ဆောင်းမကုန်တကုန်၊ နွေမကူးတကူး ကျောင်းဖွင့်ရက် ညနေခင်းအချိန် ရန်ကုန်တက္ကသိုလ်ဝင်းကြီးက လွမ်းမောဖွယ် ကောင်းနေသည်။ ဟိုယခင်ကကဲ့သို့ တက္ကသိုလ် ကျောင်းသူကျောင်းသားများ ပျားပန်းခပ် လှုပ်ရှားနေသည်ကို မတွေ့ရသော်လည်း ကျောပိုးအိတ်ကိုယ်စီနှင့် နုနယ်သော ကျောင်းသားကျောင်းသူ အနည်းငယ်ကိုတော့ တွေ့နေရသေးသည်။
ဘွဲ့နှင်းသဘင် ခန်းမဆောင်ရှေ့ နာမည်ကျော် အဓိပတိ လမ်းမကြီးထက်မှာတော့ တခြား တက္ကသိုလ်များမှ ဘွဲ့ရခဲ့သူများ ဘွဲ့ကြိုဓာတ်ပုံ အရိုက်ခံနေကြသည်။ ထိုမြင်ကွင်းကတော့ မထူးဆန်းလှ၊ ဝတ်ကောင်းစားလှ များဝတ်၊ မိတ်ကပ်များ ပြင်၍ ဘွဲ့ကြို ဓာတ်ပုံ အရိုက်ခံနေသည့် မြင်ကွင်းကို မကြာခဏ မြင်ဖူးသည်။
ဘွဲ့နှင်းသဘင် ခန်းမရှေ့မှနေ၍ အဓိပတိလမ်းကို နည်းနည်း ဆက်လျှောက်သွားလျှင် ဘယ်ဘက်ခြမ်းတွင် ပင်မဝိဇ္ဇာ ဆောင်ကြီး ရှိသည်။ ထို ဝိဇ္ဇာဆောင် အဓိက ဝင်ပေါက်မှ ဝင်သွားလိုက်လျှင်တော့ ဝိဇ္ဇာဆောင် အနောက်ပေါက်သို့ ရောက်မည်။ ထိုနေရာတွင် သီးသန့် တိုက်ခန်းလေးတခု။ ဆိုင်းဘုတ် ချိတ်ဆွဲထားသည် “ပန်းချီခန်းမ” ဆိုသည့် ဆိုင်းဘုတ် ကလေး။ အဝါရောင်ပေါ်တွင် အနီရောင်ဖြင့် ရေးထားသည့် လက်ရေး စာလုံးက အခုခေတ် လက်ရေး စာလုံးမျိုး မဟုတ်။
ဟိုးလွန်ခဲ့သည့် အနှစ် ၂၀ ကျော်က ပန်းချီခန်းမဆိုသည့် စာလုံးဒီဇိုင်းအတိုင်း ပန်းချီမျိုးမြင့်က ပြန်လည် ရေးပေးထားသည့် ဆိုင်းဘုတ် အသစ်ကလေး။
တက္ကသိုလ် ပန်းချီခန်းမ ပြန်ဖွင့်ပြီဆိုသည့် သတင်းကို အွန်လိုင်း လူမှုကွန်ရက် စာမျက်နှာထက်တွင် တွေ့ လိုက်ရတော့ စိတ်ဝင်စားမိသွားသည်။ အနှစ် ၂၀ ကျော် ပိတ်ထားခဲ့သည့် ကျောင်းတော်သူ ကျောင်းတော် သားများ၏ အနုပညာ တံခါးတချပ် ပြန်ပွင့်သွားပြီကော။ ယမန်နှစ်က ရန်ကုန်တက္ကသိုလ် အနုပညာအသင်း ပြန်လည် စတင်နိုင်ခဲ့သည်။ ယခု နှစ် ၂၀၁၅ ဇန်နဝါရီတွင် ထိုပန်းချီခန်းမ ပြန်လည် ဖွင့်လှစ်နိုင်ခြင်း ဖြစ်သည်။
ရန်ကုန်တက္ကသိုလ် တံခါးများ ပြန်ဖွင့်ပြီး ၂ နှစ် ခန့်အကြာတွင် ပန်းချီခန်းမတွင် ကျင်လည်ကျက်စားခဲ့ဖူးသော ကျောင်းသူ၊ ကျောင်းသားဟောင်း ပန်းချီ ဆရာများ၊ လက်ရှိ ဆရာ၊ ဆရာမများ၏ ကြိုးပမ်းမှု ကြောင့် ပန်းချီခန်း တံခါးချပ်ကလေး ပြန်ဖွင့်နိုင်ခဲ့ခြင်း ဟု သိရသည်။
