SFU

“ဂန္ထဝင်ဆည်းဆာ” အမှတ်တရ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

စာပေဂီတ အနုပညာတွေကို ဖန်တီးရေးဖွဲ့ရာမှာ တခါတရံမှာ တမင်မရည်ရွယ်ဘဲ ထင်မှတ် မထားတဲ့ အချိုးအကွေ့ တခုကနေ အတွေးရသွားပြီး ရေးဖွဲ့မိတတ်ကြပါတယ်။ ရေးဖွဲ့သူရဲ့ အတွေးအာရုံ ခံစားမှုပေါ် မူတည်ပြီး လှပတဲ့ အနုပညာ တခုလည်း ဖြစ်သွားတတ်ပါတယ်။ သီချင်းရေးချင်စိတ် ပြင်းပြနေချိန်ရယ်၊ မမျှော်လင့်ဘဲ တွေ့လိုက်ရတဲ့ မြင်ကွင်းလေး တခုရယ် ပေါင်းစပ်ပြီး သီချင်းလေး တပုဒ် ကျနော် ရေးဖွဲ့ဖူးပါတယ်။

“ဂန္ထဝင်ဆည်းဆာ” အမည်ရ ကိုယ်ပိုင်သံစဉ် သီချင်းလေးပါ။ ဂန္ထဝင်ဆည်းဆာ သီချင်းကို ကျနော် သီချင်း စရေးတတ်စ အချိန် ၁၉၈၃-၈၄ ဝန်းကျင်ကာလက ရေးသားခဲ့တာ ဖြစ်ပြီး သီချင်းရေးသမား တယောက်ဖြစ်ဖို့ ကြိုးစားစဉ် အချိန်က ရေးဖွဲ့ခဲ့တဲ့ သီချင်းလည်း ဖြစ်ပါတယ်။

တောင်ကြီးမှာ ဆယ်တန်း အောင်ပြီး ရန်ကုန်တက္ကသိုလ် လာတက်ချိန် ချက်ခြင်း ကျနော် ကျောင်းဆောင် မရပါဘူး။ ဒါကြောင့် လှည်းတန်း စံရိပ်ငြိမ် ဇေယျာသီရိလမ်းသွယ်ထဲမှာ ဘော်ဒါဆောင် ခေတ္တငှားနေရပါတယ်။ ဘော်ဒါဆောင် မှာ နှစ်ယောက်တခန်း နေရပါတယ်။

ဖြစ်ချင်တော့ ကျနော့် အခန်းဖော်က တေးရေး ဒေါက်တာ တင်ဝင်း (ဆေး/မန်း) ဖြစ်လို့နေ ပါတယ်။ ဆရာတင်ဝင်း (ဆေး/မန်း) ဟာ ဆရာ စိုင်းခမ်းလိတ်၊ ကိုနေဝင်း၊ ကိုဂျေမောင်မောင် တို့နဲ့လည်း သူငယ်ချင်း ဖြစ်ပြီး အဲဒီတုန်းက ရန်ကုန် ဆေးရုံကြီးမှာ မေ့ဆေးပညာနဲ့ ပတ်သက်ပြီး မွမ်းမံသင်တန်း တခု လာတက်ချိန် ဘော်ဒါဆောင်လေးမှာ ခေတ္တ လာရောက် တည်းခိုချိန်ပါ။ ကျနော်နဲ့ အသက်အရွယ် များစွာ ကွာပြီး ဆရာဝန်တယောက်လည်း ဖြစ်ပေမယ့် ကျနော့်ကို ညီငယ် တယောက်လို၊ သူငယ်ချင်း တယောက်လို ပြောဆို ဆက်ဆံတတ် ပါတယ်။ သူနဲ့ အတူနေချိန် သူ့ဆီက လေ့လာ သင်ယူစရာတွေ အများအပြား ရရှိခဲ့ပါတယ်။

ကျနော် သီချင်းရေးဖို့ ဝါသနာပါမှန်း သိတော့ သူက “မင်းသီချင်းရေးချင်ရင် စာများများဖတ်၊ သီချင်းများများ နားထောင်” လို့ အမြဲ ပြောပါတယ်။ သူကိုယ်တိုင်လည်း အဆောင်မှာနေရင် Walkman ကက်ဆက်လေးနဲ့ တချိန်လုံး သီချင်း နားထောင် နေတတ်ပါတယ်။

ကျနော့်ဘဝမှာ ကက်ဆက်ခွေတွေ အများကြီး ရှိတဲ့ လူကို အဲဒီမှာ စတွေ့ဖူးတာပါပဲ။ ဆရာတင်ဝင်း (ဆေး/မန်း) ဟာ နိုင်ငံခြား သီချင်းခွေ တွေကို အဝတ်သေတ္တာကြီး တလုံးနဲ့ အပြည့် သိမ်းထားတဲ့ သူပါ။ အဲဒီတုန်းက နိုင်ငံခြား သီချင်းတွေကို ယင်းမာ တေးသံသွင်းတို့လို နေရာမျိုးမှာသာ ရှာဖွေ ရရှိနိုင်ပေမယ့် သူကတော့ ဘယ်လိုရှာဖွေ စုဆောင်း ထားမှန်း မသိတဲ့ Original မူရင်း တိပ်ခွေတွေပါ။

သေတ္တာကြီးထဲမှာ အဝတ်အစား သုံးလေးစုံသာ ထည့်ပြီး ကျန်တာ အားလုံး ကက်ဆက်ခွေတွေ ပါပဲ။ သူ့ဆီက ရှားပါးတဲ့ ပြည်ပက အဆိုတော်အဖွဲ့ အစုံအလင်ရဲ့ တေးသီချင်းတွေကို နားဆင် မြည်းစမ်းခွင့် ရခဲ့ပါတယ်။

မှတ်မှတ်ရရ ကျနော့်ကို Pink Floyd အဖွဲ့ရဲ့ သီချင်းတွေ ကြိုက်သွားအောင် စ ပေးနားထောင် ခဲ့သူက ဆရာတင်ဝင်း (ဆေး/မန်း) ပါပဲ။ အဆောင်ကို သူနဲ့ ပတ်သက်တဲ့ Shells အဖွဲ့ရဲ့ ဂစ်တာသမား ကိုဂျယ်ရီနဲ့ ကိုဂျေမောင်မောင် ကြီးလည်း မကြာခဏ လာတတ်ပါတယ်။ ဆရာတင်ဝင်း (ဆေး/မန်း) ဟာ ကိုဂျေမောင်မောင်ရဲ့ “အချစ်ရေ” တေး Album မှာလည်း ပါဝင် ရေးသားခဲ့သူပါ။ သူတို့နဲ့ တွေ့လိုက်ရတာဟာ ကျနော့် ဝါသနာပိုးကို ပိုနှိုးဆွလိုက် သလိုပါပဲ။

ဒီထက်ပိုပြီး ရောဂါ တက်စေတဲ့ အကြောင်း ကတော့ ကျနော်နဲ့ တောင်ကြီးမှာ အတူနေလာတဲ့ သူတွေလည်းဖြစ်၊ The Wild Ones တေးဂီတအဖွဲ့ရဲ့ ဂစ်တာသမားတွေလည်း ဖြစ်တဲ့ ကိုမျိုးထွန်းနဲ့ ကိုနေထွန်းတို့ဟာ The Wild Ones အဖွဲ့နဲ့ အတူ တံတားဖြူ ခရမ်းပြာ အဆောင်မှာ ငှားနေ စတည်းချကြပါတယ်။

အစ်ကိုဆရာတွေလို ဖြစ်တဲ့ သူတို့နှစ်ယောက်နဲ့ ပတ်သက်ပြီး ကိုထီး (စိုင်းထီးဆိုင်) နဲ့လည်း ရင်းနှီးခဲ့ရသလို တံတားဖြူ ခရမ်းပြာ အဆောင်ကိုလည်း မကြာခဏ ကျနော်သွားလေ့ ရှိပါတယ်။ သူတို့ တဖွဲ့လုံး ရေးဆိုတီး နေတာ တွေ ကလည်း ကျနော့် ရေးချင်စိတ်ကို ပိုတွန်းအား ပေးခဲ့ပါတယ်။

