သရော်စာသည် ရိုးရိုးဟာသထက် အဆင့်မြင့်ပါသည်။ ရေးသားရခက်ခဲသည့် စာပေပုံစံထဲတွင် “သရော်စာ” အမျိုးအစား လည်း ပါဝင်ပါသည်။ ပေါက်ကွဲထွက်မည့် အစား၊ လောကဓံကို သရော် လှောင်ပြောင်နိုင်သည့်အခါ လောက၏ ကမောက်ကမ ဖြစ်ရပ်များနှင့် ဘဝအမောများသည် သရော်စာအဖြစ် ပြောင်းလဲလာကြပါသည်။ လောက၏ အချိုးအဆစ် မပြေပြစ်မှုများ၊ မိမိဘဝ၏ အတက်ကြမ်းကြမ်း အဆင်းခက်ခက် ဖြစ်ရပ်များကို သရော်စာထဲ မျှောထည့်ကာ ဘ၀ ထွက်ပေါက်ရှာခြင်းလည်း မည်ပါသည်။
ဖော်ပြပါနည်းဖြင့် ဘဝထွက်ပေါက်ရှာသူ အမျိုးသား စာပေဆုရ ဆရာမခင်မြဇင်၏ လက်ရာ “ဆယ်လီဗလစ်တီ တရာ့ကိုးဇင်နှင့် ကြောင်တောင်တောင် စာစုများ” စာအုပ် ၂၀၁၄ သြဂုတ်တွင် ထွက်လာပါသည်။ ပန်းဝေဝေ စာအုပ်တိုက်က ထုတ်ဝေခြင်းဖြစ်သည်။
“ဆယ်လီဗလစ်တီ” ဟူသော ခေါင်းစဉ်ကပင် ယခုအခါ အင်္ဂလိပ်စာနှင့် မြန်မာစာကို ရောရေးနေသည့် ဂျာနယ်၊ သတင်းစာ များ၊ အင်္ဂလိပ်စာကို မြန်မာသံဖလှယ်ပြီး ဖော်ပြနေသော ဂျာနယ်၊ သတင်းစာများ ကြီးစိုးနေသည့် စိတ်ပျက်စရာ မြန်မာ ဘာသာစကား၏ အခြေအနေနှင့် ထင်ဟပ်နေပါသည်။
စာပုဒ်ရေ ၁၅ ပုဒ် ပါ၏။ တရာ့ကိုးဇင်ကို ဇာတ်ဆောင်ပြု၍ ရေးထားသော သရော်စာများနှင့် ကိုယ်တွေ့ဘဝအကြောင်း စာတိုပေစ (Sketch) များလည်း ပါဝင်ပါသည်။
သရော်စာများရော၊ စာတိုစာပေစများတွင်ပါ၊ ခေတ်စနစ်၏ ကမောက်ကမများ၊ အခြေခံလူတန်းစားများနှင့် ပျောက်ကွယ် လုပြီဖြစ်သည့် လူလတ်တန်းစားတို့၏ ဘဝအမောများကို အသာအယာ ထိတို့သွားပါသည်။
“ကလင်း (Clean) စရာတွေ များလှပေမယ့်” သရော်စာတွင် ဇရာ ထောက်လာသည့် တရာ့ကိုးဇင်တယောက် မျက်နှာ သန့်စင်ရန် လိမ်းခြယ်စရာ ရှာဖွေစဉ်၊ နာမည်ကြီးအလှကုန် တမျိုးဖြစ်သည့် ရယ်ဗလွန် Revlon တံဆိပ်နှင့် အလှကုန် ပစ္စည်းအတုကို တွေ့ရပုံ၊ မိန်းကလေးသုံး အလှကုန်ပစ္စည်းအတုများ ပေါများလှပုံကို သတိပေးရင်း၊ ရုပ်ပိုင်းဆိုင်ရာ မျက်နှာ၊ ခေါင်း၊ ခြေ လက်များကို သန့်စင်ဆေးကြောရန် (Clean) အရေးကြီးသကဲ့သို့၊ အရာရှိကြီးများ လာဘ်စားသည့် ဓလေ့စိတ်ကို သန့်ရှင်းရန် လိုကြောင်း အသာအယာ တို့ထိထားပေသည်။
