ကာတွန်း ကိုရွှေထူး (ပြည်)ရဲ့ ကိုတင့် ရုပ်ပြကာတွန်းတွေ လူကြိုက်များသလို ဗီဒီယိုဇာတ်ကား အဖြစ် ပုံစံပြောင်း ရိုက်ကူးခဲ့ တင်ပြရာမှာလည်း လူကြိုက်များ ပါတယ်။ ဒီတခါမှာတော့ ရုပ်ရှင်ဇာတ်ကားကြီး အဖြစ် ရိုက်ကူးထားပြီး ရုံတင်ပြသတော့မယ် လို့ သိရပါတယ်။
စိန်ဌေး ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ထား ပြီး ဝတ္ထု ဝေသာ၊ ကာတွန်း ကိုရွှေထူး (ပြည်) ရုပ်ပြ၊ ဇာတ်ညွှန်း ကိုကျော် ရေးသားကာ ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်) ပုံဖော်ရိုက်ကူးထားတဲ့ “ကိုတင့်တို့ စူပါရပ်ကွက်” ဆိုတဲ့ ဟာသဇာတ်ကားမှာ အရိုင်းနဲ့ မိုးပြည့်ပြည့်မောင်၊ ခင်လှိုင်၊ ဒိန်းဒေါင်၊ ယွန်းရွှေရည်၊ ဝါဝါအောင်၊ အောင်ခိုင်၊ တက္ကသိုလ် ဂွမ်းပုံ၊ အေးအေးခိုင်နဲ့ အထူးဧည့်သည် စူပါသရုပ်ဆောင်များစွာ ပါဝင်ပါတယ်။
အထူးဧည့်သည် စူပါသရုပ်ဆောင်တွေကတော့ ရန်အောင်၊ ရဲအောင်၊ လူမင်း၊ မင်းမော်ကွန်း၊ ပြေတီဦး၊ နေတိုး၊ ဖြိုးငွေစိုး၊ မြင့်မြတ်၊ အောင်ရဲလင်း၊ နန္ဒ၊ ကောင်းပြည့်၊ ဖိုးချစ်၊ ကျော်ကျော်၊ စိုးမြတ်သူဇာ၊ အိန္ဒြာကျော်ဇင်၊ သက်မွန်မြင့်၊ စန္ဒီမြင့်လွင်၊ ဝတ်မှုံရွှေရည်၊ ဖွေးဖွေး၊ ယွန်းရွှေရည်တို့ ဖြစ်ကြပြီး အဲဒီ စူပါသရုပ်ဆောင်တွေက သူ့နေရာနဲ့သူ ဟာသ မြောက်အောင် ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဟာသ မြောက်အောင် အကွက်ကျကျ ပုံဖော်ရိုက်ကူး တင်ဆက်ထားတာ ဖြစ်သလို သရုပ်ဆောင်များစွာ ပါဝင်ထားတဲ့ အတွက် ရယ်မောပျော်ရွှင်စရာတွေကို တဝကြီး ခံစားရမှာ ဖြစ်လို့ ခဏတဖြုတ်တော့ ဘဝ အမောတွေ ပြေပျောက်စေ မှာ သေချာပါတယ်။
ကြော်ငြာ လက်ကမ်းစာစောင်မှာတော့ “ချစ်လှ စွာသော ပရိသတ်ကြီး ခင်ဗျာ၊ ကျနော်တို့ရဲ့ ချစ်ပရိသတ်ကြီးကို နေ့စဉ် နေ့တိုင်း ရယ်မောပျော်ရွှင် စိတ်ချမ်းသာစေချင်ပါတယ်၊ အဲဒီတော့ ချစ်ပရိသတ်ကြီး ကျနော်တို့ရဲ့ ကိုတင့်တို့ စူပါ ရပ်ကွက်ထဲကို ဆက်ဆက် အရောက်လာခဲ့ကြပါနော် နော်လို့” ဆိုပြီး ကိုတင့်တို့ စူပါရပ်ကွက်သူ ရပ်ကွက်သားများက ကြိုဆို ဖိတ်ခေါ်ကြောင်း ရေးသားထားပါတယ်။
ကိုတင့်တို့ စူပါရပ်ကွက် ဟာသရုပ်ရှင် ဇာတ်ကားကြီးကို အမြည်းသဘော တင်ဆက်ပေးရမယ် ဆိုရင်တော့ ကိုတင့်ဟာ ဆင်ခြေဖုံး ရပ်ကွက်လေး တခုမှာ နေထိုင်သူတယောက် ဖြစ်သလို ကိုတင့်မှာ ဇနီး မချိုနဲ့ နိုင်ထူးဆိုတဲ့ သားလေး တယောက် ရှိပါတယ်။ ကိုတင့်မှာ Taxi တစီးပိုင်ထားပြီး တရပ်ကွက်တည်းနေတဲ့ ပုလုံးကို မောင်းခိုင်းထား ရင်းနဲ့ ရတဲ့ ငွေကြေးနဲ့သာ မိသားစု စားဝတ်နေရေး ပြဿနာကို ဖြေရှင်းနေရတာ ဖြစ်ပါတယ်။ ကိုတင့်က ရပ်ကွက်ထဲ မှာလည်း စေတနာ့အကျိုးဆောင် အဖြစ် အများအကျိုး သယ်ပိုး နေရရင်ကို ကျေနပ်ပီတိ ဖြစ်နေတဲ့ သူတယောက် ဖြစ်ပါတယ်။
