ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ငွေမလောက်လို့ အမြည်း လေးခန်းပဲ ရိုက်ဦးမယ်
This article has been converted from Zawgyi One to Unicode
မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဇာတ်ကားကြီး စတင်ရိုက်ကူး ပါတော့မယ်လို့ တနိုင်ငံလုံးကို ကြေညာမောင်းခတ် လိုက်ချိန်မှာ စိတ်ဝင်တစားနဲ့ မစပ်စု စပ်စုကြည့်လိုက်တော့ လက်ရှိမှာ အမြည်းသဘော အခန်း ၄ ခန်းပဲ ရိုက်ကူးဦးမှာဖြစ်ပြီး ငွေမရှိတဲ့အတွက် တကားလုံးကို မရိုက်နိုင်သေးတဲ့ အကြောင်း တာဝန်ရှိသူတွေ ဆီက သိရပါတယ်။
ဒါကြောင့်လည်း နိုင်ငံတကာက ပညာရှင်တွေ အကူအညီနဲ့ မရိုက်ဘဲ မြန်မာပြည်က ပညာရှင်တွေနဲ့ပဲ ရိုက်ကူးပုံဖော် နေကြတာများလား။ မစပ်စု မေးခွန်းထုတ်မိပါတယ်။
ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ဝင် ဦးဇာဂနာက “ပထမ အဆင့် တုန်းက နိုင်ငံခြားက လူတွေနဲ့ ကြိမ်ဖန်များစွာ ပြောခဲ့ပေမယ့် သူတို့အနေနဲ့ အောင်ဆန်းဆိုတာ ကျနော်တို့ မြင်တဲ့ အောင်ဆန်းနဲ့ မတူဘူး။ သူတို့မြင်တဲ့ အောင်ဆန်းက သူတို့ သဘောနဲ့သူတို့ ပြင်ကြလိ့မ်မယ်။ အဲဒီတော့ အဲဒါ တခုကိုတော့ သူတို့ပြောတဲ့အတိုင်း ပြင်မပေးနိုင်ဘူး။ ပြင်မပေးနိုင်ဘူးဆိုတာက အားလုံးသိတဲ့အတိုင်းပဲ The Lady ဇာတ်ကားမျိုး ဖြစ်သွားမယ်လေ။ သူတို့လုပ်ချင်တာ လုပ်သွားတာမျိုးလေ။ အဲဒီမှာ ဗိုလ်ချုပ် အောင်ဆန်းကို နဖူးကို သေနတ်နဲ့တေ့ပြီး ပစ်သွားတာမျိုးတွေ လုပ်သွားမယ်ဆိုရင် ဘယ်ဖြစ်မလဲ။ သူတို့က နည်းနည်း Lobby လုပ်တာများတယ်။ ပိုက်ဆံကတော့ ပေးမယ်၊ သူတို့လိုချင်တာတွေကို ပြင်မယ်ဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းကို မြန်မာလူမျိုး မြင်တဲ့အမြင်နဲ့ နိုင်ငံခြားသားမြင်တဲ့ အမြင် မတူဘူးလေ။ အဲဒီ အတွက်ကြောင့် နိုင်ငံခြားသား ဒါရိုက်တာတို့၊ ထုတ်လုပ်သူတို့ကို ဘယ်လိုနည်းနဲ့မှ အလုပ်တွဲ မလုပ်ချင်တော့ဘူး” လို့ ဧရာဝတီကို ရှင်းပြပါတယ်။
ဒါပေမယ့် နိုင်ငံတကာကို ပြချင်တဲ့ ဒီရုပ်ရှင်ကို မြန်မာပြည်က ပညာရှင်တွေချည်းပဲ ရိုက်မယ်ဆိုရင် နိုင်ငံတကာ တန်းဝင်ပါ့မလား ဆိုတဲ့ မေးခွန်းကလည်း မစပ်စု ရင်ထဲ ကလိပြန်ပါတယ်။
