၁၉၈၀ ခုနှစ် နှောင်းပိုင်း ကာလရဲ့ မြန်မာပြည် ဂီတလောကမှာ ဂီတကြယ်ပွင့်တချို့ ပေါ်ထွက်လို့ လာခဲ့လေရဲ့။ အဲဒီလို ပေါ်ထွက်လာခဲ့တဲ့ ဂီတကြယ်ပွင့်တွေထဲမှာ တဦးအပါအဝင် ဖြစ်တဲ့သူကတော့ ၈၈ အရေးတော်ပုံ ဒီမိုကရေစီရေး လှုပ်ရှားမှုနဲ့ အတူ လူသိများခဲ့တဲ့ တေးရေး၊ တေးဆို ကိုမွန်းအောင်ပဲ ဖြစ်ပါတယ်။ သူ့ (ကိုမွန်းအောင်) ကို ဘာ့ကြောင့် ဂီတ ကြယ်ပွင့်တပွင့်လို့ သတ်မှတ်ခဲ့ကြသလဲ။
ကိုမွန်းအောင်ဟာ စတီရီယိုခေတ်ဦးနဲ့ ခေတ်လယ်ကြားကာလမှာ ပေါ်ထွက်လာခဲ့တဲ့ အနုပညာရှင်တဦး ဖြစ်ပြီး ကွဲပြားတဲ့ Vocal Color နဲ့ ရိုးရှင်း လှပတဲ့ သီချင်းပုံစံတွေကို ဖန်တီးသီဆိုခဲ့သူ တဦး ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကိုမွန်းအောင်ရဲ့ သီချင်းတွေဟာ အဲဒီခေတ် ကာလကတည်းက လူငယ်တွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားခဲ့သလို၊ ဒီကနေ့ တချို့လူငယ်တွေရဲ့ရင်ထဲမှာလည်း ရှင်သန် အမြစ်တွယ်နေဆဲ ဖြစ်ပါတယ်။
သူ့ကို အသံကောင်းသူ တယောက်လို့ သတ်မှတ်လို့ မရပေမယ့် ဆွဲဆောင်မှုရှိတဲ့ အသံပိုင်ရှင် အဖြစ် သူကျွမ်းဝင်ရာ သီချင်းပုံစံတွေ ပေါ်မှာ ခံစားချက် အပြည့်ထည့်ပြီး သေသေသပ်သပ် သီဆိုနိုင်သူတယောက် ဖြစ်ပါတယ်။ ဒါကြောင့် လည်း သူ့ခေတ်သူ့အခါ ထင်ပေါ်လာခဲ့တဲ့ ဂီတကြယ်ပွင့်တွေထဲမှာ တဦးအပါအဝင် ဖြစ်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ သေချာ တာ တခုက ကိုမွန်းအောင်ဟာ နာမည်ကျော်ကြားချင်လို့ သီချင်းသီဆိုခဲ့တာမျိုး မဟုတ်တာကို သတိထားမိခဲ့ပါတယ်။ ဘာကြောင့်လဲ ဆိုရင် သူသီဆိုခဲ့တဲ့ သီချင်းပုံစံ တော်တော်များများဟာ ပရိသတ်အကြိုက်ထက် သူ့စိတ်ခံစားမှု ပေါ်မှာ အဓိကထားပြီး သီဆိုခဲ့လို့ပဲ ဖြစ်ပါတယ်။
ပိုပြီး တိကျအောင် ပြောရရင် သူ့သီချင်းတွေကို နားထောင်ကြည့်တဲ့ အခါ သူ့ရဲ့ Mood နဲ့ Expression ဟာ သူသီဆို နေတဲ့ သီချင်းအပေါ်မှာ ဘယ်လောက်အထိ စိတ်နှစ်ထားသလဲ ဆိုတာ ပေါ်လွင်ထင်ရှား နေလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အဲဒီခေတ် ကာလက တခြားအဆိုရှင်တွေထဲမှာ ကိုမွန်းအောင်ကို သီးခြားဆန်တဲ့ အသံပိုင်ရှင် အဖြစ် ပရိသတ်က အသိအမှတ်ပြု နှစ်သက်လက်ခံ ခဲ့ကြတာပါ။
သူ ဖန်တီးချပြတဲ့ တေး Album တွေထဲမှာ သူကိုယ်တိုင် ဖန်တီး ရေးစပ်ထားတဲ့ သီချင်းကောင်းတွေ ပါဝင်သလို၊ အဲဒီ အချိန်ကတည်းက အောင်မြင်ခဲ့တဲ့ ပါရမီရှင် တေးရေးဆရာ ကိုနေဝင်းတို့လို၊ ကိုမောင်မောင် (အဉ္ဇလီ) တို့လိုသူတွေရဲ့ လက်ရာမြောက် တေးသီချင်းတွေ ပါဝင်ခဲ့တာကလည်း သူ့ရဲ့ ဖြစ်တည်မှုကို ပိုမိုခိုင်မာစေခဲ့တဲ့ အဓိကသော့ချက် တခုပဲ ဖြစ်ပါတယ်။
အဲဒါကြောင့် “၈/၈၂ အင်းလျား၊ လွမ်းရတဲ့ညတွေလွန်ပါစေ၊ စိဉ္ဇမာနဉာဏ်၊ မိုးလုံးမှိုင်း” ဆိုတဲ့တေး Album (၄) ချပ်ကို ဖန်တီးပုံဖော်နိုင်ခဲ့ပြီး အဲဒီတေး Album (၄) ချပ်စလုံးကလည်း သူ့အထွာနဲ့သူ အောင်မြင်မှု ရခဲ့ပါတယ်။
တချိန်က ကိုမွန်းအောင်ရဲ့ သီချင်းတွေအပေါ် စွဲလမ်းနှစ်ခြိုက်ခဲ့ ကြတဲ့ ပရိသတ်တွေ အတွက်ရော၊ ကိုမွန်းအောင်ရဲ့ ဂီတအနုပညာနဲ့ အကျွမ်းတဝင် မရှိကြသေးတဲ့ ဒီကနေ့ လူငယ်တွေ အတွက်ပါ ကိုမွန်းအောင်ရဲ့ သီချင်းတွေကို ပြန်လည် နားဆင်ခံစား ကြည့်စေလိုတဲ့ ဆန္ဒနဲ့ သူ့ရဲ့တေး Album ၄ ချပ် ထဲက “၈/၈၂ အင်းလျား” တေး Album ကို ရွေးချယ်ပြီး ကောင်းနိုးရာရာ သီချင်းတချို့နဲ့ ပြန်လည် ညွှန်းဖွဲ့ပေး လိုက်ပါတယ်။
အထက်မှာ ဆိုခဲ့သလို “၈/၈၂ အင်းလျား” Album ဟာ ဂီတမျက်နှာစာမှာ ကိုမွန်းအောင် နာမည်ကို မှတ်ကျောက်တင် ခဲ့တဲ့ Album ဖြစ်သလို၊ သူ့ရဲ့ အဦးဆုံး Album တချပ်လည်း ဖြစ်တာမို့ ကိုမွန်းအောင်ရဲ့ လွတ်လပ်ပေါ့ပါးပြီး ယုံကြည်မှု အပြည့်ရှိတဲ့ ဂီတအနုပညာဟန်တွေကို ဒီ Album တချပ်လုံးမှာ မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။
