ထုတ်ဝေသည့်နှစ် – ပထမအကြိမ်၊ သြဂုတ်၊ ၂၀၁၄
အုပ်ရေ – ၅၀၀
တန်ဖိုး – ၄၅၀၀ ကျပ်
၂၀၁၁ ဇွန်လ ၉ ရက်နေ့က ကျမတို့ ဧရာဝတီ မီဒီယာရုံးခန်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်ပင် ရှိနေသေးသည်။ သတင်းခန်း တွင် ဘယ်သူက စပြောလိုက်သည် မသိ …။
“ကချင်ပြည်နယ်မှာ အစိုးရ စစ်တပ်နဲ့ KIA ပြန်ပစ်နေကြပြီ”
၁၉၉၄ ခုနှစ်က အပစ်ရပ်ခဲ့သော ထိုဒေသတွင် ၂၀၁၀ ရွေးကောက်ပွဲပြီး၍ ၇ လခန့်အကြာမှ စတင်ကာ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခြင်း …။ အပစ်အခတ် သတင်းများ၊ ကချင် စစ်ဘေးရှောင် ဒုက္ခသည် သတင်းများကို ဆက်တိုက်ဆိုသလို ဖော်ပြလိုက်ရသည်မှာ ယနေ့တိုင် မပြီးဆုံးနိုင်သေး။ ၃ နှစ်ပင် ကျော်ခဲ့ပြီ။ စိတ်မချမ်းသာဖွယ် ထိုသတင်းများကို ရေးသားရ၊ ဖတ်ရှုရ၊ ဖော်ပြနေရသည်များကို ဘယ်မီဒီယာကမှ ဆက်လုပ်ချင်ကြမည် မဟုတ်မှန်း ကျမ ယုံကြည်ပါသည်။
ဒုက္ခသည်တွေ ထွက်ပြေးကြရပြန်ပြီ၊ ကလေးများ စာသင်ကြားခွင့် မရှိတော့၊ ဒုက္ခသည် စခန်းတွင်းမှ အစားအစာနှင့် အဝတ်အထည် ရှားပါးမှု ပြဿနာ၊ သွေးလွန်တုပ်ကွေး၊ ငှက်ဖျား၊ HIV ၊ စိမ့်နေအောင်အေးသည့် ဒေသမှ အနွေးထည်နှင့် စောင်များ လိုအပ်ချက် … ဘယ်ဘက်က ဘယ်လောက် ကျဆုံးသည် … စသည့်သတင်းများမှာ လက်ရှိ စားပွဲဝိုင်းပေါ်တွင် လူကြီးများ အချင်းချင်း ငြိမ်းချမ်းရေး အတွက် … ညှိနှိုင်းနေကြသည်ဆိုသည့် အချိန်အထိ ဝင်လာမစဲ တသဲသဲ … စိတ်မချမ်းမြေ့ဖွယ် …။
ငြိမ်းချမ်းရေး … ထို ငြိမ်းချမ်းရေးကို မလိုချင်သူ ဘယ်သူတွေများ ရှိနေပါလိမ့်။ စစ်ကြောင့် ကွဲကွာခဲ့ရသည့် သူငယ်ချင်းများ၊ စစ်ကြောင့် သားသမီးကို စွန့်လွှတ်လိုက်ရသည့် မိခင်ဖခင်များ၊ စစ်ကြောင့် ခင်ပွန်းသည်ကို ဆုံးရှုံးလိုက်ရသည့် ဇနီးသည်များ၊ စစ်ကြောင့် အစ်ကိုတွေ၊ မောင်တွေကို ခွဲခွာနေရသည့် ညီမ၊ အစ်မများ … စစ်ကြောင့် … စစ်ကြောင့် … ထိုစစ်ကို မည်သူကများ မက်မက်စက်စက် ချစ်ခင် တွယ်တာနေကြပါသလဲ။