တက္ကသိုလ် အနုပညာအသင်းကြီးမှ မြစ်ဖျားခံလာသည့် တက္ကသိုလ် ပန်းချီခန်းမသည် ပန်းချီ ဝါသနာပါသူ တက္ကသိုလ် ကျောင်းတော်သူ ကျောင်းတော်သားများ အတွက်တော့ ဘူမိနက်သန် ဖြစ်ခဲ့သည်။
ကျောင်းစာသင် ခန်းများမှ ကင်းလွတ်၍ လွတ်လပ်စွာ မိမိဖန်တီးလိုရာ ဖန်တီးနိုင်သည့် နေရာ၊ နုနယ်သော ကျောင်းသား၊ ကျောင်းသူများ၏ အနုပညာ စိတ်ကူးစိတ်သန်း ကွန့်မြူးချင်သလောက် ကွန့်မြူးနိုင်သည့် နေရာဖြစ်ခဲ့သည်။ အခုတော့ တချိန်က အသက်ဝင်ခဲ့ပြီး နှစ် ၂၀ ကျော် တိတ်ဆိတ်ငြိမ်သက်ခဲ့သည့် တက္ကသိုလ် ပန်းချီခန်းမ ပြန်လည် အသက်ဝင်ခဲ့ပြီ။
ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ ညနေ ၄ နာရီတိုင်း ပန်းချီခန်းမမှာ အခြေခံ ပန်းချီရေးဆွဲနည်း သင်တန်း ရှိသည်။ အလှည့်ကျ သင်ကြားပေးမည့် ဆရာများကတော့ ပန်းချီဝင်းဖေမြင့်၊ ပန်းချီဘာဘာကျော်၊ ပန်းချီ မမွှေး၊ ပန်းချီ ညိုဝင်းမောင်တို့ ဖြစ်သည်။ ကျမ ရောက်သွားသည့် ကြာသပတေးနေ့က တာဝန်ကျ သင်ကြား ပေးမည့် ဆရာတွေက ပန်းချီ မမွှေးနှင့် ပန်းချီ ညိုဝင်းမောင်။
ရန်ကုန် တက္ကသိုလ်ထဲတွင် ဝိဇ္ဇာ/သိပ္ပံ ဘာသာရပ်များ သင်ယူနေသည့် ကျောင်းသူကျောင်းသားများ၊ ဘွဲ့လွန် တန်း တက်နေသူများက ပန်းချီသင်တန်းသားများ ဖြစ်သည်။ သင်တန်းသား ၆၀ ကျော်ခန့် ရှိသည်ကို တွေ့ရ သည်။
“စဖွင့်တဲ့နေ့က ၅၀ လောက်ရှိတယ်။ နောက် တနေ့ကျတော့ ကျောင်းသားတွေ ထပ်တိုးလာတယ်။ ထပ်တိုး လာဖို့ လည်း ရှိသေးတယ်” ဟု ပန်းချီညိုဝင်းမောင်က ပြောပြသည်။
ရန်ကုန် တက္ကသိုလ်တွင် အနုပညာအသင်းကြီးကို ၁၉၅၁ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၆၃- ၆၄ ပညာသင် နှစ်တွင် အနုပညာအသင်း၏ ဌာနစိတ် ပန်းချီပညာအသင်းကို စတင် ဖွဲ့စည်းခဲ့သည်။ ထို့နောက် ပန်းချီခန်းမကို ဖွင့်လှစ်၍ ကျောင်းသူကျောင်းသား ဝါသနာရှင်များ ပန်းချီပညာ သင်ယူခွင့် ရခဲ့သည်။ ပန်းချီ ဦးသုခ၊ ဦးလွန်းကြွယ်၊ ပန်းချီ ဦးသိန်းဟန်၊ ပန်းချီ ဦးနန်းဝေ စသည့် ပန်းချီဆရာကြီးများက ပန်းချီ ပန်းပု သင်တန်းများ ပေးခဲ့ကြောင်း သိရသည်။
