။

ဒီ အကြောင်းကို သတင်းပေးပို့လို့ သိသွားတဲ့ “ဒီနီးစ်” ဟာ သူ့ကိုယ်သူ အဆုံးစီရင်တော့မယ့် သူမ ခင်ပွန်း “ဂျွန်” ဆီ ဝမ်းသာအားရနဲ့ အမောတကော ပြေးလာပြီး “ဂျွန်” ကြားနိုင်အောင် အသံကုန်ဟစ်ပြီး အော်ပြောနေတဲ့ ပြကွက်နဲ့ “ဂျွန်”တယောက်သေနတ် မောင်းကို ဖြုတ်လိုက်တဲ့ ပြကွက်တွေ။ အဲဒီနောက် ပိုင်းမှာတော့ “ဂျွန်” ရဲ့ ကံကြမ္မာဟာ ဘယ်လိုများ အဆုံးသတ်သွားပါသလဲ။

ရှေ့မှာ ပြောခဲ့သလိုပဲ  “JOHN Q” ဆိုတဲ့ ဇာတ်ကားဟာ ဇာတ်လမ်းဇာတ်အိမ် သဘောအရ ထူးထူးခြားခြား ဇာတ်ကားမျိုး မဟုတ်ပေမယ့် ဖခင် တယောက်ရဲ့ လေးစားဖွယ်ရာ မေတ္တာစိတ်နဲ့ သူရဲကောင်းစိတ်ဓာတ်ကို မြင်သာလာအောင် ရှုထောင့် တမျိုးကနေ ရိုးရိုးရှင်းရှင်း ဖန်တီးပြထားတဲ့ ဇာတ်ကားမျိုးဖြစ်ပါတယ်။

ဒါပေမယ့် ဒီဇာတ်ကားထဲမှာ ပါတဲ့ အနုပညာရှင်အားလုံးရဲ့ အနုပညာအားကောင်း မှုကြောင့် ဒီဇာတ်ကားကို ကြည့်ရှုပြီး သွားတဲ့အခါ ခံစားတတ်တဲ့ ပရိသတ်ရင်ထဲမှာ စူးစူးနစ်နစ်ထင်ကျန် ရစ်စေမှာတော့ အမှန်ပဲဖြစ်ပါတယ်။

ဒါကြောင့်  “JOHN Q” ဟာ ဖျော်ဖြေရေး အနေနဲ့ပဲဖြစ်ဖြစ် မိဘမေတ္တာကို ဖော်ကျူးနိုင်တဲ့ ဇာတ်ကားတကား အနေနဲ့ဖြစ်ဖြစ် ကြည့်သင့်တဲ့ ဇာတ်ကားကောင်း တကားအဖြစ် ဖော်ပြပေးလိုက်ရပါတယ်။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading