ဧရာဝတီပရိသတ်တွေကို မိတ်ဆက်ပေးချင်တဲ့ ရုပ်ရှင်ဇာတ်ကားကတော့ မကြာခင် ရုံတင်ပြသတော့မှာ ဖြစ်တဲ့ “သက်တံသစ်” ဆိုတဲ့ ဇာတ်ကား ဖြစ်ပါတယ်။ အဲဒီဇာတ်ကားက အွန်လိုင်းပေါ်မှာ ဖွေးဖွေး သရဲဝင်ပူးတဲ့ဇာတ်ကား ဆိုပြီး လူဟြေများ နာမည်ကြီးနေတာပါ။ သိုးဆောင်းရဲ့ဇာတ်လမ်းကို ဇာတ်ညွှန်းနဲ့ဒါရိုက်တာ ဝိုင်းက ဖန်တီးပုံဖော်ထားပြီး အောင်ရဲလင်း၊ ဖွေးဖွေးနဲ့ ဇာတ်ပို့ သရုပ်ဆောင်များစွာတို့ ပါဝင် သရုပ်ဆောင် ရိုက်ကူးထားကာ ခရေဖြူ ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ် ဖြန့်ချိမှာ ဖြစ်ပါတယ်။
ဇာတ်ကား ကြော်ငြာမှာတော့ ဇာတ်ကား ရိုက်ကူးစဉ် ရိုက်ကွင်းမှာ သရုပ်ဆောင်တွေကို ဝိညာဉ်တွေ ပူးကပ်ခံခဲ့ရတဲ့ ရုပ်ရှင် ဇာတ်ကားကြီး ဆိုပြီး ဖော်ပြထားသလို၊ “ကျနော်တို့ မြန်မာ လူမျိုးတွေမှာ နတ်၊ တစ္ဆေ၊ သရဲလို့ခေါ်တဲ့ တမလွန် ဘုံသားတွေက လူတွေကို ဆက်သွယ်နိုင်တယ်လို့ ကျနော်တို့ ယုံကြည်နေကြတယ်” လို့ ဒါရိုက်တာဝိုင်းက ဆိုထား ပြန်ပါတယ်။
အကယ်ဒမီသရုပ်ဆောင် ဖွေးဖွေးကလည်း ဒီလိုသရဲကားတွေ နောက်ထပ် ထပ်မရိုက်တော့ပါဘူး လို့တောင် ဂျာနယ်တွေကို ဖြေထားတဲ့အတွက် စိတ်ဝင်စားစရာ ဘယ်လောက် ကောင်းမလဲဆိုတာကို ပရိသတ်တွေကပဲ ကြည့်ရှု ဝေဖန်ပေးကြပါလို့ ဆိုပါရစေ။
ဇာတ်လမ်းရဲ့ ရည်ရွယ်ချက် အနေနဲ့ ပျင်းစရာကောင်းသော မြန်မာ့ရုပ်ရှင်လောက အဆင့်အတန်း မြင့်မားရေးအတွက် ဇာတ်ညွှန်း ပုံသဏ္ဍာန်အသစ် တခုနဲ့ တင်ဆက်ပြလိုကြောင်း၊ နိုင်ငံခြား တိုင်းပြည်များမှာ 3D ဇာတ်ကားများသာမက 4D ဇာတ်ကားများကို ကောင်းမွန်အောင် ရိုက်ကူးနိုင်သော်လည်း မြန်မာနိုင်ငံ အနေနဲ့ 2D ကား စစ်စစ်တောင် မပေါ်သေးတဲ့ အတွက် အင်မတန် ရှက်ဖွယ်ကောင်းကြောင်း၊ ဒါ့ကြောင့် 3D နည်းပညာ တချို့ကို အသုံးပြုကာ တချိန်မှာ 3D ဇာတ်ကား စစ်စစ် ရိုက်ကူးနိုင်ဖို့ ခြေလှမ်းတရပ် ဖော်ညွှန်းပြလိုကြောင်း၊ လူ့ဘဝရဲ့ ဆန်းကြယ်တဲ့ အလှည့်အပြောင်း တခုကို ပရိသတ် နှစ်ခြိုက်လာစေရန် တင်ပြလိုကြောင်း ဇာတ်ကား ဖန်တီးသူက ဆိုထားပါတယ်။
ဇာတ်လမ်းကိုတော့ ဧရာဝတီ ပရိသတ်တွေ အမြည်းသဘော ဖတ်ရှုဝေဖန်နိုင်အောင် အနည်းငယ် မိတ်ဆက် ပေးလိုက် ပါတယ်။
ပြင်ဦးလွင်မြို့က EDU သင်တန်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက တည်ရှိခဲ့တဲ့ သင်တန်းကြီးတခု ဆိုတာနဲ့ ဇာတ်ကားကို စဖွင့်ပါတယ်။ သင်တန်းကို ခေတ်ကာလအလျောက် အမျိုးမျိုး ပြောင်းလဲခဲ့ပေမယ့်လည်း စည်းကမ်းရှိမှု၊ လူချွန်လူကောင်းတွေ မွေးထုတ်နိုင်မှုကြောင့် မြန်မာနိုင်ငံ အနှံ့အပြားက ကျောင်းသား၊ ကျောင်းသူတွေ လာရောက် ပညာ သင်ကြားရတဲ့ သင်တန်းကြီးတခု ဖြစ်ပြီး အဲဒီ ကျောင်းကြီးရဲ့ ကျောင်းအုပ်ကြီးက ဦးထွန်းလွင်လို့ အမည်ရပါတယ်။
ကျောင်းဝင်းထဲမှာ ထူးဆန်းတဲ့ သီချင်းသံကို စီ – တူး အဆောင်က ညတိုင်းကြားရပြီးတဲ့နောက် အဲဒီအဆောင်ကြီးကို ကျောင်းသားတွေ ပိုမို စိတ်ဝင်စားလာကြတယ်။ ညပိုင်းမှာ ဝိညာဉ်လောကကို မယုံတဲ့သူတွေ သွားရင် အဲဒီလူတွေကို မနက်မှ ပြန်တွေ့ရတတ်ပြီး ညပိုင်းက အဖြစ်အပျက်တွေကို သူတို့ ပြန်မမှတ်မိကြတော့ ပါဘူး။ အဲဒီ အဖြစ်အပျက် တွေကို စိတ်ဝင်စားနေသူတွေ ထဲမှာ သက်တံ (အောင်ရဲလင်း) လည်း အပါအဝင်ဖြစ်ပါတယ်။ သက်တံက သင်တန်းရဲ့ အားထားရတဲ့ ဘတ်စကတ်ဘော ကစာသမား တယောက် ဖြစ်ပြီး တနေ့ မိုးရွာထဲမှာ တခြားသင်တန်းကနေ ပြောင်းလာတဲ့ သဲဆု (ဖွေးဖွေး) ကို တွေ့တွေ့ချင်း ချစ်ခင် စုံမက်သွားပါတော့တယ်။ ဖြစ်ချင်တော့ သက်တံနဲ့ သဲဆုတို့က Roll No. 1 နဲ့ 2 ဖြစ်နေ ပြန်ပါတယ်။ အဲဒီလို ကပ်လျက်ကျနေတဲ့ အဖြစ်ကပဲ ထိတ်လန့် ခြောက်ခြားဖွယ်ရာ ဖြစ်ရပ်များရဲ့ အစ ဖြစ်လာခဲ့ပါတယ်။
အခန်းနံပါတ် ၂၀၇ မှာ စာတမ်းရေးတင်ဖို့ ကျောင်းသားတွေ စာရေးနေကြစဉ်မှာ သဲဆုရေးနေတာ ဂျပန်စာတွေ ဖြစ်နေ တာကို သက်တံ တွေ့လိုက်ရတဲ့အခါ သဲဆုမှာ ဝိညာဉ်တခု ပူးကပ်နေပြီ ဆိုတာ သိလိုက်ပါတယ်။ ဒါကြောင့် အဲဒီ အဖြစ်အပျက်ကို ဆရာဦးစိုးဝင်းနဲ့ သက်တံတို့ ခေါင်းချင်းဆိုင် စဉ်းစားကြပါတယ်။ ဒါပေမယ့် အဖြေမရ တာကြောင့် ကျောင်းအုပ်ကြီး ဦးထွန်းလွင်ဆီ ရောက်လာခဲ့ပြီး ဦးထွန်းလွင်က သဲဆုရေးတဲ့ စာတွေကို ဘာသာပြန် ဖတ်ရှု ကြည့်မိပါတယ်။ အဲဒီလို ဖတ်လိုက်တဲ့အခါမှာ စာတွေက အရင်က ငလျင်အကြီးအကျယ် လှုပ်ခဲ့တဲ့ နိုင်ငံ နာမည်တွေ ဖြစ်နေတာကို တွေ့လိုက်ရတယ်။ ဦးထွန်းလွင် သတိရလိုက်မိတာက ဒီကျောင်းရဲ့ ငါးယောက်မြောက် ကျောင်းအုပ်ကြီး ဒေါက်တာမူဟိုင်းရဲ့ အကြောင်းဖြစ်ပါတယ်။ ဒေါက်တာမူဟိုင်းမှာ စီကိုဆိုတဲ့ သားငယ်လေး တယောက်ရှိခဲ့ပြီး စီကိုဟာ ညပိုင်းမှာ သီချင်းဆိုရင်း စာတွေ ထရေးတတ်တယ်လို့ ကြားဖူးထားပါတယ်။ သူရေးတဲ့ စာတွေကလည်း သဘာ၀ ဘေးအန္တရာယ် ဖြစ်မယ့် နိုင်ငံတွေနဲ့ ဖြစ်ပွားမယ့် အချိန်တွေ ဖြစ်နေပါတယ်။ ဒါပေမယ့် တနေ့ စီကိုလေးဟာ ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့ပြီး စီကိုလေးရဲ့ မိခင်လည်း ကလေးစိတ်နဲ့ပဲ ဆုံးပါးသွားခဲ့ ရှာပါတယ်။ ဒေါက်တာမူဟိုင်း ကတော့ သူနေတဲ့ အိမ်ကြီး မီးလောင်မှုနဲ့အတူ သေဆုံးသွားခဲ့တာကြောင့် ဦးထွန်းလွင်က သဲဆုကို ဝင်ပူးနေတဲ့ ဝိညာဉ်ဟာ စီကိုလေးပဲ ဖြစ်မယ်လို့ မှတ်ချက်ပေးပါတယ်။
စာအုပ်တွေရဲ့ အဆိုအရ ဝိညာဉ်နဲ့ လူရဲ့ ဆက်နွှယ်မှုမှာ ကြားခံပစ္စည်းက တဆင့် ကူးစက်တယ် ဆိုတဲ့ အချက်ကို သက်တံက ရှာဖွေတွေ့ရှိခဲ့ပြီး ကျောင်းစောင့်ကြီး ဝမ်က သက်တံအတွက် အားကိုးအားထားရတဲ့ လူတယောက် ဖြစ်လာပါတယ်။ ဝမ်က ဒေါက်တာမူဟိုင်းရဲ့ အိမ်မှာ အလုပ်လုပ်ခဲ့ဖူးတဲ့ လူယုံတဦးလည်း ဖြစ်ပါတယ်။ သူ့ အပြောအရ သဲဆုနဲ့ စီကိုလေးရဲ့ ကြားခံပစ္စည်းဟာ သဲဆု စာတမ်းပြုစုစဉ်က ရေးခဲ့တဲ့ ခုံလေးဖြစ်တယ်လို့ သိရတယ်။ အဲဒီ ခုံလေးကို စီကို အသုံးပြုခဲ့ပြီး သဲဆု စာရေးတဲ့နေ့က အခန်းထဲမှာ ခုံမလောက်လို့ ထုတ်ပေးခဲ့တယ် ဆိုတာကို သိရှိသွားတဲ့အတွက် သက်တံ သွားရောက် ဖျက်ဆီးမလို့ လုပ်စဉ်မှာ စီ-တူး အဆောင်ကြီး မီးလောင်ပါတော့တယ်။
သက်တံ စီ-တူး အဆောင်ကို ရောက်တဲ့အခါမှာ မီးလောင်နေတဲ့ အဆောက်အဦထဲ သဲဆုရှိနေတာကို သိရလို့ သက်တံ သွားရောက် ကယ်တင်စဉ်မှာ မီးလောင်နေတဲ့ အခန်းထဲက ခုံလေးမှာ ထိုင်ရင်း ဝိညာဉ်ဝင်ပူးပြီး စာရေးနေတဲ့ သဲဆုကို တွေ့ရလို့ အတင်းဝင်ရောက်ပြီး ကယ်တင်ရာမှာ သဲဆုရေးနေတဲ့ စာရွက်အပိုင်းအစ ကျန်ရစ်ခဲ့တယ်။ သဲဆု ရေးထားတဲ့ စာတွေကို ဘာသာပြန်ကြည့်တော့ ကမ္ဘာပေါ်က နိုင်ငံအမည်တွေ၊ သဘာ၀ ဘေးအန္တရာယ် ကျရောက်မယ့် အချိန်၊ ခုနှစ်တွေ ပါရှိနေတာကို တွေ့ရပြီး ထူးခြားမှု တခုကတော့ မြန်မာပြည် – နှစ်ထောင့်တဆယ့်ခြောက် ဆိုတဲ့ စာတန်းပါပဲ။ ကျန်တဲ့ ဘာဖြစ်မယ် ဆိုတဲ့ အကြောင်းအရာ ရေးထားတဲ့ စာရွက်တပိုင်းကတော့ မီးလောင်တဲ့အထဲ ပါသွားပါပြီ …။
ဒီဇာတ်ကားကို သန်လျင်က ကိုလိုနီခေတ် အဆောက်အဦ တခုမှာ ရိုက်ကူးစဉ်မှာ ဖွေးဖွေးအပါအဝင် သရုပ်ဆောင် တချို့ကို ဝိညာဉ်တကယ် ပူးကပ်ခဲ့တယ်လို့ နာမည်ကြီးခဲ့သလို၊ အဲဒီအချိန်က ဂျာနယ်တွေမှာလည်း အဲဒီအကြောင်းကို ရေးခဲ့ပါသေးတယ်။ ဒါရိုက်တာ ဝိုင်းရဲ့ 3D ဖန်တီးမှုတွေနဲ့ ဘယ်လို စိတ်ဝင်စားစရာဖြစ်အောင် တင်ဆက်မလဲ၊ ဇာတ်လမ်းအဆုံးသတ် ဘာဖြစ်သွားမလဲ ဆိုတာကိုတော့ ပိတ်ကားပေါ်မှာ ဆက်လက်ရှုစားကြပါ လို့ …။