အခုတလော ပုသိမ်ပြန်ချင်တယ်။ ဇာတိချက်ကြွေ မွေးရပ်မြေဆိုတော့လည်း သတိရစရာတွေက အများသား။ ခုတလော ပိုပြန်ချင်တယ် ဆိုတာက ပုသိမ်သားလို့ ဂုဏ်ယူရတဲ့ အဆိုတော် ထူးအိမ်သင်ရဲ့ ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့် အမှတ်တရ အခမ်းအနား တခုကို ပုသိမ်မှာ ကျင်းပဖို့ ပြင်ဆင်နေတဲ့ အကြောင်း သူငယ်ချင်းတချို့ အင်တာနက်ပေါ် အွန်လိုင်းပေါ် ကနေ လာလာ ပြောပြနေလို့ပါ။ ဘယ်သူ့အိမ်မှာတော့ ဘယ်သူတွေ လာသီချင်းတိုက် နေပြီ။ ဘယ်သူက ဘာတီးမှာ ဘယ်သူတီးဖို့ အတွက် ဘယ်သူက ဘာတံဆိပ် ဘာ Brand ကို ဝယ်ဖို့ ပြင်နေတယ် စသဖြင့် တို့တိ တို့တိ သတင်းပေး သလိုလိုနဲ့ ပြန်ချင်စိတ်ကို လာပြီး ဆွနေကြတာလေ။
သူတို့ ပြင်ဆင်နေကြတဲ့ အကြောင်းအရာကနေ ကိုသျှပ်လို့ ကျမတို့ ခေါ်တဲ့ အဆိုတော် ထူးအိမ်သင်နဲ့ ပတ်သက်တဲ့ အမှတ်ရစရာ၊ လေးစား တန်ဖိုး ထားစရာ တွေကို ပြန်ပြီးသတိရ တွေးမိသွားခဲ့တယ်။
ကိုသျှပ်နဲ့ ပတ်သက်တာ ဆိုတော့ ဂီတနဲ့ ပတ်သက်တာ သီချင်းဆိုတာတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာ ပါပဲ။ ပြောပြရရင် ကိုယ့်ဂုဏ်ကိုယ်ကလည်း ဖော်ရဦးမယ်လေ။ အဲဒီ ကာလ ၁၉၈၂ ကနေ ၈၆ ဝန်းကျင် ကျမတို့ ပုသိမ် ကောလိပ်မှာ ရှိစဉ်တုန်းကလို့ အစချီရမယ် ထင်ပါရဲ့ …။
သီချင်းတွေကို ကြိုက်သလို၊ သီချင်းဆိုချင်စိတ်သာ ရှိပြီး ဂီတနဲ့ ပတ်သက်တာ ဘာမှ နားမလည်တဲ့ ကျမလည်း အဲဒီ တုန်းက ကျောင်းက မေဂျာရပ်အလိုက် နှစ်တိုင်း လုပ်တဲ့ နှုတ်ဆက်ပွဲတွေမှာ သီချင်းဆိုဖြစ်ခဲ့တယ်။ ဆိုချင်တာသာ သိပြီး ဘာမှ နားမလည်တဲ့အပြင် တခါတလေ ကီးက ယိုင်သွားသေးတယ်။ အဲဒီလို ကျမလိုလူကို စင်ပေါ်မှာ နားထောင်ပျော်တဲ့ သီချင်းလေးတွေ ဆိုတတ်အောင် ရုပ်ပျက်ဆင်းပျက် မဖြစ်အောင် သူဘယ်လိုသင်ခဲ့လဲ၊ ဘယ်လို လေ့ကျင့်စေခဲ့လဲ ဆိုတာကို ပြောပြချင်ပါတယ်။
