၂၃ ကြိမ်မြောက် ဥရောပ ရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့မှာ စက်တင်ဘာ ၂၅ ရက်က စလို့ ဖွင့်လှစ်ပါတယ်။ အနုပညာ၊ အတတ်ပညာ လှပ ကောင်းမွန်တဲ့ ဥရောပ ရုပ်ရှင်တွေကို ရုပ်ရှင်ရုံမှာ ရှားရှားပါးပါး ကြည့်ခွင့်ရတဲ့ အခွင့်အရေးဖြစ်တော့ ပွဲတော် စတယ်ဆိုရင်ပဲ ရန်ကုန် နေပြည်တော် ရုပ်ရှင်ရုံဆီ အရောက် သွားရပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန် သံရုံးက ဦးစီးတဲ့ ဒီနှစ် ရုပ်ရှင်ပွဲတော်မှာ ပြင်သစ်၊ ဂျာမနီ၊ အိုင်ယာလန်၊ အစ္စရေး၊ အီတလီ၊ ဆွစ်ဇာလန်၊ ဗြိတိန်နိုင်ငံတွေက ရုပ်ရှင် ၁၀ ကား ပါဝင်ပြသတာပါ။
ငယ်ဘဝဆီ နောက်တစ်ကြိမ် ပြန်ရောက်ရတဲ့ ကမီးလ်ရဲ့ ပြုံးရွှင်ဖွယ် ဘဝဇာတ်လမ်းကို ထင်ဟပ်ပြတဲ့ Camille Redouble (ပြင်သစ်)၊ အိပ်ရာ ဝင်ပုံပြင်များ (Tales of the Night) ကာတွန်းရုပ်ရှင် (ပြင်သစ်)၊ ထိမ်းမြားလက်ထပ်တဲ့ မိန်းမပျိုတိုင်းကို ရွာအကြီးအကဲက ပန်းဦးခြွေတဲ့ ဓလေ့ဆိုးရှိရာ တောင်ပေါ်ရွာကို အခြေတည်ထားတဲ့ Das Finstere Tal (ဂျာမနီ)၊ ကျေးလက်ရိုးရာ ဂီတကို နှစ်သက်စဖွယ် ခင်းကျင်းပြတဲ့ မှတ်တမ်းရုပ်ရှင် Sound of Heimat (ဂျာမနီ)၊ ငါးဖမ်းပိုက်ထဲ ပါလာတဲ့ အမျိုးသမီးလေးနဲ့ တံငါသည်၊ သူ့သမီးငယ်တို့ အကြားက အပြောင်းအလဲတွေကို ပုံဖော်ထားတဲ့ Ondine (အိုင်ယာလန်)၊ ပညာရပ် နယ်ပယ်တူ သားအဖနှစ်ဦးကြားက မသိမသာ ပြိုင်ဆိုင်မှုတွေကို ဖော်ကျူးတဲ့ Footnote (အစ္စရေး)၊ ရှေးရိုးဆန်တဲ့ မိသားစု၊ လိင်တူချင်း ချစ်မြတ်နိုးမိသူ သားကြီး၊ သားငယ် စတဲ့ ပုံရိပ်တွေနဲ့ Mine Vaganti (အီတလီ)၊ တခေတ်တခါက သမိုင်းပုံရိပ်ဆိုး၊ ဓားစာခံတွေရဲ့ အိပ်မက်ဆိုးကို ပြဆိုတဲ့ Der Verdingbug (The Foster Boy) (ဆွစ်ဇာလန်)၊ လယ်သမား အဘိုးအိုတဦးရဲ့ ရှင်သန်မှုအကြောင်း ရိုက်ကူးထားတဲ့ Les Petites Fugues (ဆွစ်ဇာလန်)၊ သားပျောက်ရှာသူ မိခင်ရဲ့ ရင်နင့်စရာ ဖြစ်ရပ်ပါဝင်တဲ့ Philomena (ဗြိတိန်) တို့ ပါဝင်ပြသပါတယ်။
