ကမ္ဘာတလွှားတွင် ဖြစ်ပေါ်ပြောင်းလဲလျက်ရှိသော DJ ယဉ်ကျေးမှုကို အမီလိုက်နိုင်ရန် အတွက် မြန်မာနိုင်ငံမှ နာမည်ကြီး DJ သမား ၇ ဦးတို့ ပါဝင်သည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံး Electro Dance Music Festival (EDM) 2014 ကို နိုဝင်ဘာလ ၇ ရက်နေ့ ညနေ ၄ နာရီမှ ၁၁ နာရီအထိ ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း ပေါ်ရှိ မြရိပ်ညိုဟိုတယ် Outdoor Area တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါပွဲကို G – Square Entertainment & Syndicate Company မှ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး G-Square EDM (Electro Dance Music) Festival 2014 ဟု အမည်ပေးထားကာ မြန်မာနိုင်ငံမှ နာမည်ကျော် DJ ပညာရှင်များ ဖြစ်သည့် DJ Wine၊ DJ Nway Oo၊ DJ Rush၊ DJ ကျော်သူဟန်၊ DJ Neo၊ DJ နောင်နောင်၊ DJ Hermex Dake တို့ အလှည့်ကျပါဝင် တီးခတ် ဖျော်ဖြေ တင်ဆက်သွားမည် ဖြစ်သည်။
“EDM ဆိုတာ အကြမ်းဖျဉ်းအားဖြင့်တော့ ကျနော်တို့ Electronic Dance Music ကို ခေါ်တာပါ။ ဒီဂီတက ကျနော်တို့ မြန်မာတွေနဲ့တော့ အရမ်းကြီး အကျွမ်းတဝင် မရှိသေးပါဘူး။ ဘာဖြစ်လို့ Electronic Dance Music လို့ ခေါ်ရလဲဆိုတော့ ဒီဂီတမှာက တီးစရာ ဘယ်လို တူရိယာပစ္စည်းမှ မပါဝင်ဘူး။ DJ စက်နဲ့ ကွန်ပျူတာပဲ ပါဝင်ပြီး DJ သမားတွေက Produce လုပ်ရတာ ဆိုတော့ Electronic Dance Music လို့ ခေါ်ရခြင်းဖြစ်ပါတယ်။ ကျနော်တို့ ကခုန်ဖို့ အတွက် DJ သမားတွေက ဖန်တီးထားတဲ့ Entertainment Music တခုပေါ့။ ကျနော်တို့ လူငယ်တွေ ပိုပြီးတော့ ခံစားသိရှိနိုင်မယ့် Music တခု ဖြစ်ပါတယ်” ဟု ပွဲစီစဉ်သူ G-Square Entertainment & Syndicate Company မှ Executive Director ကိုဝင်းမော်ဦးက ရှင်းပြသည်။
အဆိုပါ G-Square EDM Festival ကို နိုင်ငံတကာတွင် အောင်မြင်စွာ ကျင်းပလျက်ရှိသည့် Tomorrow Land နှင့် Ultra Music Festival များကဲ့သို့ ပြုလုပ်သွားမည်ဖြစ်ပြီး နိုင်ငံတကာမှ DJ ပညာရှင်များ မပါဝင်သော်လည်း Sound System၊ Lighting System၊ LED Effect များကို နိုင်ငံတကာ စံနှုန်းများအတိုင်း ဖြစ်အောင် တာဝန်ယူ တင်ဆက်သွားမည်ဟုလည်း ယင်းက ဆိုသည်။