ဒီ Album ထဲမှာ စုစုပေါင်း သီချင်း ၁၂ ပုဒ် ပါဝင်ပြီး သီချင်းအားလုံးက ကိုယ်ပိုင်သံစဉ် သီချင်းတွေချည်းပဲ ဖြစ်ပါတယ်။ အဓိက အောင်မြင်ခဲ့တဲ့ အဲဒီ Album ရဲ့ သော့ချက်က Album Title ကြောင့်ပဲ လို့ဆိုရင် မှားမယ် မဟုတ်ပါဘူး။ ရိုးရိုးလေးနဲ့ ဆန်းနေတဲ့ Album ခေါင်းစဉ်ကြောင့် ဒီ Album ထဲက သီချင်းတွေကို နားဆင်ကြည့်လိုတဲ့ ပရိသတ်ရဲ့ စိတ်ကို လှုပ်နိုးစေနိုင်ခဲ့တာက ကိုမွန်းအောင်ရဲ့ အနုပညာ ဉာဏ်အလင်းကို ထင်ထင်ရှားရှား မြင်လာစေမှာ ဖြစ်ပါတယ်။
ဒါကြောင့် Album Title ဖြစ်တဲ့ “၈/၈၂ အင်းလျား” သီချင်းအကြောင်းက စပြောချင်ပါတယ်။ ဂီတလောကထဲမှာ တချို့ သီချင်းတွေဟာ သီချင်းခေါင်းစဉ်အရ အားကောင်းလို့သာ Album Title အဖြစ်တင်လိုက်ကြပေမယ့်၊ တကယ် နားထောင် ကြည့်တဲ့အခါ သီချင်းပုံစံအရရော စာသား အကြောင်းအရာ အရပါ အားနည်းနေတာကို တွေ့ရပါတယ်။ အခု “၈/၈၂ အင်းလျား” သီချင်းကတော့ သီချင်းပုံစံ အရရော၊ စာသား အကြောင်းအရာအရပါ နှစ်သက် ဖွယ်ရာဖြစ်တာကြောင့် Album Title အဖြစ် တင်လိုက်တဲ့ သီချင်းကောင်းလေး တပုဒ် ဖြစ်ပါတယ်။
“၈/၈၂ အင်းလျား” သီချင်းဟာ ကိုမွန်းအောင် ဆိုခဲ့စဉ်ကတည်းက လူကြိုက်များခဲ့တဲ့ သီချင်းဖြစ်သလို အခြားလူတွေ ပြန်ဆိုတဲ့ အချိန်မှာလည်း လူကြိုက်များတဲ့သီချင်း ဖြစ်ပါတယ်။
“ညရဲ့ သန်းခေါင်းယံ အိပ်မပျော်သေးချိန် ဂစ်တာလေးကို အဖော်ပြုရင်း တီးခတ်မယ် … သံစဉ်လှိုင်းများ မင်းရဲ့ အပါးမှာ သာယာစေအောင် သီဆိုနေမယ် သီချင်းလေးတွေ၊ မီးလုံးလေးနဲ့ လိုက်ကာလေးတွေ လှောင်ရီကြပါစေ ကိုယ်မမှုဘဲ တီးခတ်စဉ် တိမ်ညိုတွေရယ် အုံ့ကာမှိုင်းတော့ ရင်မှာပူပင်လာတယ် သောကပွေ … မိုးငွေ ကြယ်ကလေး ပြူထွက်ခဲ့လို့ အဆောင်သူလေးရဲ့ အရိပ်ကိုငေးရင်း သီဆိုနေမယ် မင်းဖို့သီချင်းတွေ တညလုံးပဲ အင်းလျား လမ်းမ ပေါ်မှာ လေ”ဆိုတဲ့ လှပတဲ့ စကားလုံး ဖွဲ့စည်းမှုနဲ့ သီချင်းအကြောင်းအရာ ကလည်း ကာရန်ညီ ကဗျာတပုဒ်လို ကျစ်ကျစ်လျစ်လျစ်နဲ့ ထိထိမိမိရှိတာမို့ ဒီသီချင်းဟာ ကိုမွန်းအောင်ရဲ့ Masterpiece သီချင်းတွေထဲမှာ တပုဒ်အပါအဝင် ဖြစ်ခဲ့ပါတယ်။