စက်တင်ဘာ ၂၅ ရက်ကနေ အောက်တိုဘာ ၅ ရက်အထိ စုစုပေါင်း ၁၁ ရက်ကြာမြင့်တဲ့ ရုပ်ရှင်ပွဲတော်ကို စဖွင့်တဲ့ ဇာတ်ကားက ဆွစ်ဇာလန် ရုပ်ရှင် Der Vedingbub (The Foster Boy) ပါ။ ဖွင့်ပွဲနေ့မှာ ပြသတဲ့ ရုပ်ရှင်ဟာ အကောင်းဆုံး ဖြစ်လေ့ရှိတော့ မကြည့်ခင်ကတည်းက စိတ်ဝင်စား ခဲ့ရပါတယ်။ ကြည့်မိပြီးတဲ့ အချိန်မှာလည်း ရင်နင့် နာကျဉ် ကျန်ရစ်ပါတယ်။ ဒါပေမယ့်လည်း တခြားရုပ်ရှင်တွေ ကြည့်ပြီးရင်တော့ သူ့ထက်သူ လူစွမ်းကောင်းတွေ ပေါ်လာဦးမှာပါပဲလို့ တွေးရတယ်။ စက်တင်ဘာ ၃၀ အထိဆိုရင် ကျမ ရုပ်ရှင် ၈ ကားတိတိ ကြည့်ခဲ့ပြီးပါပြီ။ အခုပြန်စဉ်းစားတော့ ရင်ကို အထိမှန်ဆုံးဟာ စက်တင်ဘာ ၂၅ နဲ့ အောက်တိုဘာ ၅ ရက်မှာ ပြသတဲ့ မွေးစားသား အမည်ရ ဆွစ်ရုပ်ရှင်ပါပဲ။
Der Vedingbub ဟာ ၁၉၅၀ ပြည့်နှစ်ဝန်းကျင်က စနစ်ဆိုးကို အခြေခံပါတယ်။ အဲဒီခေတ်အခါက မိဘမဲ့ ကလေးတွေ၊ မိခင်သာ ရှိရှာတော့တဲ့ အဖမဲ့ ကလေးငယ်တွေဟာ မွေးစားသား၊ သမီးဘဝကို အတင်းအကျပ် တွန်းပို့ခံရပါတယ်။ မိခင်က စောင့်ရှောက်လိုတယ် ဆိုဦးတော့ အခွင့်မရပါဘူး။ မွေးစားခံရတဲ့ ကလေးငယ်တွေဟာ ‘မွေးစား’ လို့သာ အမည်ရပေမယ့် တကယ်တော့ မွေးစားမိဘတွေရဲ့ စိုက်ပျိုး မွေးမြူရေး လုပ်ငန်းတွေက ကျွန်သာသာ အလုပ်သမား လုပ်ရဖို့ သက်သက်ပါပဲ။ ပင်ပန်းဆင်းရဲတဲ့ ဘဝက ထွက်ပြေး လွတ်မြောက်ခွင့်မရဘဲ ခေတ်ဆိုးကို ရင်ဆိုင်ခဲ့ရတဲ့ ကလေးလုပ်သားပေါင်း တသိန်း ဝန်းကျင်ရှိခဲ့ပါသတဲ့။ အဲဒီ စနစ်ဟာ ဒုတိယကမ္ဘာစစ် ပြီးချိန်လောက်အထိ မြဲခဲ့ပါတယ်။ အခုအချိန် အထိလည်း အဲဒီ ကလေးငယ်တွေထဲက အသက်ရှင် ကျန်ရစ်သူတွေ ရှိနေပြီး ဆွဇ်အစိုးရ ထံက အသိအမှတ်ပြုမှုကို တောင်းဆိုခဲ့ ကြပါတယ်။ ဒါရိုက်တာ Markus Imbode ရိုက်ကူးကာ Max Hubacher နဲ့ Katja Riemann တို့ အဓိက ပါဝင် သရုပ်ဆောင် ထားပြီး ၂၀၁၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီရုပ်ရှင်ဟာ ရှင်သန်လွတ်မြောက်သူ တွေရဲ့ အမှတ်ရမှု အနာတွေကို စုစည်းထားတာပါ။
