လူမှုကွန်ရက် မီဒီယာတွေမှာ လူသိများတဲ့ Sexy Post မော်ဒယ်လ်တွေဖြစ်တဲ့ ဇွန်သဉ္ဇာ၊ ဇာဇာထက် နဲ့ ကဗျာကိုတို့ ပါဝင်တဲ့ Dance For Life ပါတီပွဲကို ရန်ကုန်မှာ ပြုလုပ်မယ်လို့ သိရပါတယ်။
အဲဒီ ပါတီပွဲကိုတော့ လာမယ့် အောက်တိုဘာ ၃ ရက်နေ့ ညနေ ၆ နာရီကနေ ည ၁၁ နာရီအထိ GTR 2 ကလပ်မှာ ပြုလုပ်မှာလို့ ပွဲစီစဉ်သူတွေထံက သိရပါတယ်။
ဇွန်သဉ္ဇာ၊ ဇာဇာထက်နဲ့ ကဗျာကိုတို့လို Sexy lady တွေနဲ့ ဆုံတွေ့နိုင်ကြမှာ ဖြစ်ကြောင်း၊ တခြားပါတီပွဲတွေနဲ့ မတူဘဲ ထူးခြားတဲ့ အစီအစဉ်တချို့လည်း ပါဝင်မှာဖြစ်ကြောင်း ရေးထားတဲ့ ပွဲကြော်ငြာ စာစောင်ကို ပွဲစီစဉ်သူတွေနဲ့ ကူညီသူ တွေက သူတို့ရဲ့ facebook စာမျက်နှာတွေထက်မှာ တင်ထားတာ တွေ့ရပါတယ်။
“သူတို့တွေနဲ့ ကြော်ငြာဖြစ်တာကတော့ ပွဲကို လူစိတ်ဝင်စားမှု များစေချင်တာလည်း ပါတယ်၊ ပုဂ္ဂိုလ်ရေးအရလည်း ခင်နေတော့ ကူညီပေးတယ်၊ သူတို့က ပွဲရဲ့ Intro Sexy Dance တွေ ကပြမှာပါ” လို့ ပွဲစီစဉ်သူတဦး ဖြစ်တဲ့ DJ Japan က ဧရာဝတီကို ရှင်းပြပါတယ်။
Dance for life ဆိုတာတော့ အမေရိကန်နိုင်ငံ ချီကာဂိုမြို့အခြေစိုက် အကအဖွဲ့တခုရဲ့ နာမည်ကို မူပိုင်ခွင့်တင်ပြီး အသုံးပြုတာဖြစ်တယ်လို့ သိရပါတယ်။
“နိုင်င်ငံခြား က အဖွဲ့အစည်းတခုရဲ့နာမည်ကို Copy Right ယူပြီး လုပ်တဲ့ ပထမဆုံးပွဲလို့ ပြောလို့ရမယ်၊ နိုင်ငံခြားမှာက ခေတ်စားနေတာကြာပြီ၊ ဒီမှာကတော့ အခုမှ စမှာ” လို့ DJ Japan က ပြောပါတယ်။
Dance for life ဆိုတာကတော့ ချီကာဂို မြို့မှာရှိတဲ့ အကပညာရှင်တွေ ပါဝင်တဲ့ အဖွဲ့အစည်းတခုဖြစ်ပြီး အဲဒီ အဖွဲ့က
သူတို့ရဲ့ အကဖျော်ဖြေမှုတွေကနေ ရရှိလာတဲ့ရန်ပုံငွေတွေကို HIV၊ AIDS ဝေဒနာရှင်တွေအတွက် ကူညီထောက်ပံ့ ပေးနေတဲ့ အဖွဲ့အစည်းတခုဖြစ်ပါတယ်။
“ကျနော်တို့တတွေလည်း နောက်ပိုင်းမှာ ဖျော်ဖြေပွဲတွေလုပ်ပြီး ရလာတဲ့ ငွေတွေနဲ့ မြန်မာနိုင်ငံက HIV/ AIDS
ဝေဒနာရှင်တွေကို ထောက်ပံ့မှုတွေ လုပ်ပေးဖို့ အစီအစဉ်တွေ ရှိတယ်” လို့ DJ Japan က ရှင်းပြပါတယ်။
Dance for life ပါတီပွဲပြုလုပ်မယ့် အကြောင်း ကြော်ငြာခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ လက်မှတ်ဝယ်ဖို့ စိတ်ဝင်စားတဲ့ လူငယ်တွေ အများအပြား ရှိနေပြီလို့လည်း သိရပါတယ်။
လက်ရှိမှာတော့ ၆၀၀၀၀ ကျပ်တန် VIP ဝိုင်း ၅ ဝိုင်းစာ အကြိုစာရင်း ရထားပြီး ပွဲလက်မှတ် ၃၀၀ ခန့်သာ ရောင်းချပေးမှာဖြစ်တယ်လို့ ပွဲစီစဉ်သူတွေက ဆိုပါတယ်။
ပါတီပွဲအတွက် သာမန်လက်မှတ်တစောင်ကိုတော့ ၁၀၀၀၀ ကျပ်နဲ့ ရောင်းချမှာဖြစ်ပြီး VIP လက်မှတ် တစောင် ၆၀၀၀၀ ကျပ်၊ VVIP လက်မှတ် ၇၀၀၀၀ ကျပ်နဲ့ VVVIP လက်မှတ်အတွက် ၉၀၀၀၀ ကျပ်ဆိုပြီး သတ်မှတ်ထားပါတယ်။
အောက်တိုဘာ ၃ ရက်မှာ ပြုလုပ်မယ့် Dance for life ပါတီပွဲ ကျင်းပပြီးရင်တော့ ပြည်မြို့မှာလည်း DJ Concert တခု ကျင်းပဖို့ စီစဉ်နေကြတယ်လို့လည်း သိရပါတယ်။
“Sexy lady တွေ ဆုံတဲ့ညလို့ ပြောလို့ရမလား၊ မြင်မကောင်းအောင် ပွဲက လှတော့မှာ” ဆိုပြီး ပါတီပွဲမှာ Intro Sexy Dance ကပြမယ့် မော်ဒယ်လ် ကဗျာကိုက သူ့ရဲ့ facebook စာမျက်နှာမှာ ပါတီပွဲနဲ့ ပတ်သက်ပြီး ကြေညာထားပါတယ်။
လူမှုမီဒီယာတွေထက်မှာတော့ ဒီပွဲပြုလုပ်မယ့် ကြော်ငြာပုံစံတွေဟာ မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ညီဘူး၊ ရပ်ကွက်တွင်း တရားပွဲတွေ အတွက် ခွင့်ပြုချက်ယူရခက်ပေမယ့် ဒီလို ပါတီပွဲတွေပြုလုပ်တာကို သက်ဆိုင်ရာက ခွင့်ပြုတယ် ဆိုတဲ့ ဝေဖန်သံတွေ ရှိနေပါတယ်။
“ကျနော်တို့လုပ်တာ ညဘက်ပါတီဖြစ်တယ်၊ ဒါကြောင့် ခွင့်ပြုချက် ယူစရာမလိုဘူး၊ အရင်ကလည်း ဒီလိုမျိုးတွေ လုပ်နေကြပဲ၊ အခုမှ မဇွန်သဉ္ဇာတို့ပုံတွေနဲ့ ကြော်ငြာလိုက်တော့ လူတွေသိသွားတာ၊ အဓိက ကတော့ လူငယ်ထု အတွက်လေ” လို့ ပွဲစီစဉ်သူ DJ Japan က ပြောပါတယ်။