ကိုတင့်ဇနီး မချိုရဲ့မိခင်ဖြစ်တဲ့ ကိုတင့်ယောက္ခမ ကြီးကတော့ ကိုတင့်ကို အမြင် လုံးဝ မကြည်လင် ပါဘူး။ ဒါပေမယ့် ကိုတင့်ကတော့ လုံးဝ အလျှော့ မပေးဘဲ ရပ်ကွက်ထဲက လူများအရေးကို သူ့အရေးလိုပဲ သဘောထားပြီး စေတနာ့ ဝန်ထမ်း လုပ်မြဲလုပ်နေခဲ့ပါတယ်။
အဓိက ကိုတင့်ရဲ့ အားနည်းချက် ကတော့ အယုံလွယ်၊ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးစိတ် ရှိပြီး စေတနာအမှားတွေ မှား၊ စေတနာလွန်ကဲတဲ့ အလွဲတွေ လွဲတတ်တာပဲ ဖြစ်ပါတယ်။ ရပ်ကွက်ထဲက လူတွေကလည်း ကိုတင့်ရဲ့ စိတ်ကို နားလည် သဘောပေါက်ပြီး ချစ်ခင်လေးစား ကြပါတယ်။ ရပ်ကွက်ထဲမှာ သာရေးနာရေးကိစ္စတွေ ရှိလာခဲ့ရင်လည်း ကိုတင့်ကိုပဲ တိုင်ပင် ပြောဆိုပြီး လာရောက် အကူအညီ တောင်းကြပါတယ်။
ကိုတင့်က အမြဲတမ်း စေတနာ အပြည့်အဝနဲ့ ကူညီပေးပေမယ့်လည်း အလွဲအချော်တွေက အမြဲလိုလို ဖြစ်တတ်တယ်။ ဘယ်လိုပဲ ဖြစ်နေပါစေ ပွဲဆူမယ့် နေရာတိုင်း ပါတတ်တဲ့ ကိုတင့်နဲ့ ရပ်ကွက်ထဲမှာ ပွဲဆူအောင်လုပ်တတ်တဲ့ ရပ်ကွက်ထဲက စူပါတို့ကတော့ နေ့စဉ် ထိပ်တိုက် တွေ့နေကျပါ။
ရပ်ကွက်တခုတည်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းအရာတွေ ကြားထဲ မနေနိုင် မထိုင်နိုင် ဝင်ဝင်ပါတတ်တဲ့ လူတယောက်ရဲ့ ကောင်းမွန်တဲ့ စိတ်ထားနဲ့ ကိုယ်ချင်းစာတတ်တဲ့ စိတ်ထားကို ပေါ် လွင်အောင် ရိုက်ကူးထားသလို၊ အလွဲလွဲ အချော်ချော်တွေ ဖြစ်တတ်တဲ့ လူတယောက် အကြောင်း ကိုလည်း ဟာသမြောက်အောင် ရိုက်ပြထားတဲ့ သဘာဝ ဟာသပညာပေး ဇာတ်လမ်းအမျိုးအစား ဖြစ်ပါတယ်။
ဒီဇာတ်ကားက ဇာတ်လမ်းဇာတ်အိမ် ခိုင်မာလှတယ်လို့ မဟုတ်ပေမယ့် ရယ်မော ပျော်ရွှင်စရာတွေကို သေသေချာချာ စနစ်တကျ ရိုက်ကူးထားတာ ဖြစ်တဲ့ အတွက် ဟာသ ဇာတ်ကားကောင်း တကား ဖြစ်တယ် ဆိုတာ ညွှန်းပါရစေ။
ပြင်ပကမ္ဘာမှာ မရှိနိုင်တဲ့ လူတွေ၊ မဖြစ်နိုင်တဲ့ ဖြစ်ရပ်တွေနဲ့ လုပ်ကြံ ဖန်တီးထားပြီး အသံသေး အသံကြောင်တွေနဲ့ ဇာတ်ကောင်တွေကို အတင်း အော်ရယ်ခိုင်း၊ ကြည့်ရတဲ့ ပရိသတ်က ကလိထိုးပြီး ရယ်ရင်ရယ်၊ ဒါမှမဟုတ် စိတ်ညစ်စရာ ကောင်းလောက်အောင် မျက်စိနောက်စေတဲ့ မြန်မာဟာသ ဇာတ်ကား ဆိုတာတွေထက်တော့ သာမန် ရပ်ကွက် ကလေးထဲမှာ ရိုက်ထားတဲ့ ကိုတင့်တို့ စူပါရပ်ကွက်က သာပါတယ်။
အသက်ဝင်လာမယ့် ကိုတင့်တို့ စူပါရပ်ကွက် တကယ်ရယ်ရလား၊ မရယ်ရဘူးလား ဆိုတာ ငွေရောင် ပိတ်ကားပေါ် ရောက်မှပဲ ရှုစားကြပါလို့။ ။