“မြောက်ဖျားက အလွမ်းရာသီ” ဆိုသည့် စာရေးဆရာမ စံပယ်ဖြူနု၏ ဝတ္ထုထဲတွင်တော့ ကချင်ပြည်နယ်မှ စစ်ပွဲများကြောင့် ကွဲကွာနေရသည့် အဖေတူ အမေကွဲ ညီမလေးကို လိုက်လံရှာဖွေခဲ့သည့် အစ်မတဦးကို တွေ့ရသည်။
စံပယ်ဖြူနုကို လူချင်း မနေ့တနေ့ကမှ တွေ့ဖူး၊ စကားပြောဖူးသည်။ သူ့ပုံစံက နွဲ့နွဲ့နှောင်းနှောင်း၊ လှလှပပ၊ ချစ်စဖွယ် အပြုံးကလေးနှင့် … စကားကို တိုးတိုးညင်သာ ဆိုတတ်သူ။ သို့သော် ထိုသို့သော သူက ကချင်စစ်ဘေးရှောင် ဒုက္ခသည် စခန်းများဆီ လနှင့်ချီ၍ သွားရောက်ခဲ့ကာ ထိုသို့သော ဝတ္ထုကို ရေးခဲ့သည်တဲ့ …။ သူ့ပုံစံနှင့် သူ့ဝတ္ထုကို တွဲဖက်ကြည့်၍ မရ၊ ကျမကိုယ်တိုင် ထို ဒုက္ခသည် စခန်းများအထိ မရောက်ဖူးသော်လည်း ထိုင်းမြန်မာနယ်စပ်က အခြေကျပြီးဖြစ်သည့် ဒုက္ခသည်စခန်းများဆီ ရောက်ဖူးသည်။ အခြေကျပြီးသည့်တိုင် … အဆိုပါ ဒေသများကို ရောက်ဖို့ ဘယ်လောက် ဒုက္ခခံ သွားလာရသည်ကို ကျမ ရိပ်မိသည်။ သတင်းများ တည်းဖြတ်ရင်းလည်း ထို ဒေသများ၏ စိတ်မချမ်းမြေ့ဖွယ်ရာများကို ကိုယ်တိုင်ကြုံတွေ့နေရသည့်နှယ် ခံစားဖူးသည်။ ထိုတချက်နှင့်ပင် စံပယ်ဖြူနုကို ချီးကျူးမိသည်။
အဖေတူ အမေကွဲ ညီမငယ်ကို ငယ်စဉ်ကလေးဘဝက မနာလိုစိတ်၊ အဖေ့ဘက်မှ တော်စပ်သူ အရီး၏ အရောင်ဆိုးပေး မှုကြောင့် ကလေးတယောက်၏ အဖြူရောင်စိတ်ဓာတ်ကလေး အရောင်ပြောင်းခဲ့ရပြီး ညီမဖြစ်သူအပေါ် မုန်းတီးစိတ် … ထိုစိတ်များကြောင့် မိသားစုကိုပင် ရှောင်ဖယ်ခဲ့ရာက ဖခင်အရင်းကိုပင် သူစိမ်းပြင်ပြင် ဖြစ်ခဲ့ပြီး ပစ်ထားခဲ့သူ … ရန်ကုန်တွင် အခြေကျနေပြီ ဖြစ်သော မေသီနွယ်သည် ထိုဝတ္ထု၏ အဓိက ဇာတ်ကောင် ဖြစ်သည်။ ဗန်းမော် မြို့နယ်နှင့် မဝေးလှသည့် ရွာကြီးတရွာတွင် နေထိုင်ပြီး ဆယ်တန်းကျကာ ယောက်ျားနောက်လိုက်ပြေး ခဲ့သည့်၊ ကချင်မိခင်က မွေးဖွားခဲ့သော မေသီနွယ်၏ ညီမလေး အဆိုင်း ကတော့ ခင်ပွန်းသည်၏ ကျေးရွာ စစ်ပြေးရာတွင် လိုက်ပါသွားခဲ့ရသူ။ ဘယ်ရောက်လို့ ရောက်နေမှန်းမသိသည့် ညီမငယ်ကို ဖခင်ဖြစ်သူက ရှာဖွေစေချင်သည့်အခါ မေသီနွယ်တယောက် ကချင်စစ်ပြေး ဒုက္ခသည်စခန်းများဆီ တခုဝင် တခုထွက် ကောက်ရိုးပုံထဲ အပ်ပျောက်သလို ညီမ အရှာခရီး ထွက်ရတော့သည်။
