“တိုက်ဆိုင်မှုရှိလျှင်” ထိုသူကိုပင် ရည်ရွယ်သည်
This article has been converted from Zawgyi One to Unicode
ကျမတို့ လောက လူ့ကမ္ဘာမှာ လူရယ်လို့ မွေးဖွားကြီးပြင်းလာကြတဲ့နောက် လူ့ပတ်ဝန်းကျင်၊ အပေါင်းအဖော်ဆိုတာ ရှိလာရပါတယ်။ အစ ကနဦးတုန်းက သူစိမ်းနှစ်ယောက်အဖြစ် ရှိနေရာကနေလည်း တနေ့နေ့မှာတော့ အရင်းနှီးဆုံး လူသားအဖြစ် ရောက်ရှိပေါင်းစည်းမိကြ တဲ့အခါ အိမ်ထောင်ဆိုတာ ဖြစ်လာပါတယ်။ အိမ်ထောင်စု၊ မိသားစု …၊ စကားလုံးလေးက သုံးလုံးတည်းရယ်။ ဒါပေမယ့် ဘယ်လောက် နက်နဲ သိမ်မွေ့ပါသလဲ။ စိမ်းသက်သူတွေကို တသားတည်း၊ တသွေးတည်းဖြစ်အောင် စုစည်းပေးလိုက်တဲ့ စကားလုံးလေး။
တခါတရံတော့လည်း အိမ်ထောင်ရေးဆိုတာဟာ ပင့်ကူအိမ်ကလေးတွေနဲ့များ တူလေမလားလို့ တွေးကြည့်ဖူးတယ်။ ပင့်ကူတွေဟာ ပင့်ကူအိမ်လေး ဖြစ်လာဖို့ အပင်ပန်းခံ တည်ဆောက်ခဲ့ကြရတာပဲ။ ဘယ်လွယ်လိမ့်မလဲ။ ဒါပေမယ့် ဖျက်ဖို့ဆိုရင်တော့ ကြက်မွေးလေး တချက်လောက် ယမ်းရုံနဲ့တင် စက္ကန့်ပိုင်းမှာပဲ ပျက်စီးသွားနိုင်တာ မဟုတ်လား။ လူနှစ်ယောက် ပေါင်းစည်းထားတဲ့ အိမ်ထောင်ရေးဟာလည်း ပင့်ကူအိမ်က ကြိုးမျှင်လေးတွေလိုပဲလို့ မြင်ပါတယ်။ တည်ဆောက်ဖို့ခက်သလောက် ပြိုပျက်ဖို့ကျတော့ အဖြစ်အပျက်လေးတခု၊ စကားလေးတခွန်း၊ သို့မဟုတ် အပြုအမူလေးတခုမှာပဲ ဖြစ်ရင်လည်းဖြစ်သွားနိုင်တာပါ။
ဒီအတွေးတွေကိုတော့ “တိုက်ဆိုင်မှုရှိလျှင်” ဆိုတဲ့ မြန်မာရုပ်ရှင်ဇာတ်ကား ကြည့်နေစဉ်မှာရော၊ ကြည့်ပြီးတဲ့နောက်မှာရော တွေးနေမိပါ တယ်။
“တိုက်ဆိုင်မှုရှိလျှင်” ဟာ ၂၀၁၄ ခုနှစ် သြဂုတ်လကုန် စက်တင်ဘာလဆန်းမှာ ရုံတင်ပြသတဲ့ မြန်မာရုပ်ရှင်ပါ။ အနုပညာ ဖန်တီးမှု စွမ်းအားနဲ့ ပတ်သက်လို့ ပရိသတ်ကျေနပ်ရတတ်တဲ့ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) ရဲ့လက်ရာမို့ ကြည့်ဖို့ ဆုံးဖြတ်ရပါတယ်။ ဇာတ်လမ်း သိန်းထွန်းအောင်၊ ဇာတ်ညွှန်း အောင်ကြီးဖြစ်ပြီး သရုပ်ဆောင် ပြေတီဦး၊ မိုးဟေကို၊ လိုင်လာခမ်း (မြန်မာပြည်ဖွား အိန္ဒိယမင်းသမီး)၊ ရဲအောင်၊ မေသဉ္ဇာဦး၊ မြတ်သူအောင်တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ စိန်ဌေး ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ခဲ့တဲ့ ဇာတ်ကားသစ်ဖြစ်ပါတယ်။
အရင့်အရင်ကတော့ မြန်မာရုပ်ရှင်ကြည့်မယ်ဆိုရင် ဒါရိုက်တာ၊ သရုပ်ဆောင် ရွေးပါတယ်။ အခုနောက်ပိုင်းတော့ ပိုစတာကြည့်ပြီးမှ သို့မဟုတ် ဇာတ်ကားနာမည် နားထောင်ပြီးတော့မှပဲ ကြည့်၊ မကြည့် တွေးရပါတယ်။ ရုပ်ရှင်ပိုစတာမှာ ပါးစပ် နားရွက်တက်ချိတ်မတတ် ရယ်နေကြတဲ့ မင်းသား၊ မင်းသမီး တအုပ်ကြီးတွေ့ပြီဆိုရင်တော့ ဝေးဝေးက ရှောင်ပါတယ်။ ဒါဆိုရင်တော့ တကားလုံး ကလိထိုးဟာသတွေ ခပ်များများ သုံးမယ်၊ ဘန်းစကားတွေကို ရုပ်ရှင်ဇာတ်ကား ဆိုတာမှ အားမနာ ပြောကြမယ် စသည်ဖြင့် ကြိုသိနေရတာပါပဲ။ ပင်လယ်ကမ်းခြေကို နောက် ခံထားပြီဆိုရင်တော့ ကမ်းခြေမှာ သူငယ်ချင်းအဖွဲ့နှစ်ဖွဲ့ ဟိုဘက်ဒီဘက် ငြင်းကြခုန်ကြ ရန်ဖြစ်ကြ၊ နောက်တော့ အတွဲတွေဖြစ်ကြဆိုတာလို ဇာတ်မျိုးလာပါလိမ့်မယ်။ ကမ်းခြေမှာ အပြင်ကလူတွေ ဘယ်သူမှမဝတ်တဲ့ ခပ်ကြောင်ကြောင် ဖက်ရှင်တွေကိုလည်း တွေ့ကောင်းတွေ့ရနိုင် ပါတယ်။
ဇာတ်ကားနာမည် ရွေးရတာကတော့ အခုနောက်ပိုင်း ရုပ်ရှင်ဇာတ်ကားတချို့ (အကုန်လုံးတော့ မဆိုလိုပါ) ဟာ အပြင်မှာတောင် ပြောထွက်ဖို့ ရာ မရဲလောက်တဲ့ စကားလုံးမျိုးကို ဇာတ်ကားနာမည် ပေးပစ်လိုက်ကြတာပါပဲ။ ဒါမှပဲ ပရိသတ် စိတ်ဝင်စားမယ်လို့ ယူဆလေသလား မပြော တတ်ပါဘူး။
တိုတိုပြောရရင်တော့ “တိုက်ဆိုင်မှုရှိလျှင်” ဟာ သာမန်ရုပ်ရှင်ကြည့် ပရိသတ်တယောက်သာ ဖြစ်တဲ့ ကျမရဲ့ ပုဂ္ဂလိကရွေးချယ်မှုစံနဲ့ ညီနေ ပါတယ်။ သရုပ်ဆောင်တွေကို ၅၀ ရာခိုင်နှုန်း စိတ်ဝင်စားတယ်။ ဒါရိုက်တာကို ယုံကြည်တယ်။ ဇာတ်ကားကလည်းပဲ ကြည့်လိုက်တာနဲ့တင် ချစ်ခြင်းမေတ္တာသို့မဟုတ် မိသားစုဘဝကို ပုံဖော်မယ့်ဇာတ်လို့ မှန်းသာတယ်။ ဒီအချက်တွေကြောင့် “တိုက်ဆိုင်မှုရှိလျှင်” ကို ကြည့်ပါတယ်။
