အိပ်မက် ဆန်သွားသော ရှတသည့် ရသအက်ဆေးများ
This article has been converted from Zawgyi One to Unicode
စာအုပ်အမည်။ ။ ရွေ့လျားနေသော အိပ်မက်များ
စာရေးသူ။ ။ ခက်မာ
ထုတ်ဝေသူ။ ။ ဒေါ်သင်းသင်းမွန်(သင်းစာပေ)
ထုတ်ဝေခုနှစ်။ ။ စက်တင်ဘာလ၊ ၂၀၁၄ ခု၊ ပထမအကြိမ်
တန်ဘိုး။ ။ ၂၀၀၀ ကျပ်
အောင်မင်္ဂလာ ကားဝင်းကြီးထဲ တက္ကစီကားလေး ခေါင်းထိုးဝင်မည် အလုပ်တွင် မိုးသားများ ရုတ်တရက် နိမ့်ဆင်း လာခဲ့သည်။ မိုးရှေ့က ပြေးလာသည့်လေက ပတ်ဝန်ကျင်ကို ပိုပြီး အုံ့ပြမဲမှောင်စေသည်။ လူတွေ မပြေးရုံတမယ် ခတ်သုတ်သုတ် သွားကြရသည်။ တက္ကစီကားလေးပေါ်က ဆင်းပြီး ဂန္ထဝင် ကားဂိတ်အဝင်ပေါက်တွင် ကားလက်မှတ် ဖြတ်ရသည်။ ကိုယ့်ရှေ့က ကားလက်မှတ်ဖြတ်သူ နှစ်ယောက်ရှိနေသဖြင့် ကျနော့်မှာ မိုးမှ လွတ်ပါတော့မလားဟု စိုးရိမ်ကာ စိတ်လောနေမိသည်။ ကားလက်မှတ်ဖြတ်ပြီး ကိုယ်စီးရမည့် ကားပေါ်ရောက်သည်နှင့် တပြိုင်နက် မိုးကလည်း ရေအိုးကို ရိုက်ခွဲချလိုက်သလို ရွာတော့သည်။ ကားဘေးပတ်ဝန်းကျင် တခုလုံးလည်း မဲမှောင်သွားတော့သည်။ ကျနော့်ရဲ့ ဇာတိမြေအပြန် ခရီးက မိုးသံလေသံများဖြင့် နိဒါန်းပျိုးထားသလို ဖြစ်နေသည်။
ခုံနံပါတ် ၁၆ တွင် နေရာယူသည်။ ကျောပိုးအိတ်ကြီးကို ခြေထောက်နှစ်ခုကြားတွင် ချထားလိုက်သည်။ လူတွေ အထုပ်အပိုး ကိုယ်စီ နေရာချကြ၊ နေရာထိုင်ခင်းပြင်ကြ လုပ်နေချိန်မှာပင် ကားစက်နှိုးသည်။ ကားရှေ့ခန်း ခေါင်းပေါ်မှ ဗီဒီယိုက အရုပ်တွေ ပေါ်ကာ အသံထွက်လာသည်။ ကျနော်ကမူ ကားဆိပ်အဆင်း ကတည်းက စိတ်ကူးထားပြီး ဖြစ်သည့်အတိုင်း ကျောပိုးအိတ် အပြင်ဘက်အိတ်ထဲမှ စာအုပ်တအုပ်ကို ထုတ်ယူသည်။ ကျောကို ဖင်ထိုင်ခုံ နောက်မီတွင်မီကာ ထိုင်လိုက်ပြီးမှ ‘ခက်မာ’ ရဲ့ ‘ရွေ့လျားနေသော အိပ်မက်များ’ စာအုပ်ကို စပြီးဖတ်သည်။
စာအုပ်ထဲတွင် စိတ်ရောက်နေပြီမို့ အောင်မင်္ဂလာ ကားဝင်းကြီးအတွင်းမှ အဝေးပြေးကားကြီး ထွက်ခွာလာသည်ကို သတိမထားမိတော့ပါ။ တဝုန်းဝုန်းနှင့် မိုးတွေ သည်းထန်စွာ ရွာချနေသည်ကိုလည်း မကြားတော့ပါ။