အသက်အရွယ် ကြီးရင့်လာသည်နှင့် အမျှ ဖခင်အပေါ် မစိမ်းကားနိုင်တော့သလို၊ ညီမဖြစ်သူအပေါ် သိစိတ်က မုန်းတီးနေမှုများ ပျောက်ကွယ်ကာ ချစ်စိတ်၊ သနားစိတ်တို့ဖြင့် ဒုက္ခခံ ရှာဖွေခဲ့သည့် မေသီနွယ်၏ ခရီးက ကြမ်းတမ်းလှသည်။
ရွှေအမြုတေမဂ္ဂဇင်း အယ်ဒီတာချုပ် ဦးဝင်းငြိမ်း၏ အမှာတွင် စံပယ်ဖြူနု၏ အပြောထက် အပြကဲသော ရေးသားပုံကို ညွှန်းထားသည်။ ထိုအညွှန်းကို ကျမလည်း ထောက်ခံပါသည်။ ကချင်စစ်ပြေး ဒုက္ခသည် စခန်းများသို့ ကိုယ်တိုင် မရောက်ဖူးသည့် ကျမအတွက် စံပယ်ဖြူနု၏ အပြများက ဆွဲခေါ်သွားခဲ့သည်။ စာဖတ်သူ၏ မျက်စိထဲ ကွင်းကွင်း ကွက်ကွက် မြင်စေသော အပြများ …။ ညီမငယ်ကို ရှာဖွေစဉ် ခံစားရသည့် မေသီနွယ်က ကျမ ကိုယ်တိုင် ဖြစ်သွားသလို ခံစားရသည်။ လူမျိုးတူ မျိုးနွယ်တူ အဆိုင်းများစွာထဲမှ ညီမငယ် အဆိုင်းကို ရှာဖွေရင်း မေသီနွယ် စိတ်လှုပ်ရှားသလို ကျမလည်း စိတ်လှုပ်ရှားမိသည်။ ညီမငယ်ကိုရှာဖွေရင်း အထက်တန်းကျောင်းသူ ဘဝက သူငယ်ချင်း တဦးနှင့် ဒုက္ခသည် စခန်းတွင် ပြန်လည် ဆုံတွေ့ရသည်ကိုလည်း သူက ထည့်သွင်းရေးဖွဲ့ထားသည်။ ထိုသူငယ်ချင်း ကလည်း စစ်ဘေး ဒဏ်ကြောင့် အိမ်ကို၊ ရွာကို စွန့်လာရသူ …။ ပျော်ရွှင်စွာနေထိုင်ခဲ့ဖူးသည့် ရွာကလေးများကို စစ်ဘေးကြောင့် စွန့်ခွာခဲ့ရသူ များစွာ … ထိုများစွာကို မြောက်ဖျားက အလွမ်းရာသီထဲတွင် ကြေကွဲစွာ တွေ့ရသည်။ တဲအိမ်ဖြစ်ဖြစ်၊ တိုက်အိမ်ဖြစ်ဖြစ် … ငယ်ကတည်းက အခြေချ နေထိုင်ခဲ့ရာ၊ မိဘဘိုးဘွားများ ခေါင်းချခဲ့ရာ၊ အဝန်းအဝိုင်း အသိုက်အမြုံများစွာတို့ဖြင့် ခြံရံထားရာ မိမိ၏ အိမ်ကို ဘယ်သူကများ စွန့်ခွာချင်ပါ့မလဲ။ သို့သော် … စစ်ကြောင့် သူတို့ စွန့်ခွာခဲ့ရသည်ပဲ။
ပြီးတော့ ဗမာဆိုလျှင် အလိုလိုနေရင်း မုန်းတီးနေသော၊ ဗမာစစ်သားများကြောင့်၊ ဗမာများကြောင့် သူတို့ ခင်ပွန်း၊ သူတို့ ဖခင်၊ သူတို့ မောင်ဘွားများ သေဆုံးရသည်ဟု ယူဆနေသော ကချင်တိုင်းရင်းသားတချို့၏ အမုန်းကို စံပယ်ဖြူနုက ကွက်ကွက်ကွင်းကွင်း မြင်သာအောင် ရေးပြထားသည်။ တကယ်တော့ ဗမာရယ်၊ ကချင်ရယ်၊ ကရင်ရယ်မှ မဟုတ်။ စစ်ဖြစ်ပြီဟေ့ ဆိုလျှင် အောက်ခြေမှ ရဲဘော်များနှင့် စစ်မြေပြင်တွင် ရှိနေသည့် ကျေးရွာများသာ မြေဇာပင်။
