Dance for Life ပါတီည မြင်ကွင်း (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)
Facebook ပေါ်တွင် Sexy မော်ဒယ်လ်များဟု လူသိများသည့် ဇွန်သဉ္ဇာ၊ ဇာဇာထက်နှင့် ကဗျာကိုကိုတို့ ပါဝင် ဖျော်ဖြေခဲ့ပြီး ဝေဖန်မှုများစွာ ခံခဲ့ရသော Dance for Life Party ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။
ယခုလ ၁ ရက်နေ့ ညနေ ၆ နာရီမှ ည ၁၁ နာရီအထိ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းနှင့် ပြည်လမ်းထောင့် ၈ မိုင်လမ်းဆုံ၊ ဟိုတယ်ရန်ကုန် ဝင်းအတွင်းရှိ VIP Bar တွင် ကျင်းပပြုလုပ်ခဲ့သော အဆိုပါ ပါတီပွဲသို့ လူငယ်များစွာ တက်ရောက်လာခဲ့ပြီး လူကြီးတချို့လည်း လာရောက်ကြသည်ကို တွေ့ရသည်။
Sexy Dance များဖြင့် ည ၉ နာရီဝန်းကျင်တွင် စတင်ခဲ့ပြီး မော်ဒယ်လ် ကဗျာကိုကိုက စတင် ကပြဖျော်ဖြေခဲ့သည်။ ယင်းနောက် ဇွန်သဉ္ဇာ၊ ဇာဇာထက်တို့က တလှည့်စီ အလှည့်ကျ Sexy အကများဖြင့် ကပြ ဖျော်ဖြေ ခဲ့ကြပြီး ဇွန်သဉ္ဇာနှင့် ဇာဇာထက် နှစ်ဦးပူးတွဲ Sexy အက ဖျော်ဖြေမှုများကိုလည်း ပြုလုပ်ခဲ့ကြရာ ပါတီပွဲသို့ လာရောက်အားပေးသည့် လူငယ်၊ လူရွယ်ပရိသတ်များထံမှ တခဲနက်အားပေးမှုများ အပြည့်အဝ ရရှိခဲ့သည်။
မီးရောင်မှောင်ထားသည့် Dancing Floor ထက် ပြိုးပြိုးပျက်ပျက် ရောင်စုံဆလိုက်မီးများအကြား မြူးကြွသည့် DJ တီးလုံးများနှင့်အတူ အထူးဧည့်သည် Sexy မော်ဒယ်လ်သုံးဦး၏ Sexy အကများဖြင့် ဖျော်ဖြေမှုများတင်ဆက်ပြီးသည့် နောက် ပါတီပွဲအား ဆက်လက်ကျင်းပရာ နာမည်ကြီး အဆိုတော် တချို့နှင့် Underground မှ Hip Hop လူငယ် အဆိုတော်တချို့လည်း ဝင်ရောက် ဖျော်ဖြေခဲ့ကြသည်။
ပါတီပွဲအတွက် သာမန် လက်မှတ်တစောင်ကို ၁၀၀၀၀ ကျပ်ဖြစ်ပြီး VIP လက်မှတ် တစောင် ၆၀၀၀၀ ကျပ်၊ VVIP လက်မှတ် ၇၀၀၀၀ ကျပ် နှင့် VVVIP လက်မှတ်အတွက် ၉၀၀၀၀ ကျပ်ဟု အသီးသီး သတ်မှတ်ထားကာ လက်မှတ် ၃၀၀ ခန့်သာ အကန့်အသတ်ဖြင့် ရောင်းချခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ အဆိုပါ Dance for Life Party ပွဲမှ ရရှိလာသည့် အကျိုးအမြတ် များကို HIV/ AIDS ရောဂါဝေဒနာရှင်များအတွက် ထောက်ပံ့ကြေးရန်ပုံငွေအဖြစ် ပေးအပ်လှူဒါန်း သွားမည် ဖြစ်သည်။
Dance for Life ဆိုသည်မှာ အမေရိကန်နိုင်ငံ ချီကာကိုမြို့အချေစိုက် အကဖွဲ့တဖွဲ့၏ နာမည်ဖြစ်ပြီး အဆိုပါအဖွဲ့က ၎င်းတို့၏ ကပြဖျော်ဖြေမှုများမှ ရရှိလာသည့် ရန်ပုံငွေများကို HIV/AIDS ဝေဒနာရှင် များအား ကူညီထောက်ပံ့နေသော အဖွဲ့အစည်းတခုဖြစ်သည်။ ယခုကျင်းပသော Dance for Life Party ပွဲသည် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြား အဖွဲ့အစည်းတခု၏ နာမည်ကို Copy Right ယူပြီး ပထမဆုံး ကျင်းပသော ပါတီပွဲဖြစ်ကြောင်းလည်း သိရသည်။