ပန်းချီအသင်း စတင်ဖွဲ့စည်းချိန်က ဥက္ကဋ္ဌအဖြစ် ကိုသန့်စင် (ပန်းချီလှတင်ထွန်း) က တာဝန်ယူခဲ့သည်။ ဘဏ္ဍာထိန်း အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည့် ခင်မောင်မြင့် – ပြွန်တန်ဆာ (စာရေးဆရာ အောင်ပြည့်) သည် ပန်းချီခန်းကို အလွန် သံယောဇဉ်ကြီးသူ ဖြစ်သည်။
သူ့ဝတ္ထုစာအုပ် “ပြိုမှာလေလား မိုးရဲ့” တွင် တက္ကသိုလ် ပန်းချီခန်း၊ အနုပညာ အသင်းတို့ အကြောင်းကို ဖတ်၍ ကိုယ်တိုင် တက္ကသိုလ်တက်ကာ အနုပညာ အသင်းတွင် ပါဝင်လှုပ်ရှား လိုစိတ်တို့ ရုန်းကြွခဲ့ဖူးသည်။
ခေတ်အဆက်ဆက် အနုပညာသမားများစွာ ပေါ်ထွက်စေခဲ့သော တက္ကသိုလ် အနုပညာအသင်းနှင့် ပန်းချီ ခန်းသည် စာရေးဆရာများ၏ ရေးသားချက်များမှတဆင့် အနုပညာ ဝါသနာပါသော မျိုးဆက်သစ် ကျောင်းသူ ကျောင်းသားများကို တက္ကသိုလ် ရောက်ချင်စိတ်၊ ၁၀ တန်း အောင်ချင်စိတ်များ၊ တနည်းအားဖြင့် ပံ့ပိုးပေးခဲ့သည်ဟု ဆိုနိုင်သည်။
“အသင်းဖွဲ့ပြီးနောက် ဆင်ခေါင်း ခွေးမချီနိုင်သော အကြံတခု အကောင်အထည်ဖော်ရန် ဆုံးဖြတ်ခဲ့ကြပါ သည်။ ကျနော် တို့ အမှုဆောင်အဖွဲ့က အဓိပတိလမ်း ရေတမာပင်တန်း တလျှောက် ပန်းချီပွဲတော်ကြီး ခြိမ့်ခြိမ့်သဲသဲ ကျင်းပရန် ကြိုးပမ်းခဲ့ကြသော်လည်း 7July အရေးကြောင့် ကျောင်းကြီး ဖွင့်လိုက်ပိတ်လိုက် ဖြစ်နေ၍ ထိုစဉ်က အခြေအနေ မပေးခဲ့၍ အပန်းဖြေရိပ်သာတွင် စာရေးသူ၏ တကိုယ်တော်ပန်းချီ ပြပွဲလေးတပွဲသာ ကျင်းပနိုင်ခဲ့ ပါသည်။ နောင်အခါ တက္ကသိုလ် ပန်းချီပြပွဲများကို တက္ကသိုလ် အပန်းဖြေ ရိပ်သာတွင် အခါအားလျော်စွာ ကျင်းပလာသည့် အစဉ်အလာ ကောင်း တခု ရရှိခဲ့ပါသည်” ဟု ပန်းချီ လှတင်ထွန်းက သူ၏ “ဝဏ္ဏကျော်ထင် ပန်းချီဦးစံဝင်း ဘဝနှင့် သူ့လက်ရာ” စာအုပ်ထဲတွင် ရေးသားထားသည်။
ရန်ကုန်တက္ကသိုလ် ပန်းချီခန်းမတွင် ကျောင်းသူ ကျောင်းသား၊ ဆရာ၊ ဆရာမများသာမက တက္ကသိုလ် ဝန်ထမ်း ပန်းချီဆရာများပါ ကျက်စားသည်။ ထို ဝန်ထမ်းများထဲတွင် ထင်ရှားသူတဦးမှာ ပန်းချီ ဦးနန်းဝေ ဖြစ်ပြီး သူ့ကို ကျောင်းသူကျောင်းသား ပန်းချီဆရာ အလောင်းအလျာများက ချစ်ခင်ကြသည်။
ပန်းချီဦးနန်းဝေ တက္ကသိုလ်တွင် တာဝန်ထမ်း ဆောင်ခွင့် ရရန် ဆရာကြီး မင်းသုဝဏ် အပါအဝင် အနုပညာ ရှင် ဆရာများက ကူညီခဲ့ကြောင်း ပန်းချီ လှတင်ထွန်း၏ စာအုပ်ထဲတွင် ဖတ်ရှုရသည်။
