SFU

Sexy မော်ဒယ်လ်တွေ ကပြမယ့် ပါတီ ကျင်းပမယ့်နေရာ အပြောင်းအလဲရှိ

This article has been converted from Zawgyi One to Unicode

Sexy မော်ဒယ်လ်တွေ ပါဝင်ကပြမယ့် Dance For Life ပါတီ ပွဲကို မူလကြော်ငြာထားတဲ့ GTR2 ကလပ်မှာ ကျင်းပဖြစ်တော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။

ပါတီပွဲကျင်းပဖို့ ကြော်ငြာခဲ့စဉ်က GTR 2 ကလပ်မှာ လုပ်မယ်ဆိုပြီး ဖော်ပြခဲ့ပေမယ့် ကလပ်ဘက်က ပါတီပွဲပြုလုပ်ခွင့် မပေးတော့တာကြောင့်နေရာကို ပြောင်းလဲလိုက်ရတယ်လို့ ပွဲစီစဉ်သူဖြစ်တဲ့ DJ Japan က ဧရာဝတီကို ပြောပါတယ်။

အဲဒီပါတီကို ကျင်းပမယ့် နေရာအတိအကျကို မသိရသေးဘဲ၊ လာမယ့်အောက်တိုဘာ ၃ ရက်နေ့ ညနေ ၆ နာရီကနေ ည ၁၁ နာရီအထိ ရန်ကုန်မြို့မှာရှိတဲ့ ကလပ်တခုမှာ ကျင်းပမယ်လို့ စီစဉ်သူတွေက ဆိုပါတယ်။

“ကျနော်တို့တတွေလည်း ဒီပွဲ မှာ အလှူခံဖို့ အစီအစဉ်ရှိမယ်၊ အဲဒီက ရလာတဲ့ငွေတွေကို HIV/ AIDS ဝေဒနာရှင်တွေကို ထောက်ပံ့မယ်၊ ဒီပွဲအပေါ်မှာ အမြင်တွေ အမျိုးမျိုးရှိနေတယ်၊ ကြော်ငြာကိုကြည့်ပြီးလည်း ထင်ကောင်းထင်နိုင်ပါတယ်၊ ဒါပေမယ့် ဘယ်လိုပွဲလဲဆိုတာ လာကြည့်ပြီးမှ ဆုံးဖြတ်ဖို့ ပြောချင်တယ်” လို့ ပွဲစီစဉ်သူ DJ Japan က ပြောပါတယ်။

အဲဒီပါတီပွဲလိုမျိုး ပွဲတွေ အများအပြား ကလပ်တွေမှာ ကျင်းပဖူးခဲ့ပေမယ့် ဒီတခေါက်ပွဲ ကျင်းပမယ့်အကြောင်းကို Sexy Post မော်ဒယ်လ်တွေဖြစ်တဲ့ ဇွန်သဉ္ဇာ၊ ဇာဇာထက်နဲ့ ကဗျာကို တို့က သူတို့ရဲ့ facebook စာမျက်နှာတွေမှာ တရားဝင် တင်လိုက်တာကြောင့် ပါတီပွဲအပေါ် အမြင်တွေ အမျိုးမျိုးဖြစ်ကုန်ပြီး ဝေဖန်မှုတွေ ဖြစ်လာပုံရတယ်လို့ သူက သုံးသပ် ပါတယ်။

“ဘယ်မှာလုပ်မယ်ဆိုတာကို လောလောဆယ် မပြောသေးဘူး၊ ကျနော်တို့က GTR 2 ကို နှုတ်ကတိနဲ့ပဲ နေရာ ငှားထားခဲ့တာကိုး၊ နောက်ထပ် အဲဒီလို အဖြစ်မခံချင်တော့ ဘယ်မှာ လုပ်မယ်ဆိုတာကို လောလောဆယ်မပြောသေးဘူး၊ ဒီပွဲကို ဖြစ်အောင်ကို လုပ်မှာပါ” လို့ DJ Japan က ဆိုပါတယ်။

ဆက်စပ်သတင်း

 

Loading