ဒါ့အပြင် ဒီဘက်ခေတ် အဆောင်ရှေ့က လူငယ်ဂစ်တာဝိုင်းတွေ အတွက်လည်း ဘယ်တော့မှ ရိုးမသွားနိုင်တာ ကလည်း ဒီသီချင်းလေးရဲ့ ထူးခြားချက်ပဲ ဖြစ်ပါတယ်။
ကိုမွန်းအောင်တို့ ခေတ်ကာလရဲ့ အခြေအနေ အရ သုံးသပ်ရရင် “တစိတ်တည်းလား” ဆိုတဲ့သီချင်းဟာ Musci Style ကိုက ထူးခြားတဲ့ Rock N Roll ပုံစံမျိုး ဖြစ်ပါတယ်။ သီချင်းပုံစံ ထူးခြားရုံသာမက၊ စာသားအကြောင်း အရာကလည်း အကျိုးပြုဘက်ကို နွှယ်ပြီး ဒဿနဆန်တဲ့ အကြောင်းအရာမျိုး ဖြစ်ပါတယ်။ လောကမှာ တယောက်ကောင်း လုပ်လို့ မရ၊ အဖွဲ့အစည်း အသင်းအပင်းနဲ့ တက်ညီလက်ညီလုပ်မှ အောင်မြင်မှု ရနိုင်တာကို စကားလုံးဆန်းဆန်းလေး တွေသုံးပြီး ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။
Intro အဝင်မှာ Rock N Roll Mood ဆန်ဆန် Arrange လုပ်ထားပုံက Beatles တို့ခေတ်က ဂီတပုံသဏ္ဌာန် တွေကို မြင်သာလာစေမှာဖြစ်ပြီး Verse အဝင်မှာ “လူအများနဲ့လား … လူအနည်းနဲ့လား ကိုယ် တယောက်တည်းလား၊ တစိတ်တည်းပဲလား လူအများနဲ့ ခြား၊ လူအနည်းနဲ့အား ကိုယ်တယောက်တည်းအစား တစိတ်တည်းပဲထား … အများနဲ့တယောက် ဖြစ်နေလည်း အားနည်းတဲ့ဘက်က ရှုံးမှာပဲ။ အတူသွားကြ မလား အတူနားကြမလား ရှောင်ထွက် သွားမလား၊ တစိတ်ထဲပဲလား … ကိုယ်စီလှမ်းလို့သွား … ညီတူအားစိုက်ထား … ကိုယ်တယောက်တည်း အစား တယောက်တည်းပဲ ထား၊ အကျိုးနဲ့ အကြောင်းက ဆက်တည်လည်း အဆိုးနဲ့အကောင်း တဖက်စီပဲ” ဆိုတဲ့ စကားလုံးတွေက လေးနက်မှုရှိသလို သီချင်းရဲ့ Flow ပေါ်မှာ Expression အပြည့်နဲ့ စီးမျောနိုင်ခဲ့တဲ့ ကိုမွန်းအောင်ရဲ့ Vocal ကလည်း သီချင်းနဲ့ လိုက်ဖက်မှု ရှိလှပြီး စွဲမက်ဖွယ် ဖြစ်စေခဲ့ပါတယ်။
ဒီ Album ထဲက သီချင်းအားလုံးထဲမှာ အထူး ခြားဆုံး သီချင်းကတော့ “အိုဘယ့်…သစ္စာရှင်” ဆိုတဲ့ သီချင်းပဲဖြစ်ပါတယ်။ Intro အစကတည်းက သီချင်းပုံစံဟာ မြစ်ရေစီးသံ တသွင်သွင် စီးနေသလို ခံစားမှုမျိုးကို ပေးနိုင်ခဲ့ပါတယ်။