‘ခက်မာ’ ရဲ့ ‘ရွေ့လျားနေသော အိပ်မက်များ’ ထဲက တချို့သော အက်ဆေးများကို ကျနော် ဖတ်ပြီးခဲ့ပြီးဖြစ်သည်။ သို့သော် အဝေးပြေးကားပေါ် ရောက်ပြီး ဖတ်လက်စကို ဆက်ဖတ်ဖို့စာအုပ်ကို လှပ်တော့ ပထမဦး ဆုံးအက်ဆေးရှေ့က အညွှန်းစာပိုဒ်ကို အမှတ်မထင်ဖတ်မိပြီး ဆောင်းပါး အမှတ်စဉ် တစ်က ပြန်စပြီးဖတ်ဖို့ စိတ်ကူးမိသွားသည်။ ထို အညွှန်းစာက ကျနော့်ကို ဆောင်းပါးအမှတ်စဉ် တစ်မှ ပြန်ဖတ်ဖို့ ဆွဲခေါ်လိုက်သောကြောင့် ဖြစ်သည်။
“လွမ်းမောဖွယ်အတိတ်ကို မခံစားဘူးသူတွေက အဲဒီအတိတ် ဖြစ်ထွန်းရာနေရာဆီကို ပြန်သွားဖို့ ဘယ်မှာစိတ်ဝင်စား မှာလဲလေ”
အညွှန်းစာပိုဒ်ရဲ့ ပထမဦးဆုံး စာကြောင်းဖြစ်သည်။ ဆက်မဖတ်ဖြစ်သေးဘဲ တချက်မျှ တွေဝေသွားရသည်။ ‘လွမ်းမောဖွယ် အတိတ်’ ဆိုပါလား …။ ခက်မာမှရယ်လို့မဟုတ် လူတိုင်းလိုလို လွမ်းမောဖွယ်အတိတ် ရှိကြမည်ဖြစ်သည်။ လွမ်းမောဖွယ် ဖြစ်သည့်တိုင် လွမ်းမောတတ်သူ မဟုတ်ပြန်က ထိုသူအတွက်မူ အဲဒီလွမ်းမောဖွယ် အတိတ်ဆီကို ပြန်သွားဖို့ စိတ်ဝင်စားမှု နည်းပါးလိမ့်မည်။ ထို့ကြောင့် လွမ်းမောဖွယ် အတိတ်ကို လွမ်းတတ်သည့် စိတ္တဇသည် မျိုးချစ်စိတ်ကို မွေးလေသည် ဟူသော စကား ရှိလာရသည် မဟုတ်ပါလား။ ကျနော်တို့သည် လွမ်းမောဖွယ် အတိတ်ကို လွမ်းတတ်ရမည်။ လွမ်းတတ်မှ ဇာတိကို ခင်တွယ်သည့်စိတ် ရှိမည်။ ဇာတိကိုခင်တွယ်မှသာ ဇာတိပုည ဂုဏ်မာနကို နားလည်မည်ဟု ကျနော် ယူဆသည်။
ခက်မာရဲ့ အက်ဆေးစာစုထဲက အဖွင့်ဆောင်းပါးဖြစ်သည့် ‘ရွေ့လျားနေသော အိပ်မက်များ’ အက်ဆေးက ခက်မာ၏ ငယ်ဘ၀ မအူပင်မြို့နယ်ထဲက ရွာကလေးဆီ ဆွဲခေါ်သွားသည်။ တိုးမြစ်မှ ခွဲဖြာထွက်လာသည့် မလက်တို ချောင်းကမ်း နဖူးပေါ်က ခြေတံရှည် သစ်သားအိမ်ကလေးဆီ ရောက်သွားသည်။ ရွာက သူငယ်ချင်းတွေနှင့် ပျော်ရွှင်ဖွယ် ကူးလူး ဆက်ဆံမှုများ၊ ရွာက ကုန်စုံဆိုင်လေး၊ ပြီတော့ အဖွား၏ နွေးထွေးကျင်နာမှု …။
သည်စာပိုဒ်တွေကို ဖတ်နေရင်းက ကျနော့်စိတ်တွေ ချက်ချင်းဆိုသလို မိမိ၏ ငယ်ဘ၀ အတိတ်ကို ပြန်ရောက်သွား၏။ ခက်မာက သူ့ ငယ်ဘဝထဲက လွမ်းမောဖွယ် အတိတ်ကို ရေးပြတော့ ကျနော်၏ ငယ်ဘဝအတိတ်ကို အလိုလို ပြန်တွေး မိသွားသည်။ ခက်မာက သူ့ငယ်ဘဝကိုပြောပြရင်း ကျနော့်ကိုလည်း ငယ်ဘဝကို ပြန်လည်လွမ်းဆွတ်မိအောင် ဖျားယောင်း လိုက်သလို ဖြစ်သွားသည်။