“ဆရာနန်း၏ တပည့် ပန်းချီဆရာများလည်း တိုးပွားလာသည်။ ဆရာနန်း၏ လက်ရာမွန်များ တက္ကသိုလ် သမဂ္ဂအဆောက်အအုံတွင် ချိတ်ဆွဲထား ရာ 7July အရေးအခင်း သမဂ္ဂအဆောက်အအုံ ဗုံးဖောက်ခွဲမှုတွင် ပါသွားကြပါသည်။ အခြား တက္ကသိုလ် ဝန်းကျင် ရှုခင်းပန်းချီကားများမှာ ဘွဲ့နှင်းသဘင် ခန်းမတွင် ချိတ် ထားရာ နာဂစ် မုန်တိုင်းကြောင့် အချို့ ပျက်စီးကုန်သည်ဟု သိရပါသည်။
တက္ကသိုလ် ပန်းချီဆရာတချို့၏ လက်ရာများကို စာကြည့်တိုက်မှူး ဦးသော်ကောင်း ဝယ်ယူစုဆောင်း၍ စာကြည့်တိုက်တွင် ချိတ်ဆွဲထားသည်ကို တွေ့နိုင် ပါသေးသည်” ဟု ပန်းချီလှတင်ထွန်း စာအုပ်တွင် ဆိုထားသည်။
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် ၁၉၈၇ ခုနှစ်တွင် ပန်းချီခန်းမကို လုံးဝပိတ်လိုက်ရပြီး နောက်ပိုင်း တက္ကသိုလ်များတွင် အနုပညာအသင်းဆိုသည်ကို လောက်လောက်လားလား မကြားဖူးတော့သလို ပန်းချီ ခန်းမ ဆိုတာလည်း မရှိတော့။
သို့ရာတွင် စစ်အစိုးရ လက်ထက်တွင် ရန်ကုန်ယဉ်ကျေးမှုတက္ကသိုလ် စတင်ဖွင့်လှစ်ခဲ့ပြီး အနုပညာ ဝါသနာပါသူများ အတွက် ခြေလှမ်းတလှမ်း လှမ်းရန် အခွင့်အရေး အနည်းငယ်ရခဲ့သည်။ သီးခြားစီ ခွဲထုတ် ခံလိုက်ရသော ဝိဇ္ဇာ/ သိပ္ပံ ကျောင်းသူ ကျောင်းသားများ အတွက်ကတော့ ထိုအခွင့်အရေးများ ဆိတ်သုဉ်းခဲ့ရသည်။
တချိန်က လွတ်လပ်ပေါ့ပါးစွာ ကျောင်းစာကို သင်ယူရင်း ပန်းချီခန်းတွင် ပျော်မွေ့ခဲ့၊ အနုပညာ ဝါသနာ ပါသူချင်း စိတ်ကူးချင်း ဖလှယ်ခွင့်၊ ခင်မင်ခွင့် ရခဲ့ကြသည့် ပန်းချီခန်းမ အကြောင်းကို ထိုပန်းချီ ခန်းမမှ တဆင့် ပန်းချီဆရာ ဖြစ်လာကြသူ မမွှေးနှင့် ပန်းချီညိုဝင်းမောင်တို့က ပြန်ပြောင်း ပြောပြကြသည်။
ပန်းချီမမွှေးက “ဒီပန်းချီခန်းလေးက ကျေးဇူးရှင်၊ ဒီပန်းချီခန်းကပဲ ပန်းချီဆရာမ အဖြစ် မွေးဖွား ပေးခဲ့တယ်။ ဒါကြောင့် ကိုယ့်တုန်းကလိုပဲ ပန်းချီလည်းဆွဲ၊ ကျောင်းလည်း တက်တဲ့သူတွေကို ကူညီချင်တယ်။ ပန်းချီကို မဆွဲတတ်ရင်တောင် ပန်းချီ သဘောတရားတွေ နားလည်စေချင်တယ်” ဟု သူက ဆိုသည်။