“အခုလုပ်မယ့်ပွဲလေးက မြန်မာနိုင်ငံမှာ ဒီအနေအထားနဲ့ဆိုရင် ဒါပထမဆုံးလုပ်တဲ့ပွဲလို့ ပြောလို့ ရပါတယ်။ ဒီအရှေ့ မှာတော့ ဒီလိုပွဲတပွဲ လုပ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ကျနော်တို့ ကြိုတင် ပြင်ဆင်မှု အပိုင်းတွေ ညံ့ဖျင်းခဲ့လို့ သိပ်ပြီး အောင်မြင်သင့် သလောက် မအောင်မြင်ခဲ့ပါဘူး။ ဒီပွဲကိုတော့ ပွဲစီစဉ်တဲ့ ကိုဝင်းမော်ဦးတို့နဲ့ သေချာ တိုင်ပင်ပြီး DJ သမားတွေ လိုချင်တဲ့ Taste နဲ့ လူငယ်တွေ မျှော်လင့်ထားလောက်တဲ့ Taste၊ အဲဒါတွေကို ပေါင်းစပ်ပြီး ကျနော်တို့ ဒီပွဲကို အကောင်းဆုံး ဖြစ်အောင် စီစဉ်ထားပါတယ်။ အဲဒီအတွက်ကြောင့် အောင်မြင်မယ် လို့လည်း ယုံကြည်ပါတယ်” ဟု အဆိုပါပွဲတွင် ပါဝင်ဖျော်ဖြေမည့် DJ ကျော်သူဟန်က ပြောသည်။
သူက ဆက်ပြီး “EDM Festival နဲ့ ပတ်သက်ပြီး ပြောရရင်တော့ မြန်မာပြည်နဲ့ အရမ်းကြီး အံဝင်ခွင်ကျ မဖြစ်သေးဘူး။ အခု နောက်ပိုင်းမှသာ Festival နဲ့ ပတ်သက်တဲ့ Movie တွေ ထွက်လာတယ်။ သီချင်း ခွေတွေ ထွက်လာတယ်။ နောက်ပိုင်း City Mart တွေမှာတောင် ဒီ Festival မှာ Live Event တီးခတ်ထားတဲ့ အခွေတွေ ရောင်းတဲ့ အခြေအနေမျိုးတွေ ဖြစ်လာတဲ့အခါကျတော့ ဒီ Music ကြီးက လူငယ်တွေကြားထဲ ကို အချိန်တိုအတွင်းမှာ ပျံ့လာတယ်လို့ ပြောလို့ရတယ်။ တော်တော် များများလည်း လက်ခံလာကြတယ်။ ကလပ်တွေမှာ ဆိုရင်လည်း အရင်တုန်းကဆိုရင် DJ ဖွင့်တဲ့ Music Flow လောက်ကိုပဲ သူတို့ လိုက်ကြတယ်။ အခုကျတော့ Internet တွေ ရှိလာတယ်၊ ကျန်တဲ့ Blog တွေ Forum တွေမှာ သူတို့ တွေ့လာတဲ့ သီချင်းတွေ၊ တီးလုံးတွေကို DJ စင်ပေါ်တက်ပြီး Request လုပ်နိုင်တဲ့အထိ တိုးတက်လာတယ်။ အဲဒါကြောင့် မို့လို့ ဒီပွဲကို လုပ်ရတဲ့ ရည်ရွယ်ချက်ကလည်း စပြီးတော့ သိလာပြီဖြစ်တဲ့ ဒီ Music တခုကို ကျနော်တို့က ကျယ်ပြန့်သထက် ကျယ်ပြန့်လာအောင်ရယ်၊ လက်ရှိ ကမ္ဘာမှာဖြစ်နေတဲ့ Electronic Dance Music ရဲ့ ဖွံ့ဖြိုးမှုကို ကျနော်တို့ မြန်မာနိုင်ငံ မှာလည်း ဖွံ့ဖြိုးစေချင်တဲ့ စေတနာနဲ့ လုပ်ပေးရခြင်းဖြစ်ပါတယ်” ဟု ပြောသည်။