မျက်လုံးကို မှိတ်ပြီး ငယ်ဘ၀ အတွေ့အကြုံတချို့ကို ပြန်တွေးမိသည့်အခါ ခြံစည်းရိုးပေါ် ဝါးလုံးများမှေးတင်ကာ ငှက်ပျောရွက် မိုးထားသည့် ကာတွန်းစာအုပ် အငှားဆိုင်လေးကို မြင်ယောင်လာရသည်။ ကာတွန်းစာအုပ် အငှား ဆိုင်လေးမှာ ကျနော်နှင့် သူငယ်ချင်းဖြစ်သူ ခင်မောင်ကြီးတို့ နှစ်ဦးစပ်ပြီး ဖွင့်ထားသော ဆိုင်ကလေးဖြစ်သည်။ ကျောင်းပိတ်သည့် စနေနှင့် တနင်္ဂနွေ နှစ်ရက်သာဖွင့်သည်။ ထိုစဉ်က ဖိုးဝတို့ အဂါၤဂြိုလ်တို့ ဦးကပ်စီးတို့လို ကာတွန်း စာအုပ်များကို သူနှင့်ကျနော် စုဆောင်းထားရှိမိသမျှ လမ်းဘေး စာအုပ်အငှားဆိုင်လေး ဖွင့်ကြခြင်းဖြစ်သည်။ ထိုကျောင်းပိတ်ရက်များအတွင်း သူနှင့်ကျနော် မြေကြီးပေါ် ဂျပ်စက္ကူများ ခင်းထားသည့် ကာတွန်းစာအုပ် ဆိုင်ကလေးထဲ တနေကုန်ထိုင်ရင်း စကားတွေပြောကြသည်။
ကျနော်တို့ ပြောကြသည့် စကားထဲ၌ စစ်တပ်ဂိတ်ရှေ့သစ်ပင်တွင် သူပုန်ခေါင်းဆောင် တဦး၏ ခေါင်းကိုဖြတ်ကာ သစ်ပင်တွင် ချိပ်ဆွဲပြသထားသည့် အကြောင်းလည်း ပါသည်။ ထိုသူပုန်ခေါင်းဆောင် အဖမ်းခံနေရစဉ် သူပုန်ဗိုလ်၏ ဇနီးဖြစ်သူက စလင်းမြို့ကလေး၏ အပြင်ဘက် လက်ကွက်များထဲ လျှို့ဝှက် ရောက်ရှိလာစဉ် စစ်တပ်က သတင်းအရ ဝိုင်းဝန်း ဖမ်းဆီးသည့်အခါ အဖမ်းမခံဘဲ ပြန်လည်ပစ်ခတ်ရင်း သေဆုံးသွားသည့် အကြောင်းလည်းပါသည်။ ပျူစောထီး ဗိုလ် ဦးစကို သူပုန်တွေက သတ်ပြီး ရေမြောင်းထဲ ပစ်ချထားခဲ့သည့် အကြောင်းလည်းပါသည်။
ကျနော်နှင့် ခင်မောင်ကြီးတို့နှစ်ယောက် စစ်တပ်ရှေ့က သစ်ပင်ဆီကိုလည်း ရောက်သည်၊ မြို့ပြင်ဘက် တိုက်ပွဲဖြစ်ရာ လယ်ကွက်တွေ ဆီကိုလည်း မိဘများမသိအောင် သွားကြည့်ကြသည်။ ထိုစဉ်က စပါးပင် စိမ်းစိမ်းအုပ်အုပ်တွေဆီ လှမ်းမျှော် ငေးငိုင်ပြီး ကြည့်နေသည့် ခင်မောင်ကြီးကို ယခုထက်ထိ မျက်စိထဲ မြင်ယောင်နေမိသေးသည်။ နောင် ဆယ်နှစ်ခန့် ရှိသောအခါ ခင်မောင်ကြီးသည် တောခိုသွားခဲ့ပြီး မိမိသည်မူ နောင် နှစ်ပေါင်း သုံးဆယ်မျှ ရှိသည့်အခါ နယ်စပ်ဒေသသို့ ထွက်ခွာသွားခဲ့ရသည်။