“ကြည်သောလေပြည် ညင်းတွေ … မွေ့နေစဉ် … ညင်ညင်သာသာ …မိုးတိမ်စိုင်…ရောင်စုံထုတွေ…ပါးပေါ်မှာ ခစား…မှိုင်းရီဝေ …တောင်ပြာတန်းတွေ … ကျောက်ဆောင်ညို … ငွေသောင် ကမ်းခြေ … ပြည့်စုံလို့… နုပျိုနေတယ် မဖောက်ပြန်ခဲ့ … အိုဘယ့် …သစ္စာရှင်…အခြေအနေတွေ … အချိန်အခါတွေ … ရာသီတွေ … ဘယ်လိုပင် … ပြောင်းနေပါစေ … သင်ဟာ … အရင် လိုပင် …နဂိုအခြေအနေ …ဘယ်ခါပင် … အပြောင်းပါလေ…တည်ငြိမ်တဲ့ …ထာဝရ အလှ ပိုင်ရှင် … မြစ်မင်းဧရာဝတီ” စသဖြင့် စကားလုံး အကြောင်းအရာက သီချင်းသံစဉ်နဲ့ လိုက်ဖက်စွာ ဖမ်းစားနိုင်ခဲ့ပါတယ်။
¾ Timing နဲ့ အခြေတည် ထားတဲ့ သီချင်းရဲ့ Flow ပေါ်မှာ Mood အပြည့်နဲ့ သီဆိုထားတဲ့ ကိုမွန်းအောင်ရဲ့ Expression က မြစ်မင်းဧရာဝတီရဲ့ အလှဒဿနကို ပိုမိုမြင်သာစေခဲ့ ပါတယ်။ ဒါ့အပြင် ဒီကနေ့ အလိုရမက်တွေ ကြီးလာကြတဲ့ တချို့ လူ့အဖွဲ့အစည်းတွေရဲ့ ပယောဂနဲ့ သဘာဝရဲ့ ဖောက်ပြန်မှုတွေကြောင့် ဧရာဝတီမြစ်ကြီးရဲ့ ရှိရင်းစွဲအလှဟာ တစတစ ယိုယွင်းပျက်စီး လာတဲ့အပေါ် စိုးရိမ်မကင်းဖြစ်မိတဲ့ ခံစားမှုမျိုးကိုလည်း ဖြစ်ပေါ်လာစေခဲ့ပါတယ်။
ဧရာဝတီနဲ့ ပတ်သက်တဲ့ ကျော်စောမှု ဂုဏ်သတင်းနဲ့ အလှဒဿနကို ပညာရှင် တော်တော်များများက ဖော်ထုတ် ဖန်တီးခဲ့ကြ ပေမယ့် “အိုဘယ့်… သစ္စာရှင်” ဆိုတဲ့ သီချင်းလေးကတော့ ဘယ်သူတွေ သစ္စာပျက်ပျက် သူကတော့ လူသားများရဲ့ အကျိုးအတွက် အမြဲထာဝရ သူ့တာဝန်သူ ကျေပွန်အောင် ထမ်းရွက်နေတဲ့ သစ္စာရှင် တဦး ဖြစ်ကြောင်း ကို ဧရာဝတီမြစ်ကြီးရဲ့ လူသားတွေအပေါ် သစ္စာစောင့်သိမှု အပေါ် ရှုထောင့်တမျိုးက တင်စားပုံဖော်ထားတာ ဖြစ်ပါတယ်။
ဒါကြောင့် ဒီသီချင်းဟာ တခြား ဧရာဝတီဖွဲ့ သီချင်းတွေနဲ့ မတူဘဲ တိမ်းညွတ်ဖွယ်ရာ အကြောင်းအရာအဖြစ် ကိုမွန်းအောင်ရဲ့ မှတ်ကျောက်ကို အရောင်တင်ပေးနိုင်ခဲ့တဲ့ သီချင်းတပုဒ်လို့ ဆိုရင်လည်း မှားမယ် မဟုတ်ပါဘူး။