“တိုက်ဆိုင်မှုရှိလျှင်” ဟာ အကျုဉ်းချုပ် စကားလုံးတလုံးတည်း သုံးလို့ ညွှန်းဆိုရရင်တော့ အိမ်ထောင်ရေးဇာတ်ပါ။ ဒေါက်တာသက်ပိုင်စိုး (ပြေတီဦး) နဲ့ အမရာ (မိုးဟေကို)တို့ ဇနီးမောင်နှံ၊ သားလေး စည်သူစိုး (ကလေးသရုပ်ဆောင် ဂျိမ်းဂျိမ်း၊ ကျားပေါက်) တို့ရဲ့ အေးချမ်းနေတဲ့ မိသားစုဘဝ၊ စိတ်ဒဏ်ရာတွေရနေရာက ဒေါက်တာသက်ပိုင်စိုးကို တွယ်မိတွယ်ရာ တွယ်ရင်း ပိုင်ဆိုင်လိုမှု အတ္တကိုသာ ရှေ့တန်းတင်လာတဲ့ အိန္ဒိယမင်းသမီး အန်ဂျလာ (လိုင်လာခမ်း)၊ သက်ပိုင်စိုးရဲ့ မိတ်ဆွေ၊ မိသားစုအပေါ် စေတနာထားသူ ကိုကိုလွင် (ရဲအောင်)၊ မဝေ (မေသဉ္ဇာ ဦး) တို့တတွေရဲ့ အားပြိုင်မှုတွေကို ဒီဇာတ်ကားမှာ တွေ့ရပါတယ်။
ဇာတ်ကို စဖွင့်တဲ့အချိန်မှာတော့ သက်ပိုင်စိုးဟာ ကျန်းမာရေး ဆိုးရွားယိုယွင်းနေပြီ။ အသည်းအစားထိုး ကုလို့ရရင်တော့ ဇနီးဟောင်း အမရာက သူ့အသည်းတခြမ်းကို ပေးချင်ပါသတဲ့။ ဒါကို ကိုကိုလွင်၊ မဝေတို့က အံ့အားသင့် တားမြစ်တယ်။ သူတို့ရဲ့ ပြောစကားတွေက တဆင့်ပဲ ဖောက်ပြန်ခဲ့တဲ့ခင်ပွန်းလို့ ပရိသတ်က သိရတယ်။ နောက် သားလေး စည်သူစိုး (မြတ်သူအောင်) က ဝေဒနာတွေ ခံစားနေရတဲ့ ဖခင်ကို သွားတွေ့ရာက ဖခင်ပေးတဲ့ ဒိုင်ယာရီကို ပြန်ဖတ်တဲ့အခါ နောက်ကြောင်းပြန်ပါတယ်။
သက်ပိုင်စိုးက အလုပ်အပေါ် တာဝန်ကျေပွန်တဲ့ဆရာဝန်။ မိသားစုဘဝကလည်း သာသာယာယာ။ အန်ဂျလာကို ဆေးကုသပေးရချိန်ကစလို့ သူတို့ဘ၀ ကပြောင်းကပြန်ဖြစ်ဖို့ စလာပါတယ်။ အန်ဂျလာက စိတ်ဒဏ်ရာရနေသူမို့ ကြောက်လှပါချည်ရဲ့နဲ့ သူ တည်းခိုရာ ဟိုတယ်အခန်းထဲ မရောက်ရောက်အောင် ခေါ်တာကို သက်ပိုင်စိုးက ရောက်သွားတယ်။ နောက်တော့ နေကောင်း ကျန်းမာတဲ့အခါ တန်ဖိုးကြီး စိန်လက်စွပ် လက်ဆောင်ပေးတယ်။ ဂျာနယ်တွေမှာ ပါရှိရာက လင်မယား ပြဿနာစပါတယ်။ အန်ဂျလာကတော့ တဆင့်ပြီးတဆင့် ရှေ့တိုးလာတာပါ ပဲ။ သူ့ကို လက်ထပ်ရမယ်၊ ဇနီးကို ကွာရှင်းရမယ်၊ ဒါကို မလိုက်လျောရင် သူ့မှာရှိတဲ့ ဗီဒီယိုဖိုင်နဲ့ တရားစွဲမယ်ဆိုတယ်။ နောက်ဆုံးတော့ သားလေး ရှေ့ရေးငဲ့ပြီး သက်ပိုင်စိုးက အန်ဂျလာကို လက်ထပ်လိုက်ရပါတယ်။ စည်သူစိုး သွေးလွန်တုပ်ကွေး လက္ခဏာနဲ့ ဆေးရုံတက်ရမယ့် ညမှာ သွားခွင့်မပြုကြောင်း အန်ဂျလာ ဆိုပေမယ့် သက်ပိုင်စိုးက နောက်မဆုတ်ဘူး။ အဲဒီမှာပဲ အန်ဂျလာက သူ့ကိုယ်သူ သတ်သေသွားပါ ရော။ ပစ္စုပ္ပန်ကို ပြန်ရောက်ရာမှာ သားလေးက သူတို့အပေါ် အနစ်နာခံခဲ့တဲ့ အဖေကို နားလည်၊ နောက်ဆုံးမှာတော့ မျှော်လင့်ထားသလိုပဲ သက်ပိုင်စိုး သေဆုံးတာနဲ့ ဇာတ်ကို အဆုံးသတ်ပါတယ်။
ဇာတ်ကားတခုလုံး ခြုံကြည့်ရင်တော့ ပရိသတ်ကို ပေးချင်တဲ့ Message ကောင်းတယ်၊ ဇာတ်ကလည်း မြန်မာပရိသတ် ကြိုက်လောက်တဲ့ ဇာတ်မျိုးဖြစ်တယ်၊ သရုပ်ဆောင်တွေကလည်း ပရိသတ်အကြိုက် ဖြစ်တယ်၊ မြန်မာပြည်ဖွား အိန္ဒိယမင်းသမီးကိုလည်း စိတ်ဝင်စားကြတယ်၊ တင်ပြပုံ၊ ရိုက်ချက်တွေ ကောင်းတယ် စတဲ့စတဲ့ အချက်တွေကြောင့် ပြသတဲ့ရုံတိုင်းလိုလို ပွဲစဉ်တိုင်းမှာ ပရိသတ်စည်တာကို တွေ့ရပါတယ်။
ဒါလေးတွေ ပြင်လိုက်ရင် ပိုများကောင်းလာလေမလားလို့ ဈေးဆစ်လို့ရရင် စစ်ချင်တာလေးတွေတော့ ရှိပါတယ်။
ပြောချင်တာ တခုက ပြေတီဦးရဲ့ သရုပ်ဆောင်မှုပါ။ ပြေတီဦးက အငို အလွမ်းပိုင်တော့ (လက်ပံတုန်းကလိုပဲ) ငိုရမယ့်အခန်းမှာ ပိုင်ပိုင်နိုင်နိုင် ပီပီပြင်ပြင် ငိုပါတယ်။ မျက်ရည်လည်ရွှဲ ဇာတ်ကွက် တွေဟာ အကယ်ဒမီကို မှန်းနိုင်တယ်လို့လည်း ဆိုကောင်းဆိုနိုင်တယ်။ ဒါပေမယ့် ပရိသတ်တယောက်ရဲ့အမြင်နဲ့တော့ မျက်ရည်တွေရဲ့ ၅၀ ရာခိုင်နှုန်းလောက် လျှော့ငိုလိုက်ရင် ပိုများ ပြည့်စုံသွားမလားလို့ ဆိုချင်တယ်။ တချို့အခန်းတွေမှာ မျက်လုံးထဲ အဆွေးရိပ်တချက် ဝေ့ပြီး မျက်ရည်လေး ဝေနေရုံနဲ့ ပရိသတ်ကလည်း လိုက်လွမ်းနိုင်မယ် ထင်တာပါပဲ။