ပထမနှစ်က သီချင်းက လွယ်တော့ အေးအေးဆေးဆေးပဲ။ ကိုသျှပ်နဲ့ အဲဒီမှာ စတွေ့ခဲ့ပေမယ့် သူဘေ့စ် တီးတာလောက်ပဲ သတိထားမိတယ်။ သိပ်လည်း မခင်သေးတော့ ခပ်ရှိန်ရှိန်ပါပဲ။ နောက်ပိုင်း ကြွက်နီတို့နဲ့သူ တွဲမိသွားတဲ့ အချိန်ကျမှ ကျမနဲ့လည်း ခင်သွားတာ။ကြွက်နီနဲ့ ကျမက အထက ကျောင်းလည်း တကျောင်းတည်း၊ သူ့ညီမတွေနဲ့ ကျမတို့ မောင်နှမ တွေက အတန်းတူဆိုတော့ တမိသားစုလုံးနဲ့ ခင်နေသလို အကြောင်းသိတွေပေါ့။
ဒီလိုနဲ့ ဒုတိယနှစ် Farewell ရောက်ပေါ့။ ထုံးစံအတိုင်း သီချင်းဆိုချင်တဲ့ ပိုးက မသေတော့ ပြင်ကြဆင်ကြပေါ့။ သီချင်း ရွေးတော့ ခက်တဲ့ သီချင်းတွေ မရွေးချင်ဘူး ဆိုတော့ ကိုသျှပ်က သူရွေးပေးမယ်၊ ကျောင်း စတိတ်ရှိုးဆိုတော့ ပျော်ပျော်ရွှင်ရွှင် လေးလည်းဖြစ်၊ အောက်က နားထောင်သူတွေလည်း မပျင်းရသလို၊ ဆိုတဲ့လူလည်း ပေါ့ပေါ့ပါးပါး အဆင်ပြေပြေ ဖြစ်အောင် ရွေးပေးမယ်တဲ့။ ဟုတ်ကဲ့ ပေါ့။ အဲဒီနှစ်က သူရွေးပေးတဲ့သီချင်းက မေရွက်ဝါရဲ့ ကိုကိုနဲ့ကျမ ဆိုတဲ့ သီချင်းနဲ့ Rock N Roll။ Rock N Roll သီချင်းက တကယ်မြူးမြူးကြွကြွ။ ကိုကိုနဲ့ ကျမကတော့ အချစ် သီချင်း ချိုချိုလေးပေါ့။ ခက်တာက ကျမက သီချင်း သိပ်မဆိုတတ်ဘူး။ အဝင်အထွက်တွေ သိပ်နားမလည်ဘူး။ အဲဒီတော့ သူရွေးလာတဲ့ သီချင်းနဲ့အတူ တိတ်ခွေပါ ပေးပြီး အိမ်မှာ နားထောင်ခဲ့၊ စာသားတွေဖတ်ပြီး အထပ်ထပ် နားထောင်။ နားပဲ ထောင်ခိုင်းတာနော်။ ကျမကို လိုက်မဆိုခိုင်း သေးဘူး။
အဲဒီလို ပြင်ဆင်တာတွေက သီချင်းဆိုမယ့်လူတွေ ဆိုမယ့်သီချင်းနဲ့အတူ စာရင်းလာပေးဖို့ မခေါ်ခင်ကတည်းက နော်။ အဲဒီ သီချင်းတွေကို အပြန်ပြန် အလှန်လှန် နားထောင်၊ နောက်တော့ လိုက်ဆိုပေါ့။ သံစဉ်က စွဲနေပြီ ဆိုတော့ လိုက်ဆိုရတာ လွယ်နေပြီလေ။ စာသားလည်း ရသွားပြီ ။ စားလည်း ဒီသီချင်း သွားလည်း ဒီသီချင်း ဖြစ်နေပြီ။