ရုပ်ရှင်ကို မွေးစား ကလေးငယ်တဦး သေဆုံးလို့ အလောင်း လာရောက် သယ်ဆောင်တဲ့ အခန်းနဲ့ စဖွင့်ပါတယ်။ ဝမ်းနည်းစဖွယ် တိတ်ဆိတ် ငြိမ်သက်မှုနဲ့ ရုပ်ရှင်ကို အစပျိုးလိုက်ပါတယ်။ Der Vedingbub မှာ အဓိက ဇာတ်ကောင်ကတော့ မိဘမဲ့ ဆယ်ကျော်သက်ရွယ် မက်စ်ပါ။ မက်စ်ဟာ လယ်ရှင်မိသားစုဆီကို မွေးစားကလေး တယောက် ဆုံးပါးလို့ ထပ်ခေါ်ရတဲ့ မွေးစားသားအနေနဲ့ ရောက်ရှိလာပါတယ်။ အဲဒီ လယ်ရှင် မိသားစုဆီကိုပဲ နောက်ထပ် ရောက်လာတဲ့ မွေးစားကလေးငယ် တဦးကတော့ ဆယ်ကျော်သက်မလေး ဘာတယ်လီပါ။ အရက်စွဲ နေသူ လယ်ရှင်၊ ဘဝနာမှုကို မွေးစား ကလေးငယ်တွေအပေါ် လွှတ်ချ ထွက်ပေါက်ရှာတဲ့ လယ်ရှင့်ဇနီး၊ မွေးစားသား သမီးလေးတွေ အတွက် နတ်ဆိုးသဖွယ် ဖြစ်လာခဲ့တဲ့ စစ်တပ်က ပြန်ရောက်လာသူ လယ်ရှင့်သား ဂျာကော့ဘ်၊ ကလေးတွေရဲ့ အနှိပ်စက်ခံဘဝကို သိမြင်လို့ ကယ်တင်နိုင်ဖို့ နည်းပေါင်းစုံနဲ့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ရှာတဲ့ ဆရာမလေးတို့က ဇာတ်ကို အချိုးအကွေ့တွေနဲ့ သက်ဝင်လာဖို့ အဓိက ပံ့ပိုးခဲ့ပါတယ်။
မက်စ်ဟာ လယ်ယာအလုပ်ကို လယ်ရှင်နဲ့အတူ လုပ်ရပါတယ်။ ဘာတယ်လီကတော့ လယ်ရှင့်ဇနီးကို ကူရသလို နာတာရှည် ရောဂါသည် အဘွားအိုကိုလည်း ပြုစုရပါတယ်။ မက်စ်နဲ့ ဘာတယ်လီ၊ မွေးစားကလေးငယ်တွေကို လယ်ရှင်မိသားစုက အကွက်စေ့စေ့ ခိုင်းစေပါတယ်။ မက်စ်အတွက်တော့ အရိုက်အနှက်ခံ အလုပ်လုပ်ရရင်လည်းပဲ သူ့စိတ်ကို လွတ်မြောက်စေတဲ့ တစုံတရာကတော့ ရှိပါသေးတယ်။ အဲဒါ ကတော့ ဂီတပါ။ သူ့ဝါသနာက အကော်ဒီယံ တီးခတ်ခြင်းပါ။ သူ့အိပ်မက်က ဂီတပညာရှင်အဖြစ် အသက်မွေးဖို့ပါ။ မုဆိုးမ မိခင်ရဲ့ အဝေးကို ရောက်နေရှာတဲ့ သမီးကြီး ဘာတယ်လီ အတွက်ကတော့ ပညာသင်ကြားခွင့် ရတာကပဲ စိတ်ဖြေရာ ဖြစ်ရပါတယ်။ ဘာတယ်လီလေးအတွက် အိပ်မက်ဆိုးကတော့ လယ်ရှင့်သား ဂျာကော့ဘ် မျက်စိကျရာက စပါတယ်။