‘ခက်မာ’ ရဲ့ ‘ရွေ့လျားနေသော အိပ်မက်များ’ စာအုပ်ကိုဖတ်ရင်း ကျနော့်ရဲ့ ဆယ်ကျော်သက် အရွယ် ငယ်ဘ၀ အတွေးအိမ် ကိုလည်း တည်ဆောက်နေခဲ့မိသည်။ စာအုပ်ထဲက စာကြောင်းများကို ဖတ်လိုက် ကျနော့်ငယ်ဘ၀ အတိတ်ကို ပြန်ရောက် သွားလိုက်နှင့် အတိတ်နှင့် စာအုပ်စာမျက်နှာများဆီ သွားလိုက်ပြန်လိုက်လုပ်နေမိသည်။ စိတ်ကလည်း စာအုပ်နှင့် ပူးတုံခွာတုံ ဖြစ်နေသည်။ ဥပမာ – ခက်မာက သူ့ရဲ့ ‘ခရီး’ ဟု ခေါင်းစဉ်တပ်ပေးထားသည့် အက်ဆေးထဲတွင် ယခုလို ရေးလိုက်သည်။
“ပြည်တွင်းစစ် စဖြစ်ပြီး အနှစ် ၂၀ လောက်အကြာမှာ အဲဒီလို ကိုယ်ပိုင်စစ်တပ်ဖွဲ့ပြီး အစိုးရအတွက် ကရင်တွေကို တိုက်ပေးတဲ့ မိသားစုရဲ့ မျိုးဆက် ကောင်လေး တယောက်က တိုက်ပွဲတွေပြင်းထန်ပြီး အရိုးတွေ တောင်လိုပုံခဲ့တဲ့ နယ်မြေမှာ မွေးဖွားကြီးပြင်းခဲ့တဲ့ ကရင်မလေး တယောက်နဲ့ ချစ်ခင်စုံမက်မိကြတယ်။ သူတို့တတွေ ပေါင်းဖက်ပြီး စာပေကို စိတ်ဝင်စားတဲ့ သမီးဦးလေးကို ၁၉၆၉ ခုနှစ်မှာ မွေးခဲ့တယ်။ အဲဒီ သမီးဦးလေးဟာ ကျမပေါ့…”
သည်စာပိုဒ်ကလေးကို ဖတ်တော့ ကျနော့်စိတ်က လွတ်ထွက်သွားသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ငါးဆယ်လောက်က စလင်းမြို့ကလေးဆီ ပြန်ရောက်သွားရ ပြန်သည်။ တညသားမှာ အိပ်ပျော်နေရာက ကျနော် လန့်နိုးလာခဲ့သည်။ ကျနော်တို့မိသားစုအားလုံး အိမ်အောက်က မြေကြီးပုန်းခိုကျင်းကြီးထဲ ရောက်နေကြသည်ကို သတိထားမိသွားသည်။ ဗျောက်အိုး ဖောက်သည့်အသံလို ပေါက်ကွဲဆူညံသည့် အသံများကို နားကွဲလုမတတ် ကြားရသည်။ အိမ်ရှေ့နှင့် အိမ်ဘေး လမ်းမများ ဆီက ခြေသံများ၊ မြင်းခွာသံများ၊ ဆဲဆိုအော်ဟစ်သံများ ကြားရသည်။ မီးရှူး မီးပန်းများလို တချက်တချက် တဝင်းဝင်း တလက်လက် ဖြစ်နေသည့် ကောင်းကင်ကြီးကို တွေ့ရသည်။ ထိုစဉ်မှာပင် တဆတ်ဆတ် တုန်နေသည့် ကျနော့် ခန္ဓာကိုယ်ကို မိခင်ဖြစ်သူက သူ့ဘေးသို့ဆွဲကပ်ကာ အားပေးနှစ်သိမ့်သည်။ မိခင်ရဲ့ နွေးထွေးသည့် ကိုယ််ငွေ့ကို ကျနော်မှတ်မိနေသည်။
မနက်မိုးလင်းတော့ အိမ်သားတွေ အချင်းချင်း အသံတိုးတိုးဖြင့် မျက်စိမျက်နှာပျက်ကာ စကားပြောနေကြသည်ကို တွေ့ရသည်။ ညတုန်းက စလင်းမြို့ကလေးကို ရောင်စုံသူပုန်များ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြသည့် အကြောင်း ပြောနေကြသည်ကို ကြားရသည်။ ရဲစခန်းဘေးက သွေးအိုင်များ၊ ဆေးရုံရှေ့က လူသေ အလောင်းများအကြောင်း ကြားရသည်။