ဦးဇာဂနာကတော့ နိုင်ငံခြား အကူအညီအနေနဲ့ ဗိုလ်ချုပ် အင်္ဂလန်ကိုရောက်ရှိနေတဲ့အချိန် ဇာတ်ဝင်ခန်းတွေ၊ ဂျပန်ကို ရောက်ရှိနေတဲ့အချိန် ဇာတ်ဝင်ခန်းတွေ၊ စတာတွေအတွက် လိုအပ်တဲ့ ဓာတ်ပုံပညာရှင်၊ အသံပိုင်း ဆိုင်ရာ ပညာရှင်၊ အဝတ်အစား စတာတွေနဲ့ ပတ်သက်တာတွေကိုပဲ အင်္ဂလန်နဲ့ ဂျပန်ဘက်အခြမ်းက ပညာရှင် တွေဆီမှာ အကူအညီတောင်းခံသွားမှာဖြစ်ပြီး ပြည်တွင်းမှာ ရိုက်ကူးရမယ့် ဇာတ်ဝင်ခန်းတွေ အတွက်ကိုတော့ ပြည်တွင်းက ပညာရှင်တွေနဲ့သာ ဆောင်ရွက် သွားမယ်လို့ ဆက်ပြောပါတယ်။
“အခု ရိုက်ကူးနေတဲ့ ဇာတ်ဝင်ခန်းတွေက ဘာအတွက်လဲဆိုတော့ နိုင်ငံတကာမှာတော့ ရှိပါတယ်။ မြန်မာ မှာတော့ အဲဒီ ဓလေ့မရှိဘူး။ အဲဒါကို ပထမဆုံး စလုပ်တာ။ Teaser ခေါ်တာပေါ့။ အမှန်ကတော့ ပရိသတ်ကို ကျနော်တို့ ဒီကားတော့ စရိုက်ပါပြီလို့ အသိပေးတာပေါ့။ သတင်းစာ ရှင်းလင်းပွဲတွေ ဘာတွေ လုပ်မနေဘဲ အစမ်းကြည့်ကြပါ ဆိုပြီးတော့ပေါ့။ အဲဒါက ဘာကိုရည်ရွယ်တာလဲ ဆိုတော့ ကျနော်တို့ကို ဒီဇာတ်ကားနဲ့ ပတ်သက်လို့ အကြံပေးချင်တယ်ဆိုလည်း ပေးကြပါ။ တကယ်လို့ လိုတာရှိလည်း ပြောကြပါ။ နိုင်ငံခြားမှာတော့ အဓိက ရည်ရွယ်ချက်က ထုတ်လုပ်သူ ရှာတာပေါ့။ ပိုက်ဆံရှာတာပေါ့။ ဒီကားကို ကြည့်ပြီး ဒီကားနဲ့ ပတ်သက်ပြီး ခင်ဗျားတို့ ဘာများပြောစရာရှိလဲ၊ ရှိတယ်ဆိုရင် ပြောကြပါဆိုပြီးတော့ တဘက်က ပြောသလို တဘက်ကလည်း ပိုက်ဆံရှာတာပဲ” လို့ သူက ရှင်းပြပါတယ်။
ယခုလက်ရှိ ရိုက်ကူးမယ့် ဇာတ်ဝင်ခန်းတွေကတော့ ဂျပန်တော်လှန်ရေး မစတင်မီ ဗိုလ်ချုပ်အောင်ဆန်းက သူ့ရဲ့ဇနီးသည်နဲ့ သားသမီးတွေကို ကြက်ဖမွှေးဇောင်းရွာကို ပို့ဆောင်လိုက်တဲ့ အခန်း၊ ဂျပန်တော်လှန်ရေး စတင်မယ့် သရက်ချောင်းရွာမှာ ဗိုလ်ချုပ်နေထိုင်နေစဉ် ဇနီးသည်နဲ့ သားသမီးတွေကို လွမ်းဆွတ်သတိရနေတဲ့ အခန်း၊ အင်္ဂလိပ် စစ်သေနာပတိချုပ် လော့ဒ်မောင့်ဘက်တန်က ဗိုလ်ချုပ်နဲ့ သီဟိုဠ်နိုင်ငံ ကန္နီမြို့မှာ တွေ့ဆုံစဉ် နိုင်ငံရေးသမား လုပ်မှာလား၊ စစ်သားလုပ်မှာလားဆိုတဲ့ အမေးကို တိတိကျကျ ပြန်ဖြေနိုင်ဖို့အတွက် စစ်ယူနီဖောင်းကိုသိမ်းပြီး တိုက်ပုံနဲ့ ပုဆိုးကိုဝတ်ကာ နိုင်ငံရေးလောကထဲကို ဝင်ရောက်လာခဲ့တဲ့ အခန်းနဲ့ ဂဠုန် ဦးစောရဲ့ လုပ်ကြံခြင်းကို မခံရခင် အချိန်ကာလ စတဲ့ ဇာတ်ဝင်ခန်းလေးခန်း ဖြစ်တယ်လို့ သိရပါတယ်။