“မကြာသေးဘူး အစ်မရယ် တစ်နှစ်တောင် မရှိသေးဘူး၊ အဘောက်နန်ရဲ့ ယောက်ျား တိုက်ပွဲမှာ ကျသွားတာလေ၊ သူ့စိတ်ထဲမှာ ဗမာစစ်သား သတ်တယ်လို့ပဲ စွဲနေတာ၊ တကယ်တော့ စစ်ရယ်လို့ ဖြစ်လာရင် နှစ်ဖက် အပြန်အလှန် သတ်ကြတော့တာပဲနော့၊ ဒါပေမယ့် အားကိုးရာမဲ့ပြီး စိတ်လည်း ထိခိုက်သွားတဲ့ အဘောက်နန်က ဒီလိုလည်း မစဉ်းစားနိုင်ဘူး ဟုတ်တယ်၊ ဗမာဆိုတဲ့ နာမည်ကြားရင်တောင် သူ့မျက်နှာပျက်တတ်တယ်။ ဗမာ စကားသံ ကြားရင်ကို လန့်နေတာပဲ ဆိုပါတော့”
မေသီနွယ်ကို ခရီးလမ်းတလျှောက် လိုက်ပါ စောင့်ရှောက်ခဲ့သူ၊ ဒုက္ခသည်များအား လိုက်လံကူညီ ပေးနေသည့် NGO ဝန်ထမ်းတဦး ဖြစ်သော အဒွဲ၏ စကား ဖြစ်သည်။ မေသီနွယ် တည်းခိုနေသည့် အိမ်မှ အဘောက်နန်က မေသီနွယ့်အပေါ် ချက်ချင်း မယုံမကြည် ဖြစ်ပုံ၊ တဖြည်းဖြည်း ညီမကို လိုက်လံရှာဖွေ နေသူ အဖြစ် ယုံကြည်လာပုံ တို့ကို ဖတ်ရသည်မှာ စိတ်မကောင်းစရာ၊ တွေးကြည့်ပြန်တော့လည်း စစ် ဘာကြောင့်ဖြစ်ရတာလဲ ဆိုသည့် အချက်ဖြင့်သာ အတွေးက အဆုံးသတ် ပြန်သည်။
ဝတ္ထုသဘောအရ နောက်ဆုံးအချိန်ကျမှ အဆိုင်းကို ပြန်တွေ့လိမ့်မည်ဟု ကျမ တွေးထားခဲ့သည်၊ ကြားထဲက စံပယ်ဖြူနု၏ အဖွဲ့အနွဲ့များကို စိတ်လည်း မရှည်ရင်း စိတ်လည်း ဝင်စားရင်း ဖတ်သွားမိသည်။ သို့သော် ကျမ တွေးထင်ထားသလို ရုပ်ရှင်ဆန်ဆန် … ဝတ္ထုအဆုံးသတ်တွင်မှ ညီအစ်မနှစ်ယောက် တွေ့ဆုံကာ ပျော်ကြလေသတည်း မဟုတ်ဘဲ၊ စာရေးသူက ကျမ ထင်မှတ် မထားသော နေရာတွင် မေသီနွယ်နှင့် အဆိုင်းကို ရုတ်တရက် ဆုံပေးလိုက်သည်။
ခင်ပွန်းဖြစ်သူက ရွှေတောတွင် သေနတ်မှန်ရင်း သေဆုံးခဲ့ရ၊ မကျန်းမာသည့် ယောက္ခမက တဘက်၊ လူမမယ်အရွယ် သမီးငယ်ကလေးက တဘက်နှင့် အိမ်ထောင် တခုလုံးကို ထိန်းသိမ်းနိုင်နင်းနေရသည့် မိန်းမကြီး တယောက်ပမာ ဖြစ်နေသော အဆိုင်းကို မေသီနွယ် တွေ့လိုက်ရချိန် … ကျမ မေသီနွယ်နေရာတွင်ဆိုလျှင်လည်း ညီမဖြစ်သူကို ဖခင်ကြီးနှင့် အမြန်ပေးတွေ့လိုက်ဖို့သာ စိတ်စောပေလိမ့်မည်။ သို့သော် အဆိုင်း၏ ယောင်းမငယ်လေးလည်း ရှိနေသေးသည်။ ထိုမိန်းကလေးသည် အစ်ကိုက သေနတ်မှန်သေဆုံး၊ မမာသည့် မိခင်ကြီးကို ယောင်းမဖြစ်သူက စောင့်ရှောက်ထားရ၊ သူကိုယ်တိုင်ကမူ ဘော်ဒါတခုတွင် သွားရောက်နေထိုင်ကာ စာသင်ကြားနေရသူ ဖြစ်သည်။ စိတ်ဒုက္ခများကို အရွယ်နှင့်မမျှ ခံစားနေရသောကြောင့် ထိုမိန်းကလေးက သူ့ကိုယ်သူ အဆုံးစီရင်ဖို့ပင် ကြိုးစားခဲ့ဖူးသူ။ သူတို့ အားကိုးနေရသည့် အဆိုင်း သူတို့ကို စွန့်ခွာသွားမည် ဆိုလျှင် သူတို့မိသားစုဘဝက မတွေးရဲစရာ။ တိုက်တိုက် ဆိုင်ဆိုင် အဆိုင်း မိဘရပ်ထံ ပြန်မည်ဆိုသည့် သတင်းနှင့် တပြိုင်နက်တည်း ထိုမိန်းကလေးက နောက်တကြိမ် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ ကြံစည်ပြန်သည်တဲ့။ အဆိုင်း အနေဖြင့် ထို မိသားစုကို ချန်ထားရစ်ကာ မိခင်ဖခင် ရင်ငွေ့တွင် အေးအေးသက်သာ သွားနေနိုင်မည်လား။
စံပယ်ဖြူနုက အဆိုင်းနှင့် မေသီနွယ်တို့၏ စိတ်ဓာတ်များကို ငယ်စဉ်ကလေးဘဝ အရွယ်ကတည်းက ကြီးပြင်းသည် အထိ စာဖတ်သူ နားလည်အောင် ဖွင့်ဆိုဖွဲ့ပြခဲ့သည်။ တဦးက အမုန်း၊ တဦးက အချစ်၊ တဦးက မာကျောသူ၊ တဦးက ပျော့ပြောင်းသူ။ သူ့အပေါ် မုန်းတီးနေခဲ့သည့် အစ်မကိုပင် မမုန်းနိုင်သော အဆိုင်းက သူ့ကို အားကိုးနေရသူ ဂီလနအဖွားအိုနှင့် စိတ်ဒဏ်ရာရနေသူ မိန်းကလေးကို ဘယ်လိုလုပ် စွန့်ခွာခဲ့နိုင်ပါ့မလဲ။
အဆိုင်းတွင် အိမ် ၃ မျိုး ရှိသည်။ မိခင်ဖခင်၊ အစ်မတို့နှင့် ငယ်ကတည်းက နေထိုင် ကြီးပြင်းခဲ့သည့် ပထမ အိမ်၊ ခင်ပွန်းသည်၊ ယောက္ခမ၊ ယောင်းမတို့ဖြင့် ပျော်ရွှင်ခဲ့ရသည့်၊ သမီးကလေးကို မွေးခဲ့သည့် ဒုတိယ အိမ်၊ စစ်ကြောင့် မနေချင်ဘဲ နေနေရသည့့် ဒုက္ခသည် စခန်းတွင်းမှ တတိယအိမ်တို့ ဖြစ်သည်။ ထို တတိယအိမ်မှ သူတို့ ပြန်ရဖို့ စစ်မှန်သော ငြိမ်းချမ်းရေး လိုပါသည်။ စစ်မှန်သော ငြိမ်းချမ်းရေးကို မရမချင်းတော့ ယောက္ခမနှင့် ယောင်းမတို့ကို စွန့်ကာ တကိုယ်ကောင်း ဆန်ဆန် သူမပြန်နိုင်။ ရင်နှင့်လွယ်မွေးခဲ့ရသည့် သမီးငယ်လေးကိုသာ အစ်မဖြစ်သူနှင့် ထည့်ပေးပြီး သူကတော့ ရွှေလီမြစ်ကမ်း နဘေးမှာ ချန်နေရစ်ခဲ့သည်။