Dance for Life ပါတီပွဲသည် ပွဲမကျင်းပခင်ကတည်းက ပွဲ၏ကြော်ငြာတွင်ပါဝင်သည့် Sexy မော်ဒယ်လ် သုံးဦး၏ ဓာတ်ပုံများကြောင့် Facebook ပေါ်တွင် ဝေဖန်သံများထွက်ပေါ်ခဲ့ပြီး ပါတီပွဲအား မူလ ကျင်းပရန်စီစဉ်ထားသည့် နေရာ အင်းယားလိတ်ဟိုတယ်ရှိ GTR 2 ကလပ်အစား ဟိုတယ်ရန်ကုန်ရှိ VIP Bar နှင့် မူလကျင်းပရန် စီစဉ်ထားသည့်ရက် အောက်တိုဘာ ၃ ရက်နေ့ (သောကြာနေ့ည) အစား အောက်တိုဘာ ၁ ရက်နေ့ (ဗုဒ္ဓဟူးနေ့ည) ကို ပြောင်းလဲခဲ့သည်။
ယင်းကဲ့သို့ နေရာနှင့် အချိန် အပြောင်းအလဲရှိခဲ့သော်လည်း မူလစီစဉ်ထားသည့်အတိုင်း Sexy မော်ဒယ်လ်များက Sexy အကများဖြင့် ပါဝင်ဖျော်ဖြေမည့် အစီအစဉ်များကို မပြောင်းလဲခဲ့ဘဲ အတူ လာရောက် ဆင်နွှဲခဲ့ကြသည့် လူငယ်၊ လူရွယ် အရေအတွက်လည်း များပြားခဲ့သည်ကို တွေ့ရသည်။
“ပါတီကြီးလည်း အောင်အောင်မြင်မြင်နဲ့ VIP Bar တခုလုံး ပြည့်ကျပ်နေအောင်ကို စည်ကားခဲ့ပါတယ်။ တကယ်ကို ပင်ပန်းရကျိုး နပ်ခဲ့တဲ့ပွဲပါ။ Organizer သုံးယောက်လည်း တကယ်ကို ပင်ပန်းခဲ့ရတဲ့နေ့ လေးပါ။ ကျနော်ဆို အရက် တခွက်ပဲ သောက်လိုက်ရတယ်။ လူတွေလည်း အရမ်းများခဲ့ပါတယ်။ သို့သော် ကျနော်တို့အရင်းနဲ့ ရတဲ့ငွေပမာဏ အားလုံး တွက်ကြည့်လိုက်တဲ့အခါမှာ အနည်းငယ် ရှုံးခဲ့ပါတယ်။ VIP Bar မှာ Party လုပ်ဖူးတဲ့သူတိုင်း ရှုံးကြတယ်ဆိုတာတော့ သိကြမှာပါ။ ဒါပေမယ့် ကျနော်တို့အားလုံး ကတိပေးထားတဲ့ အတိုင်း HIV / AIDS ရောဂါရှင်တွေကို လှူတန်းဖို့အတွက် အရှုံးထဲကပဲ ထပ်အရှုံးခံပြီး လှူတန်းပါမည် ခင်ဗျာ” ဟု အဆိုပါပွဲကို စီစဉ်သည့် DJ Japan က သူ၏ Facebook တွင် ရေးသားထားသည်။
သူက ဆက်လက်ပြီး “ကျနော်တို့ရဲ့ Party အောင်အောင်မြင်မြင်နဲ့ ပြီးသွားတယ်။ ဘာစိတ်ညစ်စရာမှ မရှိခဲ့ဘူး။ အဲဒီအတွက် ဘာပဲဖြစ်ဖြစ် ကျေနပ်ပါတယ်။ ပွဲမှာ ကူညီပေးခဲ့တဲ့ ဇွန်သဉ္ဇာ၊ ဇာဇာထက်၊ ကဗျာကိုကိုနဲ့ တခြား ကူညီပေးကြတဲ့ သူတွေ အားလုံး၊ ပွဲကိုလာရောက် အားပေးကြသော သူငယ်ချင်းများ အားလုံးကိုလည်း ကျေးဇူးအထူး တင်ရှိပါတယ်။ နောက်ပွဲတွေမှာလည်း ဆက်ပြီး တွေ့ချင်ပါသေးတယ်ခင်ဗျာ” ဟု ရေးသားထားသည်။