“ဒီပွဲက DJ ပွဲ သီးသန့်ပေါ့၊ စတိတ်ရှိုးလည်း မဟုတ်ဘူး။ အဲဒီတော့ ပိုကောင်းပါတယ်။ တခြားနိုင်ငံတွေမှာလည်း ဒီလိုပွဲတွေက ခေတ်စားနေတယ်။ ဒီလိုမျိုးပွဲတွေကိုလည်း ဒီနိုင်ငံမှာ အများကြီး ဖြစ်စေချင်တယ်။ အများကြီး ဖြစ်စေချင်တယ် ဆိုတာက Night Club တွေမှာ လုပ်သလိုမျိုး Party ပွဲ အသေးလေးတွေ မဟုတ်ဘဲ ဒီလို Electronic Dance Music ကို တကယ် ခံစားချင်တဲ့သူတွေ များများစားစား ပါဝင်တဲ့ပွဲမျိုးပေါ့။ တချို့တတွေက ဒီလိုပွဲမျိုးတွေ လုပ်ချင်ကြတယ်၊ ဒါပေမယ့် အရင်းအနှီးကလည်း များတယ်၊ အချိန်လည်း အများကြီး ပေးရတယ်။ Risk လည်း အရမ်းယူရတော့ တချို့က လုပ်ချင်ပေမယ့် မလုပ်ဖြစ်ကြတဲ့အချိန်မှာ ကျနော်တို့က ဝင်လုပ်ခွင့်ရတဲ့ အတွက် အရမ်းဂုဏ်ယူမိပါ တယ်” ဟု အဆိုပါပွဲတွင် ပါဝင်သည့် DJ Wine က ဧရာဝတီကို ပြောသည်။
DJ Wine ကဆက်လက်ပြီး “မြန်မာနိုင်ငံက DJ လောက အနေအထားက နိုင်ငံခြားက DJ သမားတွေလိုမျိုး ဒီအလုပ်နဲ့ ထမင်းစားလို့တော့ မရဘူး။ နိုင်ငံခြားက DJ ပညာရှင် တွေဆိုရင် DJ အလုပ်က တခြား အလုပ်တွေ ထက်စာရင် Income အများကြီးရတယ်။ ဒါပေမယ့် ဒီမှာက အဲဒီလို အနေအထားမျိုး မရှိသေးဘူး။ မရှိသေးဘူး ဆိုတာက အကြောင်း အမျိုးမျိုးကြောင့်ပေါ့၊ DJ သမားတွေ ကိုယ်တိုင်က Educated မဖြစ်သေးတာရယ်၊ လုပ်နိုင် တဲ့ အနေအထားတွေ နည်းသေးတာရယ်၊ ပြီးတော့ ကျနော်တို့က အများဆုံးအလုပ်လုပ်ရတာ Night Club တွေ မှာဆိုတော့ Night Club တွေက ကျနော် တို့ကို ပံ့ပိုးမှု အနေအထားကလည်း နည်းသေးတော့ အားရစရာ မရှိ သေးဘူး။ ဒါပေမယ့် Electronic Dance Music သီချင်းတွေ ထွက်လာတဲ့ အနေအထားမှာတော့ တော်တော် လေး အားရစရာရှိပါတယ်” ဟု လက်ရှိ မြန်မာနိုင်ငံ၏ DJ လောကအပေါ် သူ၏အမြင်အား ဧရာဝတီကို ဖွင့်ဟ ပြောသည်။
အဆိုပါပွဲအား အသက် ၁၈ နှစ်ပြည့်ပြီး စိတ်ပါဝင်စားသော လူငယ်များအနေဖြင့် လက်မှတ်တစောင်လျှင် ၆၀၀၀ ကျပ်နှုန်းဖြင့် ပြည်လမ်း၊ တာမွေ၊ ကျောက်တံတား၊ စမ်းချောင်းမြို့နယ်တို့ရှိ MRTV-4 Showroom များ၊ ရန်ကင်း၊ မြေနီကုန်း၊ Junction Square၊ အောင်ဆန်းကွင်းတို့ရှိ City Mart ဆိုင်များတွင် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။