နဂိုမူလ ဇာတ်ညွှန်ရေးဆရာတွေ ဖြစ်တဲ့ ဆရာချစ်ဦးညို၊ ဦးကြည်စိုးထွန်း၊ မြမြင့်မိုရ်တို့ ရေးသားထားတဲ့ ဇာတ်ညွှန်း တွေကို ဒါရိုက်တာ မောင်သူရ၊ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)၊ ဒါရိုက်တာ မင်းထင် ကိုကိုကြီး၊ ဒါရိုက်တာ ဝိုင်းတို့က တခန်းချင်းစီအလိုက် ပြန်လည် တာဝန်ယူ ရိုက်ကူးကြမှာ ဖြစ်ပါတယ်။
ဒီ ဇာတ်ဝင်ခန်းလေးခန်းရဲ့ ရိုက်ကွင်း အခြေအနေပေါ် မူတည်ပြီး ပြောင်းရိုက်ရတာမျိုးတွေ ရှိတဲ့ ရိုက်ညွှန်းကိုတော့ ဦးဇာဂနာ (ခေါ်) ဒါရိုက်တာ မောင်သူရက ရေးသားပေးတယ်လို့ သိရပါတယ်။
“ဗိုလ်ချုပ်ကို မောင့်ဘက်တန်က ကန္နီမြို့မှာတွေ့တုန်းက စစ်သားလုပ်မှာလား၊ နိုင်ငံရေး သမားလုပ်မှာလားလို့ မေးတဲ့အခန်းဆိုရင် … အဲဒီတုန်းက ဗိုလ်ချုပ်က လုံး၀ ပြန်မဖြေခဲ့ဘူး။ ဒါပေမယ့် နောက်ဆုံး ၁၉၄၆ ခုနှစ် အောက်တိုဘာလ ကျမှ မောင့်ဘက်တန်ဆီ စာရေးတယ်။ မိတ်ဆွေကြီး၊ မိတ်ဆွေကြီးမေးခဲ့တဲ့ မေးခွန်းကို ကျနော် အခုတော့ ဖြေပါပြီ။ အဲဒီအဖြေကတော့ နိုင်ငံရေးသမားပဲ လုပ်တော့မယ်။ ဒါကြောင့် စစ်သားဆိုတာ နိုင်ငံရေးသမား လုပ်လို့မရဘူး၊ နိုင်ငံရေးသမားလုပ်ချင်ရင် တပ်ကထွက်ရမယ် … ဆိုတော့ သူ့ရဲ့ စစ်ယူနီဖောင်းကို ဒေါ်ခင်ကြည်ကို ဘီဒိုထဲမှာ ခေါက်သိမ်းခိုင်းပြီးတော့ တိုက်ပုံအကျႌနဲ့ ပုဆိုးကို ဝတ်လိုက်တယ်။ အဲဒါသူ့ရဲ့ ဆုံးဖြတ်ချက်ပဲ။ အဓိက ပြောချင်တာ ဒီဘက်ခေတ်မှာလည်း စစ်သားလုပ်ချင်သလား၊ နိုင်ငံရေး သမား လုပ်ချင်သလား။ နိုင်ငံရေးသမား လုပ်ချင်ရင်တော့ ခင်ဗျားတို့ ယူနီဖောင်းချွတ်ပြီးတော့ နိုင်ငံရေး လောကထဲကို လုံးလုံးလျားလျား ဝင်လာကြ။ စစ်သားယောင်ယောင် နိုင်ငံရေးသမား ယောင်ယောင် လာမလုပ်နဲ့ လို့ပြောချင်တာပဲ။ ဗိုလ်ချုပ်ရဲ့စိတ်ပေါ့။ အဲဒီလိုမျိုးကို ပြချင်တာပေါ့” လို့ သူတာဝန်ယူ ရိုက်ကူးမယ့် ဇာတ်ဝင်ခန်း တခန်းအကြောင်းကို ဦးဇာဂနာ (ခေါ်) ဒါရိုက်တာ မောင်သူရက ဆိုပါတယ်။