စာရေးသူသည် သူ့ဇာတ်ကောင် အဆိုင်းကို ရက်စက်လွန်းရာ ကျမနေဘူးလား …။ ထိုသို့ ကျမ တွေးမိသည်။ အဆိုင်းတို့ နေသည်က ကချင်ပြည်နယ်အတွင်း မြန်မာပြည်ဘက်ခြမ်းမှာ ရှိသည့် ဒုက္ခသည်စခန်း ဆိုသော်လည်း ခရီးကျတော့ တရုတ်ပြည်ဘက်မှ ပတ်ကာ ရွှေလီမြစ်ကို ဖြတ်ကူးမှ ရောက်သည့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲလှသော ခါခယ် စခန်းမှာ ဖြစ်သည်။ ယောက္ခမကော၊ ယောင်းမကိုပါ မြို့သို့ ခေါ်သွားလို့ မရဘူးလား၊ ဇာတ်နာအောင် တမင်လုပ်သည့် အနေဖြင့် အဆိုင်းကို သမီးလေးနှင့် ခွဲ၍ ချန်ထားခဲ့တာလား … ထို လားပေါင်းများစွာက စာဖတ်သူ ကျမ၏ မေးခွန်းများ ဖြစ်သည်။
သို့သော် ကျမ မစဉ်းစားမိသည်က တောင်ယာအလုပ်ကို ဖက်တွယ်ကာ တောရွာတွင်သာ ပျော်မွေ့သည့် တိုင်းရင်းသား တို့၏ ဓလေ့နှင့် စိတ်ဓာတ် ဖြစ်သည်။ တနေ့ … အပစ် တကယ်ရပ်လိမ့်မည်၊ ငြိမ်းချမ်းရေး တကယ်ရလိမ့်မည် … ထိုအခါ သူတို့၏ နေရင်း အိမ်ကို ပြန်ကြရလိမ့်မည်ဟု ယုံကြည် မျှော်လင့်နေကြသော ရိုးသားစွာ တွေးတတ်သည့် ကချင် တိုင်းရင်းသူ အဆိုင်း၏ ယောက္ခမ ကြီးကို ဘယ်လို စကားမျိုးဖြင့် မြို့သို့ လိုက်ပါရန် မေသီနွယ် ခေါ်မလဲ ဆိုတာ ကျမ မစဉ်းစားမိ။ ပြီးတော့ ကြမ်းတမ်းသည့် လမ်းခရီးကို အသက်အရွယ် အိုမင်းပြီး ကျန်းမာရေး မကောင်းသည့် ထို အမျိုးသမီးကြီး ဘယ်လို လိုက်ပါနိုင်မလဲ … ကျမ မစဉ်းစားမိ …။ သူအားကိုးနေရသည့် ချွေးမက အစ်မဖြစ်သူနှင့် လိုက်သွားမည်ဆိုလျှင် မတားသော်လည်း မျက်ဝန်းများဖြင့်သာ ဝမ်းနည်းဟန် ပြနိုင်သည့်၊ သူ့ဒေသတွင်သာ ဒုက္ခခံ အသေခံရင်း အိမ်ပြန်ချိန်ကို စောင့်မည့် အမယ်အို တဦးဖြစ်မည်ဆိုသည်ကိုလည်း ကျမ မစဉ်းစားမိ။