မွေးစားမိခင် အမိန့်နဲ့ ဘာတယ်လီ ကျောင်းထွက်ရပြီး နောက်ပိုင်းမှာတော့ ဂျာကော့ဘ်ရဲ့ စက်ကွင်းထဲကို ကျတော့တာပါပဲ။ ဆယ်ကျော်သက် မိန်းကလေးရဲ့ မလွတ်မြောက်နိုင်တဲ့ ပင်ပန်းဆင်းရဲမှုဟာ ကြည့်ရှုသူတွေ ဆီကိုပါ မွန်းကြပ်မှု ကူးစက်ပါတယ်။ ဘာတယ်လီဟာ နာကျင်မှု ဒဏ်ရာဒဏ်ချက် တွေဆီကနေ အပြေးထွက်ဖို့ရာ မနက်မိုးလင်းလင်းချင်း မိခင်ဆီကို အရောက်သွားခဲ့ ပါသေးတယ်။ ဒါပေမယ့် သူ့မိခင်ဟာ သူတို့တတွေကို ပြန်ပြီး လက်ခံနိုင်တဲ့ အခြေအနေမှာ မရှိပါဘူး၊ လက်ခံလို့လည်း မရသေးပါဘူး၊ လာရာလမ်းကိုသာ လှည့်ပြန်ရမှာပါ။ သူ့မိခင်ကိုများ ရင်ဖွင့်တော့မလားလို့ ကျမတို့ ထင်ခဲ့ကြပေမယ့် သူကတော့ ဖွင့်မပြောရက်ရှာပါဘူး။ အိမ်လွမ်းလို့ ပြန်လာတာပါ၊ အဆင်ပြေ ပါတယ်တဲ့။ ရင်နင့်ရပါတယ်။
ညဆိုးတွေကိုသာ ဆက်တိုက်ရင်ဆိုင်ရတဲ့ ဘာတယ်လီက မက်စ် ပြောင်းရွှေ့ အိပ်စက်နေတဲ့ တင်းကုပ်ထဲမှာ ညအိပ်ခွင့် တောင်းပါတယ်။ သူ ကြောက်လို့ပါတဲ့။ မက်စ်ကတော့ ဘာတယ်လီ ဘာလို့ ပြောတယ်ဆိုတာ နားမလည်ခဲ့ပါဘူး။ ဒါပေမယ့် တညမှာတော့ ဘာတယ်လီ့ အခန်းထဲ ဂျာကော့ဘ် ဝင်တာ သူကိုယ်တိုင် မြင်ရပါတော့တယ်။ ဆရာမဆီ ပြေးလို့ အကူအညီ တောင်းပါတယ်။ ဆရာမလေးကလည်း မြို့က တာဝန်ရှိသူတွေ အထိ ပြောရှာတာပါပဲ။ နောက်ဆုံးတော့ ဆရာမ ကိုယ်တိုင် နေရာ ပြောင်းရွှေ့ ခံရပါတယ်။ ဘာတယ်လီ အတွက်ကတော့ လွတ်လမ်း မရှိတော့ပါဘူး။ နောက်ဆုံးတော့ ဘာတယ်လီ ကိုယ်ဝန်ရှိလာတဲ့အခါ အတင်းအကျပ် ဖျက်ချ ခိုင်းစေခံရတဲ့အခါ သေခြင်း တရားကသာ သူ့လွတ်မြောက်ရာ ဖြစ်ရပါတယ်။
ဘာတယ်လီ သေဆုံးပြီးနောက်မှာတော့ မက်စ် အိမ်က ထွက်ပြေးပါတယ်။ သူစိတ်ကူးခဲ့တာကတော့ အာဂျင်တီးနားကို ထွက်ပြေးမယ်၊ အကော်ဒီယံ တီးမယ်လို့ပါ။ ရွာသားတဦး အကူအညီနဲ့ သူ လွတ်မြောက် သွားပါတယ်။ နောက်ဆုံး ဇာတ်ဝင်ခန်းကတော့ ပရိသတ်ရှေ့ အကော်ဒီယံ တီးခတ်နေတဲ့ အဘိုးအိုကို ပြတဲ့ ဇာတ်ဝင်ခန်းပါ။ ဒါက မက်စ်လို့ အားလုံးကို နားလည်စေပါတယ်။ ပျော်ရွှင်ဖွယ် ဇာတ်သိမ်းလို့ လည်း ဆိုကောင်း ဆိုနိုင်ပါတယ်။ ဒါပေမယ့်လည်း စောစောက နာကျဉ်မွန်းကြပ်ရတဲ့ စိတ်ခံစားမှုကို ဒီဇာတ်ဝင်ခန်းက မပျောက်စေပါဘူး။ အတိတ်ဆိုး၊ သမိုင်းဆိုး ဆိုတာဟာ မေ့ပျောက်နိုင်ကောင်းစရာမှ မဟုတ်ပေပဲ။