လှည်းတန်း ကျနော့် အဆောင်နဲ့ တံတားဖြူက သိပ်မဝေးလှတာကြောင့် ညနေ ကျောင်းဆင်းချိန်ဆို ကျနော် အမြဲ သွားလည်လေ့ ရှိပါတယ်။ ခရမ်းပြာအဆောင် ရောက်ရင် ကျနော့်ဆရာ ကိုနေထွန်းနဲ့ အင်းလျားကန်ပေါင်ကို လမ်းလျှောက် ထွက်စမြဲပါ။ အဲဒီကာလက အင်းလျားကန်ပေါင်ဟာ ညနေခင်းဆို ကျောင်းသား၊ ကျောင်းသူတွေနဲ့ အမြဲ စည်ကား အသက်ဝင်နေ တတ်ပါတယ်။

တညနေ ကျနော်နဲ့ ကိုနေထွန်း အင်းလျား ကန်ပေါင်ဘေးက အကြော်ဆိုင်လေးမှာ ဘူးသီးကြော်စားရင်း စကားစမြည် ပြောကာ ဟိုငေးဒီငေး လုပ်နေမိကြပါတယ်။ နေဝင်ဆည်းဆာချိန်မို့ ညနေခင်းဟာ သာယာ လှပလွန်းတဲ့ အပြင် ကောင်းကင်က သက်တံ တစင်းကလည်း ကန်ရေထဲ ထိုးဆင်းနေသလို မြင်တွေ့ နေရပါတယ်။

ဒီအခိုက်အတန့် လေးမှာပဲ ဆံပင်ရှည်ရှည်တွေ ဖြန့်ချထားတဲ့ မိန်းကလေး တယောက်ဟာ ကန်ပေါင်ဘေးက မြက်ခင်းပြင်ကို ဖြတ်ပြီး ရောင်စုံ ပန်းခင်းတွေ ကြားထဲကနေ ကန်ပေါင်ပေါ်ကို တဖြည်းဖြည်း လှမ်းလျှောက် တက်လာတာ တွေ့လိုက်ရပါတယ်။ ကန်ရေကို ဖြတ်တိုက်လာတဲ့ လေတဖြူးဖြူးမှာ သူ့ဆံပင်ရှည်ရှည်တွေ လူးလွန့်မျောပါလို့ ပေါ့။

ပန်းချီကားတချပ်လို လှပတဲ့ မြင်ကွင်းကို တွေ့လိုက်ရတဲ့ ကျနော်ဟာ အတွေးထဲမှာ ဓာတ်ပုံရိုက်ထားသလို စွဲမြဲသွားရ ပါတယ်။ ညဘက် အဆောင်ပြန်ရောက်တာနဲ့ အဲဒီ ညနေဆည်းဆာ မြင်ကွင်းလေးကို ဂစ်တာလေးနဲ့ သံစဉ်ရှာကာ သီချင်းစတင် ရေးဖွဲ့မိပါတယ်။

ဂန္ထဝင်ဆည်းဆာ

V1- ညနေခင်းရဲ့ လေပြေထဲမှာ… မင်းဆံနွယ်တွေ တောင်ပံဖြန့်တဲ့အခါ

ပန်းပွင့်လေးတွေ ရှက်သွေးဖြာ…. ကျေးငှက်လေးတွ တေးမဆိုတော့ပါ

ဟိုမှာ – မြက်ခင်းစိမ်းများ ဦးညွှတ်လို့… မေလာရာ လမ်းခင်းပေးရရှာ

စမ်းချောင်းလေးတွေတောင် ငိုနေပြီကွာ…. မင်းဆံပင်လေးတွေ သိပ်လှတဲ့ အရှိန်အဝါ

CHO: ကမ္ဘာမြေတခွင်ကို မင်းဆံနွယ်တွေ လွှမ်းခြုံလိုက်မှာလားကွာ…. တိမ်တွေပေါ်မှာ ရွှေနေခြည်ဟာ ရောင်စဉ်ဖြန်းပက်ကာ…. ဆံပင်တွေကို နမ်းတဲ့အခါ…. လေအဟုန်မှာလူးလွန့်သွား …. ဆံနွယ်လေးတွေ သံစဉ်တေးလိပ်ပြာ …)