အကယ်စင်စစ် မြောက်ဖျားက အလွမ်းရာသီတွင် မေသီနွယ်နှင့် အဆိုင်းတို့က အဓိကဇာတ်ကောင်များ မဟုတ်ကြပါ …။ တကယ့် ဇာတ်ကောင် များက ပြည်တွင်းစစ်နှင့် ငြိမ်းချမ်းရေးသာ ဖြစ်သည်။ လောလောဆယ်မှာတော့ စစ်ကိုသာ အကောင် အထည်နှင့် မြင်နေရသည်၊ စစ်ကြောင့်သာ အဆိုင်းတို့ ဒုက္ခရောက်ကြရသည် … မေသီနွယ်ကော အဆိုင်းပါ အာသာငမ်းငမ်း လိုချင်နေသည့် ငြိမ်းချမ်းရေးကတော့ မြူမှုန်ကလေး မျှပင် မမြင်ရသေး။
စံပယ်ဖြူနု၏ ဝတ္ထုတအုပ်လုံးသည် မေသီနွယ်၊ အဆိုင်းတို့၏ မိသားစုဘဝ၊ ကျောင်းသူဘဝတို့ကို ကချင်စစ်ဘေးနှင့် စစ်ဘေး ဒဏ်ကြောင့် ဒုက္ခရောက်ကြရသည့် တိုင်းရင်းသားတို့၏ ဘဝများနှင့် ရက်ယှယ်ထားခြင်း ဖြစ်သည်။ မေသီနွယ်၏ အချစ်ရေးကတော့ စာမျက်နှာ တော်တော်များများ အထိ မလှပခဲ့။ လှပမည့် အရိပ်အယောင်ကလေး မြင်ချိန်တွင် မေသီနွယ် တယောက် ညီမရှာပုံတော်ဖွင့်နေရသည်နှင့် စိတ်ကူးယဉ်ခွင့် မသာခဲ့ပြန် …။ ဆိုလိုချင်သည်က ထို ဝတ္ထုတွင် မင်းသားက ဇာတ်ပို့မျှသာ။ ရုပ်ရှင်စကားနှင့် ဆိုရလျှင် ထိုဇာတ်က မင်းသမီးဇာတ်သာ ဖြစ်သည်။ အချစ်မပါလျှင် မပြည့်စုံမည် စိုးသောကြောင့်သာ စံပယ်ဖြူနုက အချစ်အကြောင်းကို ပါးပါးကလေး ထည့်ပေးထားခြင်း ဖြစ်ဟန်တူသည်။ သိပ် ဖွဲ့နွဲ့မနေ။
ခြုံ၍ ဆိုရလျှင် စံပယ်ဖြူနု၏ ဝတ္ထုသည် ၂၀၁၁ ခုနှစ်မှစ၍ ယနေ့တိုင် ဖြစ်ပွားဆဲ စစ်ကြောင့် အိုးပစ်အိမ်ပစ် ဒုက္ခရောက်နေ သူများကို Focus ဖြတ်ထားပါသည်။ တကယ့်အဖြစ် အပျက်များကို သူ၏ အနုပညာ၊ စာရေးခြင်း အတတ်ပညာ တို့ဖြင့် ခြယ်မှုန်းထားခြင်းသာ ဖြစ်သည်။
အဆိုင်းသည် မေသီနွယ် အိပ်မက်မက်ခဲ့သလို သွေးအိုင်ထဲတွင် လဲကျ အသက်ငင်နေခြင်းတော့ မဟုတ် …။ အသက် ရှင်ရက်က မိသားစု သွေးသား ရင်းခြာများကို ခွဲခွာချန်ရစ်ခဲ့ရသဖြင့် နှလုံးမှ သွေးစိမ်းရှင်ရှင် ထွက်ကျမတတ် ခံစားခဲ့သည့် အမျိုးသမီးပေါင်း များစွာကို ကိုယ်စားပြုသူသာ။
အစ်မနှင့် သမီးကလေးကို ငေးရင်း ရွှေလီမြစ်ကမ်းဘေးတွင် ကျန်နေရစ်ခဲ့ရသော အဆိုင်းပေါင်းများစွာကို ကျမအား စာရေးသူက ထိုဝတ္ထုဖြင့် ပြသလိုက်သည်ဟု ထင်သည်။ အဆိုင်းတွေ ဘယ်လောက်တောင် များနေပြီလဲ …၊ ငြိမ်းချမ်းရေး ရပါမှ ထို အဆိုင်းတို့ အိမ်ပြန်ကြရပါလိမ့်မည် …။