ကဲ သီချင်းတိုက်ဖို့ ဘယ်နေ့ ဘယ်အခန်းကို ဘယ်အချိန်မှာ လာကြပါ … လို့ ကြေညာသွားပြီ ဆိုရင် ကျမတို့ အုပ်စုက အရင်ဆုံး ရောက်အောင်သွားတာပဲ။ လိဒ်ဂစ်တာ ပထန်ကြီးခေါ် အောင်အောင်ဌေး၊ ရစ်သမ် ဖိုးသာထူးခေါ် ကျော်မျိုးလွင်။ ဘေ့စ်က ကိုသျှပ်ခေါ်သျှပ်မှူးကျော်။ ဒရမ် ကြွက်နီခေါ် အောင်ကျော်ဦး တို့က အခန်းထဲမှာ ရှိနေပြီ။ တယောက်ချင်းကို ဂစ်တာတွေနဲ့ အရင် ဆိုခိုင်းတာပေါ့။ ကီးချိန်၊ အဝင်အထွက်တွေ ဆိုကြည့်ကြ၊ အိုကေရင် နောက်တယောက်။ အများစုက အိုကေပါတယ်။ ကျမက သိပ်မအိုကေဘူး။ အဝင်အထွက် မှားလိုက်၊ ကီးမဝင်လိုက်၊ ကီးက ကြောင်သွားလိုက်။ အဲဒါဆို ကိုသျှပ်က ဆဲပါတယ်။ သူဆဲရင် ကျမက ငိုပါတယ်။ အဲဒီလိုငိုရင် သူ မပြောခဲ့ သလိုလိုနဲ့ ကျန်တဲ့လူတွေကို မျက်စပစ်ပြီး မျက်လုံးအောက်ကို လက်နဲ့တို့ … ဘာဖြစ်တာလဲလို့ မေးတတ်ပါတယ်။ ပြီးရင် … ကဲ … ဒီလိုဆို ဆိုပြီး သူက အရင်ဆိုပြ၊ ပြန်တိုက်ပေါ့။ အဲဒီမှာ ဘာတွေ့လဲ ဆိုရင် သီချင်းကို အဖြတ်အတောက်တွေ သေချာ ချပေး တတ်တာပါ။
ပထမဆုံး တပုဒ် Rock N Roll မှာ “Rock N Roll ကလို့ ပျော်ပျော်နေပါစို့ … အချစ်ဖွဲ့သီချင်းတပုဒ်ကို … အတူဆိုကြစို့ …” အဲဒီအပိုဒ်မှာကိုပဲ ဘယ်လိုဖြတ်၊ ဘယ်နေရာမှာ အသက်ရှူ ဆိုတာကို အသေးစိတ် သင်ပေးပါတယ်။
“ဂစ်တာလေးကို မြန်မြန်တီးပါ မြန်မြန်ခေါက်ပါ ဒါမှ Feeling …”
“ရှိတ်လိုက်စမ်းပါ Rock N Roll တွေ … ကလိုက်စမ်းပါ … မိတယ် Feeling”
“ရင်တွေခုန်တာ Feeling ပဲ … ပင်လယ်လှိုင်းကလေးများအား စီးရသလိုပဲ …”
“အာဟ ကတာ ကောင်းလား လာ … မောသွားရင် ခဏနားဦး …”
“ပျော်ပါရဲ့လား Sweet heart Honey … တို့ရဲ့အချစ်များ ချိုချိုမွှေးပါစေ … ဟေး ဟေးဟေ”
“ပျော်ပျော်နေတာ အကောင်းဆုံးပဲ … လာတခါလောက် ကလိုက်စို့်် .. ဝမ်း .. တူး.. ဟော ဒီလိုရှိတ် Rock N Roll …”
အဲဒီသီချင်းမှာ အဖြတ်အတောက် အသက်ရှူအပြင် နောက်က ဆိုတဲ့ ဟင်း ဟင်းဟင်း တို့ အာဟ တို့ ဟေးဟေဟေ တို့ . ဆိုတာကိုပါ ဘာကြောင့် ထည့်ပြီး အသံဘယ်လို ဖြည်ချတယ်၊ တင်သွားတယ် ဆိုတဲ့ အထိ အသေးစိတ် ပြောပြခဲ့တာပါ။