တက္ကသိုလ် ပန်းချီခန်းမတွင် အရင်ကတော့ ပန်းချီ သင်တန်းချိန်များတွင် သာမက တခြား အချိန်များတွင်ပါ လွတ်လပ်စွာ နေခွင့်ရသည်၊ လွတ်လပ်စွာ ပန်းချီရေးခွင့် ရှိသည်၊ ပန်းချီခန်းတွင် ညအိပ်သူများပင် ရှိသည်ဟု ပန်းချီညိုဝင်းမောင်က ဆိုသည်။
“ကျနော်တို့ တုန်းက တက္ကသိုလ်က လွတ်လပ်တယ်၊ အချိန်လည်း ပေါများတယ်၊ နှောင်ကြိုး မရှိဘူး။ တခြား ကိုယ်ဝါသနာပါရာ ပညာရပ်တွေလည်း သင်ယူနိုင်တယ်၊ ကိုယ်ဝါသနာပါတဲ့အရာကို လွတ်လွတ်လပ်လပ် လုပ်နိုင်တယ်။ ဒါကြောင့်လည်း တက္ကသိုလ်မှာ ပျော်လွန်းလို့ စာမေးပွဲအကျခံပြီး ဆက်နေတယ်။
အကျခံတာနော်၊ ညံ့လို့ ကျတာ မဟုတ်ဘူး။ အခု တက်နေတဲ့ကျောင်းသားတွေ ကျတော့ အကန့်အသတ် ရှိတယ်။ သူတို့က မြန်မာနိုင်ငံမှာ အတော်ဆုံး ဆိုတဲ့ ကျောင်းသားကျောင်းသူတွေ ဆိုတော့ သူတို့ရဲ့ စာတွေကလည်း ဖိအား အရမ်းများတယ်။ အကျခံနိုင်မှာတော့ မဟုတ်ဘူး။ ဒီကြားထဲကပဲ ပန်းချီကို တကူးတက အချိန်ပေးပြီး သင်ကြတာ ဝမ်းသာဖို့ ကောင်းတယ်” ဟု သူက ဆက်ပြောသည်။
တက္ကသိုလ် အနုပညာအသင်းမှ ကြီးမှူး၍ နံရံကပ် စာစောင်များလည်း အခါအားလျော်စွာ ပြုလုပ်လေ့ရှိရာ စာပေ ဝါသနာပါသူ ကျောင်းသူ ကျောင်းသားများ လက်သွေးရန် နေရာ ဖြစ်ခဲ့သည်။ ထိုနံရံကပ်စာစောင်ကို စွယ်တော်ရိပ်ဟု အမည်ပေးခဲ့ကြသည်။ ပန်းချီခန်းမမှ ပန်းချီဆရာ၊ ဆရာမ လောင်းလျာ ကျောင်းသူ ကျောင်း သားများက ထို နံရံကပ် စာစောင် ဖြစ်မြောက်ရေးတွင် ပါဝင်ခဲ့ရာ နောင်တချိန် စာပေပညာရှင်များ၊ ပန်းချီ ပညာ ရှင်များ တစုတဝေးတည်း၊ တစည်းတလုံးတည်း ထွက်ပေါ်ရန် အခြေခံသော ဘူမိနက်သန်ဟု ဆိုရခြင်း ဖြစ်သည်။
ကွယ်လွန်သူ စာရေးဆရာ မင်းလူ၊ အမျိုးသား စာပေဆုရှင် စာရေးဆရာမ ခင်မြဇင်တို့သည်လည်း တက္ကသိုလ် အနုပညာ အသင်း၊ ပန်းချီခန်းတို့တွင် မွေ့ပျော်ခဲ့သူများ ဖြစ်သည်။ စာရေးဆရာ မင်းလူ၏ ဝတ္ထုများထဲတွင် တက္ကသိုလ် အငွေ့အသက် အများအပြား ပါလေ့ရှိပြီး အမြဲလိုလို အနုပညာအသင်းနှင့် ပန်းချီခန်းမအကြောင်း ပါတတ်သည်။
တက္ကသိုလ် ပန်းချီပြပွဲများ၊ ကာတွန်းပြပွဲများ၊ နံရံကပ်စာစောင်များဖြင့် ကျောင်းသား ကျောင်းသူများ၏ အနုပညာ လက်သွေးခွင့် ရခဲ့သော တခေတ်တခါက ရန်ကုန်တက္ကသိုလ်၏ အရိပ်များကား စာရေး ဆရာတချို့၏ ဝတ္ထုများထဲ တွင်သာ ကျန်တော့သည်။