မိုးဟေကို ကတော့ ကျမ ကြည့်မြင်ဖူးသမျှထဲ သူ့ရဲ့ အကောင်းဆုံး သရုပ်ဆောင်မှုတွေ ဒီဇာတ်ကားမှာ တွေ့ရပါတယ်။ လင်ယောကျာ်ကို ချစ်ခင်အားကိုးမှု၊ မိန်းမတယောက်ရဲ့ မာနတရား၊ သားအပေါ်ထားတဲ့အချစ် စတာတွေကို အပိုသိပ်မလုပ် (လုံးလုံးမလုပ်ဘူးတော့ မဟုတ်) ဘဲ ပြသွားနိုင်ပါတယ်။ သားကလေးက ဆေးရုံကုတင်ထက်မှာ ပက်လက်ဖြစ်နေတုန်း ဆံပင်တွေ သပ်သပ်ရပ်ရပ် စည်းနှောင်ပြီး ပြင်ဆင် ခြယ်သ လှပနေတာလိုမျိုး ထောက်ပြစရာတချို့ကလွဲရင် သူ့အတွက် မှတ်တိုင်တခု ဖြစ်ကောင်းဖြစ်နိုင်တဲ့ ဇာတ်ကားပါ။
မြန်မာပြည်ဖွား အိန္ဒိယမင်းသမီးကတော့ မြန်မာပရိသတ်အတွက် မြင်နေကျရုပ်ရည် မဟုတ်တာကလွဲရင် သရုပ်ဆောင် ပိုင်နိုင်လှသူပါ။ အခန်းတိုင်းကို သဘာ၀ ကျကျ သရုပ်ဆောင် သွားခဲ့ပါတယ်။ ဗီလိန်နေရာမှာ ပိုင်နိုင်ပီပြင်လှပြီး ပရိသတ်အချစ်ကို တကွက်လောက်တောင် ပြန်ယူမသွားခဲ့ပါဘူး။ မြန်မာရုပ်ရှင်၊ ဗီဒီယိုတော်တော်များများမှာ မင်းသား၊ မင်းသမီးတွေ ဗီလိန်နေရာက သရုပ်ဆောင်ရင် သူတို့ကို ပြန်ဆယ်ပေးတဲ့ အခန်းလေး နောက်ပိုင်းကျရင် ထည့်ပေးတတ်ပါတယ်။ လိုင်လာခမ်းမဟုတ်တဲ့ မြန်မာမင်းသမီး တလက်ဆိုရင်တော့ ဇာတ် က ဒီလိုပဲရှိမလား၊ တမျိုးများ ပြောင်းလေမလားလို့ တွေးမိတာပါပဲ။ ကျန်တဲ့ဇာတ်ပို့များကတော့ ကိုယ့်နေရာကိုယ် ပီပြင်သေသပ်ကြတယ်ပဲ မြင်ပါတယ်။ အထူးသဖြင့် ကလေးသရုပ်ဆောင်တွေ အတော်ပီပြင်ပါတယ်။ ငယ်ရွယ်စဉ်အခန်း သရုပ်ဆောင်တဲ့ ဂျိမ်းဂျိမ်းရော၊ နည်းနည်း ကြီးပြင်းလာတဲ့ဘဝကို သရုပ်ဆောင်တဲ့ ကျားပေါက်ရော ပြောစရာမရှိပါ။ ခန်းဆီးလိုက်ကာဖွင့်တဲ့ အမှတ်တရနဲ့အတူ ဖခင်ကိုလွမ်းတဲ့အ ခန်းမှာ မျက်ရည်လေး စီးကျပြီး ခေါင်းအုံးထက် မျက်နှာဝှက်လိုက်တဲ့ ကျားပေါက်ရဲ့ အမူအရာဟာ ရင်နင့်ရပါတယ်။
ဒီရုပ်ရှင်မှာ ထပ်ပြီးပြောလို့ရရင် ဖြည့်ချင်တာတွေကတော့ ခေတ်ပါ။