“သို့ဖြင့် ဆရာမကြီး ဖြစ်ရလေသတည်း” တွင် မြန်မာ့ယဉ်ကျေးမှုတွင် ဆရာ၊ ဆရာမ အခေါ်အဝေါ် ဖောင်းပွသောကြောင့်၊ ဆရာမ အခေါ်ခံရလျှင် ခေါ်သူက အလှူခံရန် လာသူဖြစ်မည်ဟု စတင်သရော်သည်။ နောက်မှ ငွေကြေးမအောင်မြင်သော စာရေးဆရာမ တယောက်၏ ဘဝအမောများကို သရော်တော်တော် တို့ကာထိကာ ရေးပြသွားသည်။ အဆုံးတွင်မူ ယနေ့ခေတ် အယ်ဒီတာတချို့၏ လုပ်ပုံကိုင်ပုံကို ကလိလိုက်ပြီး တရာ့ကိုးဇင်သည် ရောင်းအကောင်းဆုံး စာရေးဆရာ စာရင်း ဝင်နေပြီဟု ဖြီးဖြန်းလိုက်သည်ကို အမှန်တကယ် သတင်းဟု ယူဆသော အယ်ဒီတာက တရာ့ကိုဇင်ကို “ဆရာမကြီး” ဟု ခေါ်ဝေါ်လျက် ပျာပျာသလဲကြိုဆိုကာ စာမူခ တိုးပေးပုံဖြင့် အဆုံးသတ်ထားသည်။
“မဒ္ဒီဒေဝီ ဝေဿန်ထုံးလို”… ကား ကိုယ်တွေ့ဖြစ်ရပ် စာတိုပေစပေတည်း။ သရော်စာလည်းမဟုတ်။ ဝတ္ထုတိုလည်း မဟုတ်ပေ။ စီးပွားရေးချောင်လည်ကြစဉ်က ဝယ်သူ (စားသုံးသူ) များက ခေါင်းရွက်ဗျပ်ထိုး ဈေးသည်များအပေါ် ဈေးမဆစ်၊ အသာစီးမယူဘဲ ဈေးဝယ်နိုင်ကြသည်။ စီးပွားရေးကလည်း ကျပ်တည်းလာ၊ ကုန်ဈေးနှုန်း … အထူးသဖြင့် စားသောက်ကုန် များကလည်း ဈေးမြင့်လာချိန်တွင် ဝယ်သူဘက်က အလေးမှန်တောင်းမှန် လိုချင်ကြသော်လည်း ရောင်းသူဘက်က နည်းမျိုးစုံသုံး အလေးခိုးကြပုံကို ပေါ့ပေါ့ပါးပါး ရေးသားထားသည်။ နောက်ဆုံးတွင်မူ အလေးမမှန်သော ဈေးသည်ကိုလည်း ကိုယ်ကပဲသည်းခံ၊ ပဲဆီစစ်ဟု လိမ်ညာရောင်းသူကိုလည်း ကိုယ်ကပဲ သည်းခံလိုက်ရပုံနှင့် အဆုံးသတ်လိုက်သည့် အလေးမပြည့်သည့် သားငါးသည်များ၊ မစစ်သောပဲဆီကို ပဲဆီစစ်ဟု တံဆိပ်ကပ်ရောင်းနေသူ ဆီသည်များအား သရော်ထားသည့် စာတပုဒ်ဖြစ်ပေသည်။
ရာသီဥတုပြောင်းလဲလာ၍ ရန်ကုန်တွင် မိုးရွာပုံရွာနည်း ပြောင်းလဲလာခြင်းနှင့်အတူ နောက်ဆက်တွဲ ခံစားရသည့် နှာစေး၊ ချောင်းဆိုး ရောဂါ၊ ကြက်ငှက်တုပ်ကွေးဖြစ်စေမည့် (H1N1) ရောဂါပိုးတို့ကို ကြောက်လန့်နေရပုံကို ကလိထားပြီး ခေါင်းစဉ်ကို “ရန်ကုန်မိုး” ဟု တပ်ထားသည်။