သီချင်းဆိုတာ အသံကောင်းဖို့ထက် ဆိုတတ်ဖို့ လိုတယ်၊ ဆိုတဲ့အခါမှာ အထပ်ထပ် လေ့ကျင့်သူက အသာစီး ရတယ်ဆိုတာကို လက်တွေ့ကျကျ သင်ပေးခဲ့သူပါ။
ကိုသျှပ်ရဲ့ Rock N Roll အပျိုမ သီချင်းကို ကြားတိုင်း ကျမကို သေချာ သင်ပေးခဲ့တဲ့ ဒီသီချင်းလေးကို အမှတ်ရမိပါတယ်။ သူ့ရဲ့ လေ့ကျင့်သင်ကြားပေးမှုကြောင့် တကယ့်ရှိုးနေ့မှာ အမှားအယွင်းမရှိဘဲ အကောင်းဆုံးသီချင်း ဖြစ်ခဲ့တယ်လို့ ကိုသျှပ်ကိုယ်တိုင် အမှတ်ပေးခဲ့ဖူးပါတယ်။ အတူဆိုကြစို့ ဆိုပြီး ကျမက တီးတဲ့လူတွေကို လှည့်ကြည့်လိုက်တော့ အားတက် တီးလိုက်တာ ရစ်သမ်သမားဖိုးသာထူး ဂစ်တာကြိုးပြတ်သွားခဲ့တာ လေးတော့ ရှိခဲ့ပါတယ်လေ။
နောက်တပုဒ်ကျတော့ ကိုကိုနဲ့ကျမက အေးအေးချိုချို အချစ် သီချင်းလေးပါ။
“ဒီကမ္ဘာကြီးထဲမှာ လူတွေလူတွေလေ … ရာထောင်သောင်းများစွာ အများကြီးရှိပါတယ်။ ကိုကိုနဲ့ ကျမဟာ ကမ္ဘာ မကျော်ပါလည်း ရင်ခွင်ထဲထိအောင် အသည်းစွဲ ချစ်ပါတယ်။ အို … ခေါင်းအုံးလေးလို ကျမ ချစ်တယ်သူ့ကို”
အဲဒီသီချင်းမှာ ကျမက အမြဲနောက်ကျလိုက် စောလိုက်ဖြစ်ခဲ့ပါတယ်။ ဒီတော့ အဝင်မှန်ဖို့ ဝမ်းတူးသရီး ဖိုး၊ ဝမ်းတူး သရီးဖိုးနဲ့ (Timing Count) မှတ်တတ်အောင် သင်ပေးပါတယ်။ ကျမကလည်း အင်မတန်ညံ့တဲ့လူပါ။ အဲဒါတွေကို အသေးစိတ် သင်ပေးမှ တတ်ခဲ့သူပါ။ ပြီးတော့ အသံကို ချုပ်မထားဘဲ ဆိုတတ်ဖို့ အားပေးခဲ့ပါတယ်။ ဒီသီချင်းကို ကိုအောင် က ဆိုပြလိုက်၊ ကိုသျှပ်က ဆိုပြလိုက်နဲ့ ကျမကို မရမချင်း စိတ်ရှည်လက်ရှည် ချပေးခဲ့တာပါ။ “အို ခေါင်းအုံးလေးလို .. ကျမ ချစ်တယ် .. သူ့ကို” ဆိုတဲ့ ခပ်လွယ်လွယ် တကြောင်းကိုတောင် သူတို့ စိတ်ကြိုက် မရမချင်း အထပ်ထပ် ဆိုခဲ့ရ ပါတယ်။ အသံချတာ တင်တာ စာသားအပေါ် ခံစားခိုင်းတာ အားလုံးကို စိတ်ကြိုက်ရတဲ့အထိ၊ ကျမ အကြိမ်ကြိမ်ငိုပြီး သီချင်းမဆိုချင်ပါဘူး ဖြစ်တဲ့အထိ ဆူတာ ဆဲတာ ခံခဲ့ရပါတယ်။ စိတ်ဆိုးပြီး လက်လျှော့ ပြန်သွားတဲ့ ကျမကို နောက်နေ့ ပြန်လာခေါ်ကြပြီး စိတ်ရှည်လက်ရှည် ပြန်ချ ပြန်တိုက်ခဲ့တာပါပဲ။ ဒီသီချင်း ၂ ပုဒ်စလုံးကို ခုချိန်အထိ အမှားအယွင်းမရှိ ကျမ ဆိုနိုင်ပါသေးတယ်။