အနုပညာ တခုဟာ ဖန်တီးချင်တဲ့စိတ်၊ ပြင်းပြတဲ့ စိတ်ဆန္ဒ ရှိရင် အကြောင်းတိုက်ဆိုင်ချိန် ရင်ဘတ်ထဲက ရိုးသားစွာ ဖိတ်လျှံ ကျလာစမြဲပါ။

ကျနော် သီချင်းတွေ စမ်းသပ် ရေးစဉ် ကတည်းက Acoustic ဂစ်တာကို ဦးစားပေးတဲ့ Folk ဂီတဆန်တဲ့ ကဗျာဆန်ဆန် ရေးဖွဲ့မှုမျိုးကို အားသန်ခဲ့ပါတယ်။ Bob Dylan နဲ့ Simon and Garfunkal တို့ရဲ့ Folk သီချင်း ရေးဖွဲ့ပုံ တွေကို အားကျ အတုယူခဲ့ပါတယ်။ ဒါကြောင့်လည်း သီချင်းကို ကဗျာဆန်တဲ့ တင်စားဖွဲ့ဆိုမှု အများအပြားနဲ့ ဖွဲ့ဆို ခဲ့ပါတယ်။

ညနေခင်း လေပြေတွေ၊ ပန်းပွင့်လေးတွေ၊ ကျေးငှက်လေးတွေ၊ မြက်ခင်းစိမ်းတွေ၊ ရွှေနေခြည်တွေဟာ ကျနော် အမှန်တကယ် မြင်တွေ့ခဲ့ရတဲ့ သဘာဝမြင်ကွင်း နောက်ခံအစစ် ဖြစ်ပေမယ့် အင်းယားကန် ရေပြင်ကြီးကိုတော့ စမ်းချောင်းလေး အသွင် ပြောင်းလဲ ဖန်ဆင်းပြီး လှပအောင် ရေးဖွဲ့ခဲ့တာပါ။ ထူးဆန်းတာက ဆံနွယ်တွေ လေမှာ မျောလွင့်ပြီး လျှောက်လှမ်းလာတဲ့ ဆံပင်ရှည်ရှည် မိန်းကလေးဟာ ဘယ်သူဘယ်ဝါ ဆိုတာကို ကျနော် ဒီနေ့ထိ မသိခြင်းပါ။

သေချာတာ တခုကတော့ ကျောင်းဆောင်တခုခုက အဆောင်နေ ကျောင်းသူလေးတဦး ဖြစ်နေမှာ ပါပဲ။ ကျနော် လုံး၀ မသိတဲ့ မိန်းကလေးတဦးရဲ့ ဆံပင်အလှအပနဲ့ သဘာဝရှုခင်းအလှ နှိုင်းယှဉ်ခံစားပြီး တင်စားရေးဖွဲ့ခဲ့ပါတယ်။

သီချင်းကို ရေးဖွဲ့ချိန်မှာ ကျနော်ဟာ Plucking ဂစ်တာ တီးခတ်နည်းကို ဆရာ ကိုနေထွန်းဆီက လေ့လာ သင်ယူ နေချိန်လည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း သီချင်းကို Plucking တီးခတ်ဟန်နဲ့ Chord ဖွဲ့စည်းပုံကိုလည်း သီချင်း စရေးသူတို့ ထုံးစံအတိုင်း C – Family ထဲမှာပဲ ရေးဖွဲ့ခဲ့ပါတယ်။