“ဒီပါတီပွဲက အရမ်းကို မိုက်ပါတယ်။ ကျနော်တို့လို လွတ်လွတ်လပ်လပ် ပျော်ပါးချင်တဲ့ လူငယ်တွေ အတွက် အလွတ်ပျော်လို့ရတဲ့ပွဲဖြစ်သလို ပွဲရဲ့ အကျိုးအမြတ်ကိုလည်း HIV/ AIDS ဝေဒနာရှင်တွေကို ပြန်လှူဒါန်းမှာဆိုတော့ ကုသိုလ်လည်းရတဲ့ ပွဲလို့ဆိုနိုင်ပါတယ်။ ဒီမှာ ကပြဖျော်ဖြေတဲ့ Sexy အကတွေ ကို အနုပညာဖျော်ဖြေမှုတခုလို့ပဲ မြင်စေချင်ပါတယ်။ Sexy ကို Sex ကိစ္စနဲ့ ရောထွေးပြီး မမြင်စေ ချင်ဘူး။ Sexy ဆိုတာ အမှန်တကယ်တော့ Art တခုပါပဲ” ဟု အဆိုပါ Dance for Life ပါတီပွဲကို သွားရောက်ခဲ့သည့် အသက် ၂၄ နှစ်အရွယ် ကိုသူရဇော်က ဧရာဝတီကို ပြောသည်။
သူကဆက်ပြီး “ဒီလိုကပြဖျော်ဖြေတာ မြန်မာ့ယဉ်ကျေးမှုနဲ့ မညီညွှတ်ဘူး ဆိုတာတော့ အမှန်ပါ။ ဒါပေမယ့် ဒါက အနောက်တိုင်း ယဉ်ကျေးမှုတခုပဲလေ။ ပြီးတော့ ပါတီပွဲဆိုတာကလည်း အနောက်တိုင်း ယဉ်ကျေးမှုပဲ ဆိုတော့ ဒီလိုပွဲမှာ ဒီလိုကတာ မဆန်းပါဘူး။ သူ့နေရာနဲ့သူဆို ကြည့်ကောင်းနေတာပဲ။ ဒီအကနဲ့ မသင့်တော်တဲ့၊ ဥပမာ – မြန်မာ့ ယဉ်ကျေးမှုကိုပဲ သီးသန့်ခွင့်ပြုထားတဲ့ နေရာမျိုးမှာ ဒီလို ကနေမယ် ဆိုမှသာ မသင့်တော်ဘူးလို့ ပြောရမှာပါ။ လူငယ်တွေကိုတော့ ရှေးရိုးစွဲအမြင်နဲ့ ဝတ်ပုံ စားပုံကို ကြည့်ပြီး အပေါ်ယံ အရည်အချင်းနဲ့ စိတ်ဓာတ်အဆင့်အတန်းကို ပြောနေကြတာမျိုး မဖြစ်သင့်ပါဘူး၊ ဒါကကျနော့်အမြင်ပါ” ဟု ပြောသည်။
“ခေတ်ရေစီးအရ ဒီလို အနောက်တိုင်းယဉ်ကျေးမှုတွေဖြစ်တဲ့ ပါတီပွဲတွေ၊ ကလပ်တွေ အခုနောက်ပိုင်း လူငယ်တွေကြားမှာ အရမ်းကို ပေါ်ပြူလာဖြစ်လာတာမှန်ပေမယ့် ဒီလိုပွဲတွေကနေတဆင့် လူငယ်တွေ အပျော်လွန်ပြီး အပျော်ကနေ အပျက်မဖြစ်သွားဖို့ လိုအပ်တယ်။ ဒါကတော့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်တုံတရားနဲ့ ထိန်းသိမ်းနိုင်ဖို့ လိုအပ်တယ်။ အခုနောက်ပိုင်း ပါတီတွေက ၁၈ နှစ်အောက် မဝင်ရ ဆိုပေမယ့် တကယ့်လက်တွေ့မှာ ၁၆၊ ၁၇ နှစ် ကလေးတွေ သွားနေကြတာတွေရှိတယ်။ သူတို့တွေက ဆင်ခြင်နိုင်စွမ်းက နည်းသေးတော့ အကျင့်စာရိတ္တပျက်စီးသွားမှာစိုးရတယ်” ဟု အသက် ၂၈ နှစ် အရွယ် တက္ကသိုလ်နည်းပြကျောင်း ဆရာတဦးဖြစ်သည့် ကိုပြည့်ဖြိုးအောင်က ဧရာဝတီကိုပြောသည်။
သူကပင် ဆက်ပြီး “မိန်းကလေးတွေဆိုရင်လည်း အခုနောက်ပိုင်း အရက်သေစာတွေ သောက်စား လာကြတော့ ကိုယ့်ကိုယ်ကိုယ် မထိန်းသိမ်းနိုင်ကြတော့ဘူး။ အဲဒီတော့ ဘာဖြစ်လာလဲဆိုတော့ တချို့က ရှက်ရကောင်းမှန်းလည်း မသိတော့ဘူး၊ ယောက်ျားလေးတွေနဲ့ တန်းတူ အော်ဟစ် သောင်းကျန်းပြီး မူးရူးကွဲပြဲနေတာ၊ တချို့ဆို မြင်လို့တောင် မကောင်းဘူး။ အဲဒီတော့ မိန်းကလေးဆိုလည်း မိန်းကလေး အလျောက် ကိုယ့်ဟာနဲ့ကိုယ် ဆင်ဆင်ခြင်ခြင်လေး နေသင့်တယ်။ အနောက်တိုင်း ယဉ်ကျေးမှုတွေက အရမ်းလွှမ်းမိုးလာတာ ကောင်းတာလည်းရှိသလို၊ မကောင်း တာလည်းရှိတော့ ခံယူတဲ့သူက သေချာ စဉ်းစားဆင်ခြင်ပြီးမှ ပြုမူအတုယူသင့်တယ်လို့ မြင်ပါတယ်” ဟု ပြောသည်။