စိတ်တချက် လွတ်ထွက်သွားကာ ဖတ်လက်စ စာအုပ်ကို ဆက်မဖတ်ဘဲ အတွေးထဲ မျောပါနေရင်းက သတိရလို့ စီးလာသည့် ကား၏ အပြင်ဘက်ကို ကြည့်တော့ ညအမှောင်ထုကိုပဲ မြင်ရသည်။ မည်မျှ ခရီးပေါက်လာခဲ့ပြီကို မသိနိုင်။ နာရီကို ကြည့်သည်။ ည ခုနစ်နာရီ ဆယ့်ငါးမိနစ်။ စာအုပ်ထဲ ခေါင်းနှစ်ထားလိုက် အတွေးအိမ် ဆောက်လိုက်နှင့် ကားပေါ်ပါလာသည်မှာ တနာရီခွဲခန့်ပင် ကြာသွားခဲ့ပြီပဲ။
ကျနော်ငယ်စဉ်က အဖြစ်အပျက်ကို ပြန်တွေးတော့ ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး ပြည်တွင်းစစ်ကြီး တခုအတွင်း ခက်မာနည်းတူ ကျနော်သည်လည်း စစ်ပွဲကြီးတခု၏ မီ်းလျံမီးရှိန်အပူ အဟပ်ခံခဲ့ရသည်ပဲ။ မိမိ၏ ခံစားမှုက ခက်မာ၏ ငယ်စဉ်ဘဝနှင့် မိမိ၏ ငယ်ဘဝကို တုန်တုန်ချိချိဖြင့်ပင် လိုက်လံ ဆက်စပ်မိနေသည်။ ထိုစဉ်မှာပင် ဘယ်လိုကဘယ်လို ကူးယှက်ဆက်နွှယ် ရောက်ရှိသွားသည်မသိ တမြန်မနေ့ကမှ ဖတ်ရှုခဲ့မိသည့် ကဗျာတပိုင်းတစကို သွားပြီး သတိရသည်။
အို ပြင်သစ်ပြည်
သနားကရုဏာကို တောင်းသကဲ့သို့
သင့်မြေကြီးနှင့် သင့်ပျားရည်စုပ် ပန်းများကို
ငါ တောင်း၏။
သင့် ချိုးငှက်များ၏ အမှန်တရားနှင့်
သင့် စပျစ်စိုက်သူများ၏ အမှားတရားကို
ငါ တောင်း၏။
ပူနွေးသည့် ဒီဇင်ဘာ၌
ရိပ်သိမ်းထားသော သင့်လေသည်
ပိုက်ဆံ ဒဏ်ရာတို့ဖြင့်
နှင်းခါး ဖုံးနေသည်တကား။
(မြသန်းတင့် ဘာသာပြန်ဆိုသော အာရင်ဘတ်ရဲ့ လူများ၊ သက္ကရာဇ်များ၊ ဘ၀ စာအုပ်မှ)
ငယ်ဘဝကို ခဏတဖြုတ် ပြန်ရောက်သွားရာက သတိရလို့ လက်ထဲက စာအုပ်ကို အာရုံပြန်စိုက်တော့ ‘စီးဆင်းနေသော မိုးတိမ်များ’ ဟု ခေါင်းစဉ်ပေးထားသည့် အက်ဆေးကို ကျနော်တွေ့ရသည်။
“သို့သော် ရေနံချေးဝနေသော ပြောင်လက် အေးစက်သည့် ကြမ်းပြင် မရှိပါ။ အုန်းပင်ခွကြားမှာ ယီးလေးခိုစီးနေသော ဖိုးလမင်း မရှိပါ။ အဘွား၏ အိပ်ယာဝင်ပုံပြင်တွေ မရှိပါ။ အဘွားကိုယ်နံ့မှ နံ့သာဖြူ၊ ကရမက်ရနံ့တွေ မရှိပါ။ ထို့အတူ ထိုစဉ်က ကျွန်မ တန်ဘိုးထားရကောင်းမှန်း မသိခဲ့သည့် နှစ်ခြိုက်သော အိပ်စက်ခြင်းလည်း မရှိတော့ပါ …”