“နာဂစ်အလွန်တဘူတာ” ကား နာဂစ်မုန်တိုင်းဝင်လာစဉ်၊ ကိုယ်တွေ့ကြုံရသည့် သဘာဝအန္တရာယ်ဘေးနှင့် အောက်ခြေ လူတန်းစားများ နေစရာမဲ့ဖြစ်သွားပုံကို ရေးသားပြီးနောက် နေစရာမဲ့သွားသူများကို ဗုဒ္ဓဘာသာ ဓလေ့ထုံးစံအရ၊ ဘုန်းကြီးကျောင်းက လက်ခံကျွေးမွေး ထားသော်လည်း ထိုစဉ်ကာလက အာဏာပိုင်ဆိုသူများက လာရောက် မောင်းထုတ်ကြပုံကို တို့ရုံထိရုံ ရေးသားလျက် ကလောင်စွမ်းပြလိုက်သည့် လက်ရာဖြစ်ပါသည်။
“အနာသိမှ ဆေးရှိလေသည်၊ သို့သော်” တရာ့ကိုးဇင် စာရင်းစစ် ဘဝတုန်းက ဆေးရုံများကို စစ်ဆေးရသည့်အခါ ဆရာဝန်၊ သူနာပြုဆရာမများက ဧည့်ဝတ်ပျူငှာ ကျွေးမွေးဧည့်ခံမှုကို ခံစားရင်း သာသာထိုးထိုး စာရင်းစစ်ပေးခဲ့ပုံနှင့် ယခု ပင်စင်စား ဘဝတွင် လူမှုဖူလုံရေး ဆေးခန်းသို့ ရောဂါလာပြစဉ်၊ အသက် ၃၀ ဝန်းကျင် သူနာပြုဆရာမနှင့် ဆရာဝန်မတို့၏ မျက်နှာတင်းတင်း၊ အသံမာမာတို့နှင့် ကြုံတွေ့ရပုံကို နှိုင်းယှဉ် သရော်ပြထားသည်။
စည်းကမ်းရှိသော ဒီမိုကရေစီခေတ်တွင် ရန်ကုန်မြို့တွင် နေထိုင်သူအားလုံး နေ့စဉ်ကြုံတွေ့ရပြီး နေ့စဉ် စိတ်တို စိတ်ညစ်ကြရသည့် ကိစ္စက ယာဉ်ကြောပိတ်ဆို့မှု ဖြစ်သည်။ ယာဉ်ကြောပိတ်ဆို့မှု ဒဏ်ကို ခံရသော ပြည်သူတဦး အနေဖြင့် စီမံအုပ်ချုပ်နေသူများကို အပြစ်တင်စကားမပြောဘဲ ဘတ်(စ်) ကားပေါ်တွင် ပရိတ်ကြီး ၁၁ သုတ်၊ သံဗုဒ္ဓေ၊ နတ်ချစ်ဂါထာ၊ ဓာရဏ ပရိတ်စသည့်တို့ကို အခေါက်ပေါင်းများစွာ ရွတ်နေရ၍ ကုသိုလ်ရကြောင်း ရွဲ့ရေးထားသည်။ ခေါင်းစဉ်ကို ခေတ်မီမီ “တာဝတိံသာ Breaking News” ဟု ပေးထားပေသည်။
“အနာနဲ့ဆေး” တွင် ယခုခေတ် ကုမ္ပဏီဝန်ထမ်း အမျိုးသမီးငယ်လေး များ၏ ဘ၀ မလုံခြုံပုံကို မီးမောင်းထိုး ပြထားသည်။ အထူးကု ဆရာဝန်ကြီး၊ အရာရှိကြီး စသော ဂုဏ်ပုဒ်များဖြင့် လူ့လောကတွင် လူတို့ အထင်မသေးရဲသော ဘဝများ ရထားသူများပင် ဆိတ်ကွယ်ရာတွင် ဖောက်ပြန်တတ်ကြကြောင်း အသာအယာ တို့ထိထားသည်။