တကယ်တော့ “၈/၈၂ အင်းလျား” Album ထဲမှာ ပါဝင်တဲ့ သီချင်း ၁၂ ပုဒ်စလုံးက သူ့ခေတ် သူ့အခါအရ ရသ တမျိုးစီ ပေးနိုင်စွမ်းရှိတဲ့ သီချင်းလေးတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဘက်ခေတ်အထိ စီးမျောနိုင်တဲ့ သီချင်းတွေကို ရွေးထုတ်ပြ ရရင် အထက်မှာ ပြောခဲ့တဲ့ သီချင်း ၄ ပုဒ်အပြင် “ဝတ်မှုံ”၊ “ယူပါ မေရယ်. ယူ”၊ “ယုံကြည်တတ်ပါ”၊ “ခွဲခွာ ခြင်းကို နှစ်သိမ့်သည့် အပြုံး” စတဲ့ သီချင်းတွေပဲ ဖြစ်ပါတယ်။
ကိုမွန်းအောင်ဟာ “၈/၈၂ အင်းလျား” နောက်ပိုင်းမှာ “လွမ်းရတဲ့ညတွေ လွန်ပါစေ”၊ “ဇိဉ္ဇမာနဉာဏ်”၊ “မိုးလုံးမှိုင်း” Album ၃ ခုကို ဆက်လက်ဖန်တီးခဲ့ ရာမှာလည်း လူကြိုက်များတဲ့ သီချင်းတွေ အတော်များများ ပါဝင်ခဲ့ပြီး Album Title သီချင်း ၃ ပုဒ် စလုံးကလည်း သူရဲ့ Materpiece သီချင်းတွေ ဖြစ်ခဲ့ပါတယ်။
ကိုမွန်းအောင်ဟာ အကြောင်းကြောင်းကြောင့် မြန်မာပြည်နဲ့ နှစ်ပေါင်းများစွာ ကင်းကွာနေခဲ့ရပြီး သူသန္ဓေတည်ခဲ့တဲ့ ဂီတလောကနဲ့ပါ အဆက်ပြတ် သွားခဲ့ရပါတယ်။ ဒါကြောင့် မြန်မာပြည်တွင်း ဒီမိုကရေစီအရွေ့တွေ ဖြစ်လာခဲ့တဲ့ အချိန်မှာ ကိုမွန်းအောင်တယောက် မြန်မာပြည်ကို ပြန်လာပြီး သူ သံယောဇဉ် တွယ်ခဲ့ရတဲ့ ဂီတအနုပညာ အလုပ်ကို ပြန်လုပ်ဖို့နဲ့ သူ့ကို လေးစားချစ်ခင်ကြတဲ့ သူ့ပရိသတ်နဲ့ ပြန်လည်ထိတွေ့နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် အခုအချိန် အထိ ပြည်ဝင်ခွင့် ဗီဇာ မရသေးဘူးလို့ သိရပါတယ်။
ဒါကြောင့် ကိုမွန်းအောင်တယောက် မြန်မာပြည်ကို အမြန်ဆုံးပြန်လာနိုင်ပြီး သူချစ်တဲ့၊ သူ့ကို ချစ်တဲ့ ပရိသတ်တွေနဲ့ အမြန်ဆုံး ထိတွေ့နိုင်ခွင့် ရပါစေလို့ ဆုတောင်းပေးရင်း ကိုမွန်းအောင်ရဲ့ သီချင်းတွေကို ပြန်လည် ခံစားကြည့်နိုင်ဖို့ အခုလို သတိတရ ရေးဖွဲ့ ဖော်ပြပေးလိုက်ရခြင်း ဖြစ်ပါတယ်။ ။
(မှတ်ချက် ။ ။ ကိုမွန်းအောင်ရဲ့ သီချင်းခွေများကို နားဆင်လိုပါက ရန်ကုန် ၃၃ လမ်းအထက်၊ Great တေးသံသွင်း ဆိုင်မှာ ကူးယူနားဆင်နိုင် ပါကြောင်း)