၈၈ မျိုးဆက် နိုင်ငံရေးလှုပ်ရှားသူများ ဖြစ်ကြသော ကိုမင်းကိုနိုင်နှင့် ကိုပြုံးချို အပါအဝင် အနုပညာရှင်ပေါင်း ၁၀၀
ကျော်တို့ ပါဝင်မည့် ငြိမ်းချမ်းရေး နောက်ခံ အနုပညာ ပြပွဲကို စက်တင်ဘာ ၁၃ ရက်နေ့မှ စတင်၍ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ ဖြစ်သော စက်တင်ဘာ ၂၁ ရက်နေ့အထိ ရန်ကုန် ၃၅ လမ်းရှိ ဧရာဝတီ အနုပညာ ခန်းမတွင် ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။
ငြိမ်းချမ်းရေးအတွက် (For the Peace) အမည်ဖြင့် ကျင်းပသည့် အဆိုပါ ပြပွဲတွင် အနုပညာရှင်များ ဖြစ်ကြသော ဆူးသစ်နီ၊ အောင်နိုင်မောင်၊ လင်းဝဏ္ဏ၊ ဓာတ်ပုံဆရာ စိုးဝင်းငြိမ်းနှင့် ကာတွန်းဝလုံး တို့လည်း ပါဝင်မည် ဖြစ်သည်။
ပြပွဲ၏ နောက်ဆုံးနေ့ ညနေ ၅ နာရီတွင် ကချင်ပြည်နယ်အတွင်း ပြောင်းရွှေ့ နေထိုင်နေရသည့် စစ်ပြေးဒုက္ခသည်များ၊ ရှမ်းပြည်နယ်ရှိ ဒုက္ခသည်များ၏ လက်ဗွေရာတို့ကို အခရိုင်းလစ်ဆေးဖြင့် ကင်းဗတ်စ်ပေါ်တွင် ရောစပ် ပုံဖော်ထားသည့် ပန်းချီကားကို လေလံတင် ရောင်းချမည်ဟု သတင်းရရှိသည်။
“ဒီ ပန်းချီ ကားချပ်ကို ဖန်တီးဖို့ ၁၅ ရက်လောက် ကြာခဲ့တယ်” ဟု ပွဲစီစဉ်သူ မဖြူအိသိန်းက ပြောသည်။
အဆိုပါ ပန်းချီကား၏ အမည်မှာ “ငြိမ်းချမ်းရေးအတွက်” ဖြစ်ပြီး ပြပွဲ၏ ခေါင်းစဉ်လည်းဖြစ်သည်။ ရန်ကုန်အခြေစိုက် လူသားချင်း စာနာထောက်ထားသည့် အဖွဲ့အစည်း တခုဖြစ်သော အဖြူရောင်တွဲလက်များ အဖွဲ့က ယင်းပန်းချီကား ဖြစ်မြောက်ရန် အားထုတ်ခဲ့ခြင်း ဖြစ်သည်။
ပြပွဲမှ ရရှိလာသော အကျိုးအမြတ်များကို ကချင်နှင့် ရှမ်းပြည်နယ်များရှိ ဒုက္ခသည် စခန်းများသို့ ပေးအပ် လှူဒါန်းသွားမည် ဟု မဖြူအိသိန်းထံမှ သိရသည်။ ကချင် စစ်ဘေးရှောင် ဒုက္ခသည် စခန်းများ၌ ခိုလှုံနေရသူများ ပြုလုပ်ထားသည့်
သိုးမွေးထိုး လက်ပတ် အမှတ်တရ ပစ္စည်းများ ကိုလည်း ထိုပြပွဲ၌ ရောင်းချသွားမည်ဖြစ်သည်။
ပန်းချီ လက်ရာများအပြင် တခြားသော အနုပညာများဖြစ်သည့် သီချင်းဆို ဖျော်ဖြေခြင်း၊ ကဗျာရွတ်ဆိုခြင်းနှင့် တေးသရုပ်ဖော် အစီအစဉ် တို့ကိုလည်း တင်ဆက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ဧရာဝတီမီဒီယာ အင်္ဂလိပ်ပိုင်း သတင်းထောက် ရင်စနိုင်း ရေးသည့် Art For Peace ကို ဆုလာဘ်ရတနာ ဆီလျော်အောင် ဘာသာပြန်သည်။