ခက်မာက သူ့ရဲ့ ‘စီးဆင်းနေသော မိုးတိမ်များ’ အက်ဆေးကို အထက်ပါ စာပိုဒ်ကလေးဖြင့် နိဂုံးချုပ်လိုက်သည်။ ကျနော့် နားထဲ၌ ဒုံမင်းကြိုးများကို လက်ချောင်းကလေးများဖြင့် အသာအယာ တွန်းတိုက်ပွတ်သပ် တီးခတ်လိုက်ပြီးနောက် တီးခတ်မှု ရပ်ပစ်လိုက်သည့်တိုင် ဒုံမင်းသံများက ရုတ်တရက် ရပ်တန့်မသွားဘဲ အချိန်အကန့်အသတ် တခုအထိ ဆက်လက် တုန်ခါ ကြားနေရသည့် ဒုံမင်းတီးသံများလို စိတ်ထဲတွင် စွဲကျန်ရစ်ခဲ့သည်။ အထူးသဖြင့် ‘အုန်းပင်ခွကြားမှာ ယီးလေးခိုစီးနေသည့် ဖိုးလမင်းမရှိပါ’ ဟူသောစာကြောင်း။ ပြီတော့ ‘နှစ်ခြိုက်သော အိပ်စက်ခြင်းလည်း မရှိတော့ပါ’ ဟူသော စာကြောင်းကလေး နှစ်ကြောင်းဆီက ကျန်နေရစ်သည့် အတွေးသံစဉ်က ကျနော့်နားထဲတွင် တော်တော်နှင့် တိတ်မသွား။
လွန်ခဲ့သော ဆယ်ငါးနှစ်ခန့်ကဖြစ်သည်။ ကျနော့်အိပ်ခန်းနှင့် ကပ်လျက် လူသွားစင်္ကြန်ဘေးက တယ်လီဖုန်းက မြည်လာသဖြင့် အိပ်ယာမှ ကမန်းကတန်းထကာ အခန်းအပြင်ဘက် ထွက်ရသည်။ တယ်လီဖုန်းကို ကောက်ကိုင်ပြီး နားထောင်သည်။ “ဟေ့လူ ခင်ဗျားအခုချက်ချင်း ခင်ဗျားအခန်း လိုက်ကာကို ဆွဲဖွင့်ကြည့်လိုက်စမ်း၊ အပြင်ဘက်မှာ လသာနေတယ်၊ ခင်ဗျားက ရောက်ကတည်းက အော်စလိုမှာ လရောင်မရှိ တုံးတိတိလို့ အမြဲပြောပြော နေလွန်းလို့ ကျုပ် မခံချင်လို့ ဖုန်းဆက်ပြောတာ၊ ချက်ချင်းသွားကြည့်နော်၊ ဒါပဲ။ ကျုပ်ပြန်အိပ်တော့မယ်” ဟူသော စကားနှင့်အတူ တဘက်မှ ဖုန်း ပြန်ချသွားသည်။ ကျနော်ကလည်း အချိန်မဆိုင်းဘဲ အခန်းထဲပြန်ဝင်ကာ ခန်းဆီးလိုက်ကာစကြီးကို ဘေးဖယ် ကြည့်သည်။ ကျနော့်အခန်းအပြင်ဘက် ကျနော်တို့ တိုက်တန်းလျား ဝန်းကျင်တခုလုံး လရောင်တွေ ခွန်နှင့်အားနှင့် လင်းဖြာကျနေသည်။ နာရီကိုကြည့်တော့ သန်းခေါင်ကျော် နှစ်နာရီ။ ချက်ချင်းဆိုသလို အနွေးထည်များ အထပ်ထပ် ဝတ်သည်။ အခန်းထဲကထွက်သည်။ အောက်ထပ်ကို ဆင်းသည်။ တံခါးမကြီးကိုဖွင့်သည်။ လမ်းမပေါ် ရောက်လာခဲ့သည်။ လမ်းဘေးက တန်းစီပြီး ရပ်ထားသော ကားခေါင်းမိုးများပေါ်၊ တိုက်တာ အဆောက်အဦများပေါ်၊ နှင်းများ ဖွေးဖွေးလှုပ်နေသည့် ပတ်ဝန်းကျင် တခုလုံးပေါ်၊ ငြိမ်သက်တိတ်ဆိတ်စွာ ခတ်ကုပ်ကုပ် တန်းစီရပ်နေသည့် သစ်ပင် တန်းကလေးပေါ် လရောင်တွေ သွန်ကျနေသည်။ အရာဝတ္ထု ဟူသမျှအပေါ်က ဖြူလွလွနှင်းများပေါ် လရောင်များ ပဆစ်အိမ်ဖွဲ့ထား သည်မှာ စိတ်လှုပ်ရှားဖို့ ကောင်းလောက်အောင် သစ်လွင်ပြိုးပြက်နေသည်။ ကျနော် အတိုင်းမသိ ပျော်ရွှင် စိမ်းလန်းသွားရသည်။ မိနစ်နှစ်ဆယ်ကျော်မျှသာ အပြင်ဘက်တွင် ရပ်ကြည့်နိုင်သည်။ တကိုယ်လုံး တုန်ခိုက်မတတ် နားရွက်များ ပြုတ်ကျလုမတတ် အေးစက်လာသည်။
ကျနော့်အခန်းကလေးထဲ ပြန်ရောက်လာတော့ ကိုမောင်မောင်မြင့် (ဒေါင်းညို) ကို ကျေးဇူးတင်နေမိသည်။ လရောင်များနှင့် ဝေးကွာခဲ့ရသည့် အချိန်ကာလများအတွင်း မည်မျှအထိ စိတ်ထိခိုက် ပြိုကွဲနေခဲ့ရသည်ကို မည်သူမျှ ကျနော့်အပေါ် နားလည်နိုင်လိမ့်မည် မဟုတ်။ သည်လိုနှင့် အော်စလိုမြို့ ညကလေးတညရဲ့ လရောင်များကို ကျနော် စွဲမက်ခဲ့ရသည်။
ယခုလည်း ခက်မာက သူ့ရဲ့ ‘စီးဆင်းနေသော မိုးတိမ်များ’ အက်ဆေး နိဂုံးပိုဒ်တွင် ငယ်ဘဝက ကြုံခဲ့ တပ်မက်ခဲ့ရသည့် အုန်းပင်ခွကြားမှာ ယီးလေးခိုစီးနေသည့် ဖိုးလမင်းကို လွမ်းသသည့် စာကြောင်းလေး ထည့်ရေးလိုက်သည်။ ခက်မာ သည်လည်း လရောင်ကို ငတ်မွတ်နေခဲ့သည်လော ဟု သံသယဖြစ်သည်။ ကျနော့်မှာ ဖတ်လက်စ စာမျက်နှာတွင်ပင် ခဏတော့ ရပ်ထားလိုက်ရသည်။
အသက်အရွယ် အိုမင်းလာခဲ့ပြီဖြစ်သည့် ကျနော်သည် ဘဝကို ဘယ်လို တည်ဆောက်ရမည်နည်း ဆိုသည်ထက် ဘဝကို ဘယ်လို နိဂုံးချုပ်သင့်သနည်း ဆိုသည်ကို ပိုမို အလေးထား စဉ်းစားရမည့် အရွယ်ဖြစ်သည်။ ‘ဘဝကို ဘယ်လို နိဂုံးချုပ်သင့် သလဲ’ ဆိုသည့်အတွေးကိုလည်း မကြာခဏ ဆိုသလို တွေးတတ်လာနေသည်။ စိတ်စရဏကို ဘယ်တုန်းကမျှ သည် အချိန်လောက် ထိန်းကွပ် ပဲ့တပ်ထားခြင်းမျိုး မှတ်မှတ်ထင်ထင် မရှိခဲ့ဘူးသေး။ သည်လိုအချိန်မျိုးမှာမှ ခက်မာရဲ့ ‘လွမ်းစာ၊ လွမ်းတဲ့စာ၊ လွမ်းရမယ့်စာ’ အက်ဆေးထဲက စာစုတစုကို ကျနော် ဖတ်ရသည်။ စိတ်ကို ဆဝါးမိခြင်း ခံစားသုံးသပ်မှု ချိန်ကိုက်ဗုံး တလုံးက ကျနော့်နှလုံးသားပေါ် တိတ်ဆိတ်စွာ လာရောက် ပေါက်ကွဲသွားသည်။