“ပန်းချီပြပွဲပြီးရင် ကဗျာစာအုပ် စုထုတ်ကြတယ်။ ဒီ ပန်းချီခန်းမက လူတွေက ကျောင်းမဂ္ဂဇင်း မှာ သရုပ် ဖော်ပုံ ရေးခွင့် ရကြတယ်။ အနုပညာ လှုပ်ရှားမှုတွေ ကတော့ အဆက်မပြတ်ဘဲ။ ပန်းချီပြပွဲတွေ လုပ်ရင် ကျမက ဘဏ္ဍာရေးမှူး လုပ်ရတယ်။ ပိုက်ဆံကို ဆရာမကြီးဆီမှာ သွားတောင်းရတယ်၊ ပန်းချီလည်း ဆွဲရတယ်၊ အလုပ်တွေ ရှုပ်ပေမယ့် ပျော်နေတာပဲ။ ကိုယ့်ကိုယ်ကိုယ်လည်း တကယ့် ပန်းချီဆရာမကြီး လို့ကို ထင်ခဲ့တာပဲ” ဟု မမွှေးက တချိန်က တက္ကသိုလ် ကျောင်းသူဘဝ အမှတ်တရကို ပြန်ပြောပြသည်။
တက္ကသိုလ် ပန်းချီခန်းမမှ တဆင့် လက်ရှိ ပြင်ပ ပန်းချီလောကတွင်ပါ နာမည်ကျော်ကြားလာသော ပန်းချီ ဆရာ ပေါင်းများစွာ ရှိခဲ့သည်။ ပန်းချီ မျိုးမြင့်၊ ပန်းချီကေမျိုး၊ ပန်းချီ ကြီးမြင့်စော၊ ပန်းချီ ညိုဝင်းမောင်၊ ပန်းချီ မမွှေး၊ ပန်းချီစံမင်း၊ ပန်းချီ ခင်ဆွေဝင်း၊ ပန်းချီအောင်မြင့် အစရှိသူတို့ အပါအဝင် ပန်းချီဆရာပေါင်းများစွာ ထွက်ပေါ်ခဲ့ရာ တက္ကသိုလ် ပန်းချီခန်းမသည် သမိုင်းလည်း ရှိခဲ့သောကြောင့် သမိုင်းအမွေအနှစ် တခုလည်း ဖြစ်သည်ဟု ပန်းချီ ညိုဝင်းမောင်က ဆိုသည်။
၁၉၇၉ ခုနှစ်တွင် ကျောင်းထဲမှ ကျောင်းဝင်း ပြင်ပသို့ စတင် ခြေလှမ်းနိုင်ခဲ့သော ကံ့ကော်ရွာ ပန်းချီပြပွဲ သည် လည်း အဆိုပါ ပန်းချီခန်းမမှပင် မြစ်ဖျားခံသည်။ ကံ့ကော်ရွာ အုပ်စုတွင် တက္ကသိုလ် ကျောင်းထွက် မျိုးဆက် သစ် ပန်းချီဆရာ၊ ဆရာမများ ပါဝင်နေပြီ ဖြစ်ကာ၊ ယခု ပြန်လည်ဖွင့်လှစ်သည့် ပန်းချီခန်းမ သင်တန်းမှ တဆင့် ကံ့ကော်ရွာ မျိုးဆက်သစ် များစွာ ထပ်မံပေါ်ထွက်လာမည်ဟု ယုံကြည်ကြောင်း ပန်းချီမမွှေးက ရှင်းပြသည်။
လက်ရှိ ရန်ကုန်တက္ကသိုလ် ပင်မတွင် ဒဿနိက ဗေဒ အထူးပြု ဘာသာရပ်ဖြင့် ဒုတိယနှစ် တက်ရောက် သင်ယူနေပြီး စတင် ဖွင့်လှစ်လာသည့် ပန်းချီခန်းတွင်လည်း သင်တန်းတက်ရောက်နေသူ မောင်ဟိန်းခန့် အောင်က ရန်ကုန် တက္ကသိုလ်ကို အောက်စ်ဖို့၊ ကိန်းဘရစ်ချ် အစရှိသည့် နိုင်ငံတကာ တက္ကသိုလ် ကြီးများကဲ့သို့ အဆင့်မြင့် စေချင် ကြောင်း၊ အတွေးအခေါ်ပညာရှင် ဖြစ်ချင်သကဲ့သို့ ပန်းချီလည်း ဆွဲတတ်ချင်သောကြောင့် ပန်းချီခန်းမတွင် ပန်းချီပညာ လာရောက် သင်ယူနေခြင်း ဖြစ်ကြောင်း ပြောသည်။