ဒီ ဇာတ်ဝင်ခန်းလေးခန်း ရိုက်ကူးပြီးစီးတဲ့ အခါမှာ တကမ္ဘာလုံး ကြည့်ရှုလို့ ရနိုင်မယ့် အင်တာနက် youtube စာမျက်နှာမှာရော၊ ပြည်တွင်း ရုပ်သံလွှင့် Channel တွေကပါ ပြသမယ်လို့ သိရပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ်တရာပြည့်အမီ ထုတ်လွှင့်ပြသနိုင်ဖို့ ရည်ရွယ်ခဲ့တဲ့ ဗိုလ်ချုပ်ရုပ်ရှင် ဇာတ်ကားကြီးဟာ အခုလက်ရှိ Teaser ဇာတ်ဝင်ခန်း ၄ ခန်းကိုတောင် မနည်း ရိုက်ကူးနေရတာဖြစ်လို့ ရုပ်ရှင်ဇာတ်ကားကြီး အနေနဲ့ ကတော့ ဗိုလ်ချုပ်ရဲ့ နှစ်တရာပြည့်ကို မီအောင် ရိုက်ကူးနိုင်ဖို့ မဖြစ်နိုင်တော့ဘူူး လို့လည်း သိရပါတယ်။
နောက်တခုကတော့ ငွေကြေး အခက်အခဲပါပဲ။ ဇာတ်ဝင်ခန်း လေးခန်းအပြီး နောက်ထပ် ရုပ်ရှင် ဇာတ်ကားကြီး ဆက်မရိုက်နိုင်သေးတဲ့ အဓိက အကြောင်းရင်းက ငွေကြေးအခက်အခဲကြောင့် ဖြစ်တယ်၊ ရပ်နားထားရ ဦးမယ်လို့ ဦးဇာဂနာက ဆိုပါတယ်။
“တကယ်ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ဒီလေးခန်းရိုက်ပြီးရင် ရပ်ရမယ်။ ဘာကြောင့်လဲဆိုတော့ ပိုက်ဆံမရှိတော့လို့။ ဒါကို အရင်ရိုက်မယ်။ ရိုက်ပြီးရင် တနိုင်ငံလုံးကို ပြဦးမယ်။ ဒီ အတို ၄ ခုက ကြာချိန် ဘယ်လောက် ရှိမယ်ဆိုတာ မှန်းလို့မရသေးဘူး။ ရိုက်ပြီး ဆက်ပြီးမှ ပြောလို့ရမယ်။ တကယ့်ကားကြီး အစစ် ကတော့ ပိုက်ဆံရှိရင် ရိုက်မယ်၊ မရှိရင်တော့ မရိုက်နိုင်တော့ဘူး” လို့ သူက ပြောပါတယ်။
မစပ်စုတို့ ၃ နှစ်နီးပါး စောင့်မျှော်နေရတဲ့ ဒီဗိုလ်ချုပ်ရုပ်ရှင် ဇာတ်ကားကြီးကို ပိုက်ဆံမရှိလို့ ရပ်ထားရမယ်၊ ပိုက်ဆံရှိမှ ဆက်ရိုက်နိုင်မယ် ဆိုတော့ စောင့်လာခဲ့သမျှ အချည်းနှီးဖြစ်ပြီလားလို့ တွေးမိပါတယ်။
ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေး ကော်မတီရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးဇော်သက်ထွေး ကတော့ “ကျနော်တို့ ပြည်တွင်းထဲမှာပဲ ရိုက်မယ်ဆိုရင်တောင်မှ မြန်မာငွေ သိန်းပေါင်း သောင်းချီ ကုန်ကျဖို့ ရှိပါတယ်။ ဗိုလ်ချုပ် အောင်ဆန်းရုပ်ရှင်ကို လှူထားတာ သိန်း ၁ ထောင်ကျော်ကျော်ပဲ ရှိပါတယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ ဒီငွေနဲ့ ရိုက်ကူးဖို့ဆိုတာ အခက်အခဲတွေရှိပါတယ်။ ဒါကြောင့် မိုလို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်ပင်တဲ့ အခါမှာလည်း ရန်ပုံငွေ ရှာရမယ် ဆိုတာရှိပါတယ်။ သို့သော် ဘယ်လိုမျိုး နည်းလမ်းတွေနဲ့ ကျနော်တို့ ရန်ပုံငွေ ရှာပြီး ဒီဇာတ်ကားကြီး ပြီးအောင် ရိုက်ကူးမယ်ဆိုတာနဲ့ ပတ်သက်လို့ အစည်းအဝေးပြီးတဲ့အခါမှ အားလုံး သဘောတူညီတဲ့ ပုံသဏ္ဍန်တွေရမှ ကျနော်တို့အနေနဲ့ ပြောနိုင်မှာဖြစ်ပါတယ်” လို့ ဆိုပါတယ်။