မစားရဝမခန်း ကြော်ငြာများအနက် ဗေဒင်၊ လက္ခဏာ ကြော်ငြာများလည်း ပါဝင်ကြောင်းကို “အကြားအမြင် တရာ့ကိုးဇင်” ဖြင့် ထောက်ပြထားသည်။ ဗေဒင်၊ မဟာဘုတ်၊ ကိုင်ရို၏ လက္ခဏာပညာ၊ ဂဏန်းဗေဒင် စသည်တို့ကို အနည်းအကျဉ်း လေ့လာပြီး လာရောက် လက္ခဏာ ဗေဒင် ကြည့်သူတို့၏ အပူရုပ်ကို အစ်အောက် ထုတ်နိုင်ပါက ဗေဒင်လက္ခဏာ ဟောစားနိုင်ကြောင်း စာရေးဆရာ ဘဝကို စိတ်ကုန်နေသူက တွေးနေဟန်ဖြင့် သရုပ်ဖော်ထားသည်။
“ရန်သူတော် (သို့မဟုတ်) သူငယ်ချင်းကောင်းတယောက်” ကား စာရေးသူ ခင်မြဇင်၏ ရေးဖော်ရေးဖက်လည်းဖြစ်၊ ရင်ဘတ်မိတ်ဆွေ တဦးလည်း ဖြစ်သည့် ကွယ်လွန်သူ စာရေးဆရာ မင်းလူကို လွမ်းတသည့်စာဖြစ်သည်။
စာရေးဆရာ၊ ကဗျာဆရာ အများစုသည် စာပေလွတ်လပ်ခွင့်၊ အမှန်တကယ် လွတ်လွတ်လပ်လပ်ရေးခွင့်ကို တပ်မက်မောကြသည်။ ၂၀၁၀ မတိုင်မီက လွတ်လပ်စွာ ရေးသားသူတချို့ ဒုက္ခရောက်ရပုံ၊ ရေးချင်သော အကြောင်းအရာကို သတိထား ရေးကြရပုံများကို “ဝမ်းနည်းသည်ထက် ပို၍ ဝမ်းနည်းရခြင်း အကြောင်းရင်းများ” တွင် ဖတ်ရှုရသည်။ ဆရာကြီး ဒဂုန်တာရာတယောက် ကွယ်လွန်သွားချိန် ထိတိုင် သူ့ဘဝတလျှောက် တမ်းတမျှော်မှန်းခဲ့သည့် “ပြည်တွင်း ငြိမ်းချမ်းရေး” ကို မမြင်တွေ့သွားရခြင်းကိုလည်း တရာ့ကိုးဇင်က ဝမ်းနည်းပြထားပါသည်။
ခေတ်အဆက်ဆက် အုပ်ချုပ်သူ လူတန်းစားက ဆီဦးထောပတ် စားနေကြရပြီး လက်လုပ်လက်စားများကား ထမင်းတနပ် အတွက် တွက်ကြရ၊ ချက်ကြရ၊ ဈေးပေါပေါ ဝယ်စားကြရပုံကို “ကြင်ဖက်မရှာသာတဲ့ မြန်မာမကလေးတွေနဲ့ ရာဇဝင်ထဲက ချဉ်ပေါင်ဖူး” ဖြင့် သရော်ထားသည်။
“ရွှေရောင်နေ့ကလေးတွေဆီ စိတ်ကူးယဉ်နေတုန်း” ခေါင်းစဉ်ဖြင့် မြန်မာမိန်းကလေးများ လူကုန်ကူးခံနေကြရပုံ၊ တရုတ်မယားအဖြစ် အရောင်းစား ခံနေကြရရုံသာမက ထိုင်း၊ မလေးရှားဘက်သို့လည်း ရောင်းစားခံနေကြရပုံများကို ကလိထားသည်။
“မုဆိုးမပုံပြင်” တွင်မူ စာပေလောကသား အချင်းချင်း ဇာတ်တူသား စားကြပုံကို လှလှပပ တင်ပြသွားသည်။