‘အနာဂတ်ရဲ့လက်ကျန်ရက်တွေကို ပျော်စရာအလွမ်းတွေနဲ့ ဖြတ်သန်းကုန်ဆုံးရဖို့ ပစ္စုပ္ပန်ကာလတွေမှာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ကြွယ်ဝအောင် အားထုတ်ရေး ကိုယ့်ကိုယ်ကိုယ် သတိပေးမိတာတော့ နောက်မကျသေးဘူးထင်ပါရဲ့…’
ခက်မာရဲ့ ‘ရွေ့လျားနေသော အိပ်မက်များ’ ကတော့ ကျနော့် မိုးကောင်းကင်ပေါ်တွင် အချိန်မည်မျှကြာကြာ ဆက်လက် ရွေ့လျား နေလိမ့်ဦးမည်နည်း။ ရွေ့လျားနေသော အိပ်မက်များ စာအုပ်တွင် အက်ဆေး (၂၂) ပုဒ် ပါရှိသည့်အနက် အက်ဆေးအများစုက ကျနော့်ကို ပိုင်နိုင်စွာ ချုပ်ကိုင် ဖမ်းစားသွားခဲ့သည်။ စာအုပ်တအုပ်လုံး ဆုံးသွားသည့် အခါ စာအုပ်၏ နောက်ဆုံး စာမျက်နှာကို ပိတ်ကာ စာအုပ်ကို သည်အတိုင်း ကိုင်ထားရင်းမှပင် မေးခွန်းတခုက ကျနော့်ကို အပြင်းအထန် လှုပ်ခတ် နှိုးဆော်နေခဲ့သည်။ ခက်မာ တမ်းတသလို ခက်မာတယောက်လို ပျော်စရာအလွမ်းတွေ တနင့်တပိုး သယ်ပိုး ကြွယ်ဝသူအဖြစ် ဘဝကို ကျနော်တယောက် ဘယ်လိုများနိဂုံးချုပ်ရပါ့။
သူ့ရဲ့ ‘အလွမ်းများနှင့် ကြွယ်ပိုးကြွယ်ဝ’ အက်ဆေးထဲက ‘ကျမတို့တတွေဟာ လူ့သက်တမ်းရဲ့ တဝက်ကျော်ကျော်ကို ဖြတ်ကျော်ခဲ့ကြပြီးပါပြီ။ လက်ရှိအချိန်မှာ ကျမ အတွက်တော့ ဘဝမှာ မျက်ရည်လည်အောင် လွမ်းရသူ ဘယ်နှယောက် ရှိခဲ့သလဲ ဆိုတာကသာ ဘဝရဲ့ကြွယ်ဝမှုအဖြစ် ကျန်ရှိနေကြောင်း ဆန်းစစ်မိပါတယ်’ ဟူသော စကားအရ ပြောရလျင်ဖြင့် ကျတော်သည် သူ့လို အလွမ်းတွေ ကြွယ်ကြွယ်၀၀ ရှိကောင်းရှိနေသူ တဦး၏ ဘဝကို အားကျနေမိသည်။
‘ရွေ့လျားနေသော အိပ်မက်များ’ စာအုပ်၏ နောက်ဆုံးစာမျက်နှာကို အပြီးသပ် ဖတ်ရှုပြီးသွားသည့်အခါ ကျနော်သည် ကျနော် ဖြတ်သန်းလာခဲ့သည့် ဘဝလမ်း တလျှောက်တွင် မျက်ရည်လည်ရ လောက်အောင် လွမ်းရသူ ဘယ်နှယောက် လောက်များ ရှိနေမလဲ ဟူသော အသိနှင့် စိတ်လှုပ်ရှားရင်ခုန် မောဟိုက်စွာ လက်ချိုးရေကြည့် နေမိပြန်သည်။
သည်အတိုင်းဆိုလျင်ဖြင့် ဘဝမှာ ခက်မာလောက် သန့်ရှင်းချိုမြိန်သည့်အလွမ်းတွေ ကြွယ်ပိုးကြွယ်ဝသူ မဟုတ်သည့်တိုင် ကျနော်သည်လည်း ချိုမြိန်သည့်ဘဝနိဂုံး အနည်းအကျဉ်း လောက်တော့ သိမ်းပိုက်သွားနိုင် ကောင်းပါရဲ့ဟု မဝံ့မရဲ တွေးနေမိ၏။