“နိုင်ငံတကာက တက္ကသိုလ်ကြီးတွေလို ဖြစ်ချင် ရင်တော့ ဒီလို သင်တန်းတွေ များများရှိသင့်တယ်။ ဒီကျောင်း မှာ တက်နေသူတွေ အနေနဲ့ ဘက်စုံထူးချွန်တာ မဟုတ်ရင်တောင် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ အားက စား၊ အနုပညာ ဝါသနာပါရာ သူ့ထောင့် သူ့ထောင့်တိုင်းမှာ နားလည်နေ၊ သိနေတဲ့သူတွေ ဖြစ်သင့်တယ်”ဟု ဆယ်တန်းတွင် ရမှတ် ပေါင်း ၃၈၃ မှတ်ဖြင့် အောင်မြင်ခဲ့သည့် မောင်ဟိန်းခန့်အောင်က ဆိုသည်။
တက္ကသိုလ် အနုပညာအသင်းနှင့် ပန်းချီခန်းမတွင် ပျော်မွေ့ခဲ့ပြီး ပန်းချီပညာကို လေ့လာသင်ယူ ခဲ့ကြ သော်လည်း ပန်းချီဆရာ အဖြစ် အသက်မွေးမှု မပြုဘဲ တခြားသော ကဏ္ဍအသီးသီးတွင် အောင်မြင် ထင်ရှားနေသူများလည်း များစွာရှိနေပါသည်။
“တက္ကသိုလ်ဆိုတာ အသိပညာ၊ အတတ်ပညာ သင်ပေးတဲ့ နေရာ၊ အနုပညာပါ ရှိတော့ ပိုပြီး ပြည့်စုံတယ်၊ အနှစ်သာရ ရှိတာပေါ့။ အရင်ကတော့ ဆယ်တန်း မအောင်လည်း ပန်းချီပန်းပု ကျောင်းကို တက်နိုင်တယ်၊ နောက်ပိုင်း ဆယ်တန်း အောင်ပြီးရင် တက်စရာ ယဉ်ကျေးမှုတက္ကသိုလ် ရှိလာတယ်။ ဒါပေမယ့် မတူဘူး၊ ဝိဇ္ဇာ/သိပ္ပံ ဘာသာရပ်တွေ သင်ယူရင်းနဲ့ အနုပညာကိုလည်း ရွေးချယ်လို့ ရပါလားဆိုတဲ့ အသိက တက္ကသိုလ်ရဲ့ ပန်းချီခန်းက ရခဲ့တယ်။ ကျောင်း စာတွေ သင်ယူရင်းနဲ့ ကျောင်းသင်ခန်းစာတွေ ကနေ ကင်းလွတ်ပြီး ရလာတဲ့အနုပညာက မတူတော့ဘူး။ သိပ္ပံလည်း သိပ္ပံအလျောက်၊ ဒဿနိကလည်း ဒဿနိက အလျောက် ပန်းချီမှာလည်း အဆင့်မနိမ့်အောင်၊ ခံစားမှုမှာလည်း မနိမ့်အောင် ဝိုင်းဝန်းကြိုးစားကြတယ်” ဟု ပန်းချီညိုဝင်းမောင်က ဧရာဝတီကို ပြောသည်။
အစဉ်အလာ ကြီးမားသော ရန်ကုန်တက္ကသိုလ် ကျောင်းကြီးထဲမှ ထူးချွန်သော အသိပညာရှင်၊ အတတ်ပညာ ရှင်များ ပေါ်ထွက်လာရန် အလင်းရောင်ပျပျ မြင်နေရပြီဟု ယူဆပါသည်။ ထိုထူးချွန်သည့် အသိပညာရှင် အတတ်ပညာရှင်များ ကို ပိုမို ပြည့်စုံစေဖို့ အနုပညာဖြင့် ရစ်ပတ်ထုံမွမ်းရန် ယခု ပြန်လည်ဖွင့်လှစ်လိုက်သော ပန်းချီခန်းမက တစိတ်တဒေသ အထောက်အပံ့ ဖြစ်စေပါလိမ့်မည်။ ။