ပုသိမ် ကောလိပ်က ဘာသာရပ်အလိုက် ကျောင်းသားကျောင်းသူတွေရဲ့ နှုတ်ဆက်ပွဲလို ပွဲမျိုးကိုတောင် သေချာ ဖိဖိစီးစီး လေ့ကျင့်ပေးခဲ့တဲ့ ထူးအိမ်သင် လောင်းလျာဟာ သူချစ်တဲ့ ဂီတကို ဘယ်လောက်အထိ အလေးအနက် ထားတယ်ဆိုတာ ခန့်မှန်းမိကြမှာပါ။
သူတို့ ဖွဲ့ထားတဲ့ Shore of Peace အဖွဲ့က ကျောင်းပွဲအားလုံးမှာ တီးရတာကို အားမရဘဲ ပုသိမ်စည်ပင်က စနေနေ့တိုင်း လုပ်တဲ့ ဆည်းဆာဂီတပွဲမှာပါ နွှဲဖို့ ပြင်ဆင်ခဲ့ကြပါသေးတယ်။
ထုံးစံအတိုင်း မေခလာရဲ့ ကော်လာပေါ်က နှုတ်ခမ်းနီကို အဝင် နောက်ကျနေတာ၊ နောက်တပုဒ်ကျတော့ ဘယ်လျှောက်သွားနေလဲ နင်မလာရင် စိတ်ညစ်တယ် ဟေး … မှာ ဘားဝက်လောက် ကီးကျနေတာတွေနဲ့ နပန်းလုံးခဲ့ရ ပါသေးတယ်။
ကိုသျှပ် ရေးပေးပြီး သီရိကိုကို ဆိုခဲ့တဲ့ အချစ်ဦး ဆိုတဲ့ သီချင်းကို သူ့သမီးလေး မိကွန်ထောက သူ့ ၁၀ နှစ်ပြည့် အလွမ်းပွဲမှာ ဆိုတော့ “ကိုယ့်အတွေးတွေကို သိတဲ့ ခေါင်းအုံးလေးရယ်” ဆိုတဲ့ အပိုဒ်အရောက်မှာ ကိုသျှပ်နဲ့ သီချင်းတိုက်တဲ့ ရက်တွေကို ကျမ သတိရ တမ်းတမိပါတယ်။ ဒီသီချင်းကို ကိုသျှပ်သမီးလေး မိကွန်ထော အနေနဲ့ သူ့အဖေသာ ရှိရင် ဒီထက်သာလွန်တဲ့ သီဆိုမှုကို သူရရှိနိုင်မှာ ဆိုတဲ့ စိတ်နဲ့ လွမ်းမိပါသေးတယ်။
ကိုသျှပ်ရဲ့ ဘာတွေပဲ ဖြစ်နေနေ ပွဲမဝင်ခင် အထပ်ထပ်လေ့ကျင့်မှ ဆိုတဲ့ ဒဿနနဲ့ သီချင်းစာသားကို သဘောပေါက် ခံစား သီဆိုဖို့ ဆိုတဲ့ အသိကို ထူးအိမ်သင် မဖြစ်ခင်ကတည်းက ကျမတို့ကို လက်ဆင့်ကမ်း ပေးခဲ့ပါပြီ။ ယုံကြည်မှုထဲက အတ္တကို သူ တည်ဆောက်ပြခဲ့ပါပြီ။
လုပ်ချင်တာတွေ အကုန်လုပ်ခွင့် မရသွားတဲ့ အဆိုတော်ထူးအိမ်သင်ကို ပုသိမ်နဲ့ ထပ်တူ ရှင်သန်နေဦးမယ့် ပုသိမ်သား ဂီတ အနုပညာရှင်တဦး အဖြစ် ကျမတို့ရဲ့ ဇာတိပုသိမ်မြို့လေးက နင့်နင့်နဲနဲ ချစ်မက်နေဦးမှာပါ။ ဝေးသွားခဲ့ပေမယ့်လည်း …။
ချစ်ခင်စွာဖြင့် …
ခင်မင်းဇော်