သီချင်းရေးပြီးချိန်မှာ ဘယ်သူ့ကိုမှ မပြရဲဘဲ သိမ်းဆည်း ထားခဲ့ပါတယ်။ ဒါပေမယ့် လှည်းတန်းအဆောင်ကနေ မေဂျာတူ သူငယ်ချင်း ဖြစ်တဲ့ ရန်ကင်းကျောက်ကုန်းက ကိုညီပု (မြေကြီးကို ဒုက္ခပေးသူ) အိမ်ပြောင်း နေချိန်မှာတော့ ညီပုကို သီချင်းလေး ထုတ်ပြ ဆိုတီး မိခဲ့ပါတယ်။ ညီပုက အရမ်းကြိုက်သွားပြီး ရန်ကင်း လေးလုံးတန်းက သူ့ချစ်သူ အိမ်ရှေ့ ညဘက် ဂစ်တာသွားတီးရင် သီချင်းကို အမြဲဆိုလေ့ ရှိပါတယ် (သူ့ကောင်မလေးက ဆံပင်ရှည်ရှည်လေးနဲ့မို့ ပါ)။

ရန်ကင်းက လူငယ်တွေကြားထဲမှာ အဲဒီကာလ ကတည်းက သီချင်းလေး ပြန့်နှံ့နေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ တေးရေး ညီညီသွင်က ကျနော့်ကို အဆိုတော်ကြီး စိုးလွင်လွင်ဆီ ခေါ်သွားပြီး သီချင်းကို ဆိုတီးပြစေခဲ့ပါတယ်။ စိုးလွင်လွင်က နဂိုကတည်းက ရန်ကင်းမှာ ကြားဖူးနေကျ သီချင်းဖြစ်ပြီး ကြိုက်သွားတာမို့ သူ့ရဲ့ “ချစ်တဲ့ငြိမ်း” တေး Album ထဲမှာ ထည့်သုံးဖို့ ဝယ်ယူသွားခဲ့ပါတယ်။

သီချင်းက အတိုင်းအတာတခုထိ လူသိခဲ့ပေမယ့် စိုးလွင်လွင် ကွယ်လွန်ပြီး စိုးလွင်လွင် အမှတ်တရ Live Show ဆိုပြီး ရတနာမြိုင် တေးသံသွင်းက စီစဉ်တဲ့ တေး Album ကျမှ လူသိများ ထင်ရှား သွားရပါတယ်။

အဆိုတော် R ဇာနည်ရဲ့ ပြောင်းလဲထားတဲ့ ကိုယ်ပိုင်ဟန်နဲ့ Lazy Club တီးဝိုင်းရဲ့ Arrange အပြင် ချမ်းဟိန်းကြွယ်ရဲ့ Violin Solo ကလည်း သီချင်းရဲ့ အောင်မြင်မှုကို များစွာ ပံ့ပိုးပေးခဲ့ပါတယ်။

တကယ်တော့ ဂန္ထဝင်ဆည်းဆာ သီချင်းဟာ ကျနော်သိသမျှ တတ်သမျှ နုနယ်တဲ့ ဂီတအတွေ့အကြုံလေးနဲ့ ရိုးသားစွာ ဖွဲ့ဆိုခဲ့တဲ့ သီချင်းလေး ဖြစ်ပါတယ်။ သီချင်းလေး မွေးဖွားပေးခဲ့တဲ့ တံတားဖြူ အင်ယားကန်ပေါင် လေးဟာလည်း များမကြာမီ ကာလမှာပဲ အာဏာရှင် စစ်ခေါင်းဆောင်တွေရဲ့ ရက်စက်စွာ ဖြိုခွင်းမှုကြောင့် ဒီမိုကရေစီ အရေးတော်ပုံ ကျောင်းသား ကျောင်းသူတွေ သွေးမြေကျခဲ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် သီချင်းဖြစ်တည်ခဲ့တဲ့ တံတားဖြူ အင်းယားကန် ညနေခင်းဆည်းဆာ တွေကတော့ ခေတ်အဆက်ဆက် ဂန္ထဝင် အမှတ်တရ ကျန်ရစ်နေမှာ မဟုတ်ပါလားခင်ဗျာ။

Did you find apk for android? You can find new Free Android Games and apps.
Loading