ခင်မြဇင်သည် ရသစာပေလိုင်းဖြင့် စာပေလောကထဲ ဝင်ရောက်လာသူဖြစ်သည်။ ဝတ္ထုတို၊ ကဗျာများ စတင် ရေးသားပြီးနောက် လုံးချင်းဝတ္ထုနှင့် အမျိုးသမီး ပန်းချီပညာရှင်များအကြောင်း သမိုင်းနောက်ခံဝတ္ထု စသည်တို့ကို ရေးသားလာသူဖြစ်သည်။
စာပေနယ်တွင် လျှမ်းလျှမ်းတောက် ကျော်ကြားသူ မဟုတ်စေကာမူ နာမည်ကျော်ကြားပြီး စာကောင်းပေမွန် ရေးသားသူ စာရင်းဝင်တယောက် ဖြစ်ပါသည်။ “ဆယ်လီဗလစ်တီ” တွင် ခင်မြဇင်၏ စာဖတ်နာပုံနှင့် ခေတ်ကို မျက်ခြေမပြတ်ပုံကို တွေ့ရှိနိုင်သည်။
သာမန်ဝင်ငွေရှိသူများ ယနေ့ရင်ဆိုင်နေရသော ဘဝအမောများ အားလုံးကို ဆယ်လီဗလစ်တီတွင် ပါဝင်သောစာများ၌ အထင်းသား တွေ့မြင်နေရသည်။
ပြည်သူတို့၏ စားဝတ်နေရေး ကျပ်တည်းပုံ၊ ကျန်းမာရေးစောင့်ရှောက်မှု မခံစားရပုံ၊ နေရေးထိုင်ရေး၊ သွားရေးလာရေးများ အဆင်မပြေပုံ၊ လူသုံးကုန်အတု၊ စားသုံးကုန်အတုများနှင့် နှစ်ပါးသွားနေကြရပုံ၊ ဝင်ငွေထွက်ရှာရသော မိန်းကလေး များ၏ဘ၀ မလုံခြုံပုံ၊ တိုင်းတပါးသို့ပင် ရောင်းစားခံရသည်ထိ အမျိုးသမီးငယ်များ ဘဝမလုံခြုံပုံတို့ကို ထောင့်စေ့စေ့ ထောက်ပြထားသည်။
ယနေ့ ဂျာနယ်၊ သတင်းစာ၊ မဂ္ဂဇင်းများတွင် ရေးသားနေကြသော မြန်မာစာအခြေအနေသည် မြန်မာစာပေ ချစ်သူများအတွက် ရင်လေးစရာဖြစ်ပါသည်။ ခင်မြဇင်က ခေတ်မီစွာ “ဆယ်လီဗလစ်တီ” ဟု အသံဖလှယ်ခြင်းကို ခေါင်းစဉ်တပ်သည်။ တာဝတိ ံသာ Breaking News ဟု ဖားတပိုင်း ငါးတပိုင်း မြန်မာစာနှင့် အင်္ဂလိပ်စာရော ရေးထားသည်များမှလွဲ၍ “ဆယ်လီဗလစ်တီ” စာစုသည် စာဖတ်သူများကို ရသခံစားမှုပေးမည့် စာများဖြစ်ကြပါသည်။
ဤစာများကြားတွင် ခင်မြဇင်၏ ဂရုဏာစိတ်ကိုလည်း မြင်တွေ့နိုင်ပါသည်။ “ဆယ်လီဗလစ်တီ” သည် ယနေ့ခေတ်ကို သရော်ထားသော်လည်း ဒေါသသံ မပါပါ။ နိုင်ငံရေးလေသံ မပါပါ။ အုပ်ချုပ်သူတို့ ခံစားနားလည်တတ်မည် ဆိုပါက တိုက်ရိုက်ဆဲသည့် နိုင်ငံရေးစာများထက်ပင် ပိုနာရမည့် ကတ္တီပါလက်အိတ်စွပ်ပြီး ထိုးနှက်ထားသည့် သရော်စာ များပေတည်း။