ဗိုလ်ချုပ်ရုပ်ရှင် ဇာတ်ကားကြီးရဲ့ ကုန်ကျမယ့်ငွေပမာဏကို အကြမ်းဖျဉ်းအားဖြင့် သိန်းပေါင်း သိန်းပေါင်း ၂ သောင်းနဲ့ ၅ သောင်းကြားထဲမှာ ခန့်မှန်းထားတယ်လို့လည်း ဦးဇော်သက်ထွေးက ဆက်ပြောပါတယ်။
“ကျနော်တို့ ဒီဇာတ်ဝင်ခန်း လေးခန်းကို ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့်ဖြစ်တဲ့ လာမယ့် ၂၀၁၅ ဖေဖော်ဝါရီမှာ ပြီးအောင် ရိုက်ပြီးတော့ ဒီ Teaser ကို ပြည်တွင်း ရုပ်သံဌာနတွေ အားလုံးနဲ့ youtube ပေါ်မှာ ပြသမယ်၊ ပြီးတော့မှ ဗိုလ်ချုပ်အောင်ဆန်းကို ချစ်မြတ်နိုးတဲ့ တိုင်းသူပြည်သားတွေနဲ့ နိုင်ငံတကာ လူတွေရဲ့ Attention ကို ယူပါ့မယ်။ အဲဒီလို ယူပြီးကာမှ ကျနော်တို့ ရန်ပုံငွေ ရရှိရေး လမ်းကြောင်းတွေကို အကြံဉာဏ် ပေးချက်ပေါ်မှာ သင့်တော်တဲ့ နည်းလမ်းတွေကို အတည်ပြုပြီး ရန်ပုံငွေ ရှာဖွေမယ်။ ရန်ပုံငွေက ဇာတ်ကား ရိုက်ဖို့အတွက် လုံလောက်တဲ့ အတိုင်းအတာတခုကို ရောက်ပြီဆိုမှ ကျနော်တို့ ဇာတ်ကားကြီး ရိုက်ကူးဖို့ကို ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဇာတ်ကားကြီး အတွက် ဇာတ်ညွှန်းကလည်း အပြည့်အ၀ ရေးပြီးသားဖြစ်တယ်၊ သရုပ်ဆောင်တွေ ကလည်း အဆင်သင့်ရှိတယ်။ ပြည်တွင်းထဲမှာရှိတဲ့ အနုပညာရှင်တွေ ကလည်း ကျရာနေရာကနေ ကူညီပေးဖို့ အဆင်သင့်ရှိတယ် ဆိုတော့ ကျနော်တို့ဟာ ရိုက်ကူးဖို့ ငွေကြေးကလွဲရင် ကျန်တာတွေအားလုံး ပြည့်စုံနေပါပြီ။ ဒါကြောင့်မို့ ကျနော်တို့က ရန်ပုံငွေ ရှာဖွေရေး လမ်းကြောင်း တရပ် ပေါ်ပေါက်လာပြီဆိုတာနဲ့ ဇာတ်ကားကြီး ရိုက်ကူးဖို့ အကောင်အထည် ဖော်နိုင်မယ်လို့ ယူဆပါတယ်” လို့ သူက ပြောပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ကားကြီး ဆက်လက်ရိုက်ကူးဖို့ ရန်ပုံငွေ ရှာဖွေရေး အဆင်ပြေနိုင် မပြေနိုင်၊ ဇာတ်ကားကြီး ဆက်ရိုက်နိုင် မရိုက်နိုင် ဆိုတာကတော့ မြန်မာနိုင်ငံအပါအဝင် တကမ္ဘာလုံးရဲ့ စိတ်ဝင်စားမှုကို ရယူဖို့ ပွဲဦးထွက် တင်ဆက်ပြသမယ် ဆိုတဲ့ အကြို ဇာတ်ဝင်ခန်း လေးခန်း အပြီးမှာ ဆုံးဖြတ်နိုင်ကြ လိမ့်မယ်လို့ ယူဆရပါတယ်။