“သားကို ဖေဖေ ပြောပြဖို့စောင့်နေတာ အနှစ် ၂၀ ကြာခဲ့ပြီ” လို့ သက်ပိုင်စိုးက ဆိုခဲ့ပေမယ့် အတိတ်ရယ်လို့ ပြန်ပြတဲ့အချိန်မှာ အသုံးအဆောင်၊ အဆောက်အဦတွေကို အခုအချိန်နီးပါး ရိုက်ပြခဲ့ပါတယ်။ ကျမသာ အမှတ်မမှားရင် အန်ဂျလာနဲ့ သက်ပိုင်စိုးကို သတင်းထောက်တွေ ဓာတ်ပုံဝိုင်းရိုက်ကြတော့ ဖုန်းနဲ့ ရိုက်တာတွေတောင် ပါသလားလို့၊ နောက် အသံဖမ်းစက် ဆိုရင်လည်း ကက်ဆက်သာ သုံးဦးမယ့် ခေတ်ပါ။ ဒီဂျစ်တယ် ကင်မရာလေးလည်း တွေ့လိုက်တယ် ထင်တာပါပဲ။ နောက်ပြီး သက်ပိုင်စိုးကို အန်ဂျလာ အကြပ်ကိုင်တဲ့ ဗီဒီယိုဖိုင်က ဘယ်ကရသလဲ၊ ဟိုတယ်ကလား၊ စီစီတီဗီ အဲဒီအချိန်တုန်းက တပ်ထားပါပြီလား၊ ဟိုတယ်အခန်းထဲမှာ အန်ဂျလာအတွက် သက်ပိုင်စိုး ထည့်ပေးခဲ့တဲ့ သူနာပြုဆရာမလေးက သက်သေလိုက်ပေးလို့ ရပါလျက်နဲ့ အဲဒီ တကွက် ဘာလို့များ ပျောက်သွားပါသလဲ။ လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းက ပုဂ္ဂလိက ဆေးရုံကြီးကလည်း ဟီးနေတာကတော့ ရုပ်ရှင်မို့ ထားလိုက်ပါလို့ပဲ ဆိုရမလိုပါ။ သရုပ်ဆောင်တွေရဲ့ အမူအရာကိုသာ ကြည့်နေမိတာကြောင့် ကျန်တာတွေတော့ အသေးစိတ် မမှတ်မိပါ။ မှတ်မိတာတွေလည်း အကျယ်ချဲ့ မပြောတော့ပါ။
“ကျနော်တို့ မြန်မာတွေကတော့ စည်းကမ်းနဲ့ စောင့်ထိန်းရခြင်းကို နှလုံးသားလို့ မြင်ပါတယ်” လို့ အဓိက ဇာတ်ကောင် သက်ပိုင်စိုးက ပြောခဲ့ ပါတယ်။ နှလုံးသားရဲ့ ဆန္ဒကို မလိုက်ရင် စက်ရုပ်တွေပဲလို့ အဓိပ္ပာယ်ရတဲ့ စကားကို အန်ဂျလာက ပြောတာကြောင့် တုံ့ပြန်ခဲ့တာပါ။ ဒါဟာ ဒီရုပ်ရှင်ထဲက စေတနာပါတဲ့ စကားတွေထဲကမှ တခွန်းပါပဲ။ အမရာကလည်း ဒီရုပ်ရှင်ကို ကြည့်ရင်းနဲ့ တိုက်ဆိုင်တယ် ထင်ပါသလားတဲ့၊ ထင် ရင် အဲဒီသူကိုပဲ ရည်ရွယ်ပါသတဲ့။
“တိုက်ဆိုင်မှုရှိလျှင်” ဟာ ဆိုခဲ့တဲ့အတိုင်း ပရိသတ်ကို ချပြချင်တဲ့ စေတနာ လှပါတယ်။ စကားလုံးတွေ လှသလို ပရိသတ်ရင်ထဲ ထည့်ပေးချင် တဲ့ အသိလည်း လှပါတယ်။ နဂိုရှိပြီးသား အသိလည်း ဖြစ်မယ်၊ ဒါကိုမှ ထပ်ပြီး အရောင်တင်ပေး နိုင်ပါလိမ့်မယ်။ ဒီစေတနာလေး တခုနဲ့တင် ဖန်တီးသူတွေကို ကျေးဇူးတင်ရပါတယ်။ ။