ကျမ စိတ်ထဲ အထိခိုက်ဆုံး ဇာတ်ဝင်ခန်းကတော့ မက်စ်နဲ့ ဘာတယ်လီရဲ့ စိတ်ကူးယဉ်ခန်း လေးပါ။ ဘာတယ်လီ ဘယ်လို ဒုက္ခတွေ ရင်ဆိုင် နေရတယ် ဆိုတာလည်း မက်စ်က သိနေပြီ၊ သူတို့ မလွတ်မြောက်နိုင်သေးဘူး ဆိုတာလည်း သိနေပြီ။ ကူညီမယ့်သူ မဲ့နေပြီ ဆိုတာလည်း သိနေပြီ။ ဒါပေမယ့် စိတ်ကူး ဆိုတာကတော့ ဆန့်ထုတ်နိုင်ရင် ဆန့်ထုတ်နိုင်သလောက် ပစ္စုပ္ပန် သောကဆီကနေ လွတ်မြောက်သယောင် နှစ်သိမ့်မှု ပေးနိုင်တယ် မဟုတ်လား။ သူတို့စိတ်ကူးလေးကတော့ အာဂျင်တီးနားကို သွားပါမယ်တဲ့၊ အဲဒီမှာ အိမ်နဲ့ယာနဲ့ တိရစ္ဆာန်လေးတွေနဲ့၊ ရင်သွေးတွေ မွေးပြီးတော့ နေကြမယ်တဲ့၊ ပျော်စရာ သိပ်ကောင်းမှာပါပဲတဲ့။ နာကျင်ရိပ်သန်းတဲ့ မျက်လုံးလေးတွေနဲ့ စကားလုံးတွေဟာ ကျမကို မျက်ရည်ကျစေပါတယ်။
တစ်ခုသော ဇာတ်ဝင်ခန်းမှာတော့ ဂျာကော့ဘ်က မက်စ်ရဲ့ အကော်ဒီယံကို မီးရှို့ပါတယ်။ “အကော်ဒီယံဟာ ငါ့မှာ ရှိတဲ့ တခုတည်းသော အရာပဲ၊ အခု ဘာမှ မရှိတော့ဘူး” လို့ မက်စ်က ပြောခဲ့ပါတယ်။ သူ့ရဲ့ အစဉ်တစိုက် စိတ်နှလုံး တည်မှီရာဟာ ဒီအကော်ဒီယံ တီးခတ်ခြင်းပါပဲ။ နောက်ဆုံး တော့လည်း အကော်ဒီယံ တီးခတ်တတ်တာ တခုတည်းနဲ့ပဲ ဒီကောင်လေး ရပ်တည်နိုင်လိမ့်မယ်လို့ ယုံကြည်သွားတဲ့ သူက ကူညီပေးလို့ လွတ်မြောက်ရတာပါ။ အိပ်မက်တခုကို ကာလရှည်ကြာ ဆုပ်ကိုင်ထားရင် တနေ့တော့ ဒါကပဲ ကျမတို့ရဲ့ လွတ်မြောက်ခြင်း ဖြစ်လာ လေမလား။ တွေးမိရပါတယ်။
ကလေးငယ် သိန်းချီ မွေးစားခံခဲ့ရတဲ့ ခေတ်ဟာ နှစ်ပေါင်း ခြောက်ဆယ်ကျော် ကြာမြင့်ခဲ့ပါပြီ။ မေ့လိုက်ပါတော့လို့ ကျူးလွန်ခဲ့သူတွေ၊ သူတို့နဲ့ ဆက်နွှယ်သူတွေက ဆိုကောင်း ဆိုပါလိမ့်မယ်။ ဒါပေမယ့် ဒီဒုက္ခကို ခါးစည်း ခံခဲ့ရသူတွေကတော့ ဘယ်မှာ မေ့နိုင်ပါ့မလဲ။ မမေ့နိုင်လို့ပဲ ဒီ ရုပ်ရှင် ပေါ်ပေါက်လာခဲ့ပြီ။ အတိတ်က နာကျင်ခဲ့ရသူတွေရဲ့ အသံ၊ ပုံရိပ်ဟာ Der Vedingbub ရုပ်ရှင်ကနေတဆင့် ကျမတို့ စိတ်ဝိညာဉ်ဆီ ဝတ်မှုန် ကူးခဲ့ပါပြီ။