ဟင်းချက်တယ်ဆိုတာ အိမ်ရှင်မတွေအတွက် နေ့စဉ် လုပ်ရိုးလုပ်စဉ် အလုပ်တခု ဖြစ်လို့ ဘာမှ မထူးခြားပါဘူးလို့ ထင်နိုင်ပေမယ့် တကယ့်ကို ဟင်းချက်ဝါသနာ ပါသူတွေ အတွက်ကတော့ ဟင်းချက်ခြင်းဟာ အနုပညာတခုလိုပါပဲ။ ကပြက်ကချော် ချက်လိုက်တဲ့ ဟင်းတခွက်၊ အစပ်အဟပ် မတည့်တဲ့ ဟင်းတခွက်ကြောင့် ထမင်းပွဲမှာ စိတ်ညစ်ညူးရသလို၊ စနစ်တကျနဲ့ အနုပညာဆန်ဆန် ချက်ပြုတ်လိုက်တဲ့ ဟင်းတခွက်ကြောင့်လည်း တသက်လုံးစွဲအောင် ပြောမဆုံး ဖြစ်ရတတ်ပါတယ်။ ဟင်းချက်တာဟာ အမျိုးသမီးတွေရဲ့ အလုပ်လို့ တချို့က ထင်တတ်ပေမယ့် တကယ်တော့ အမျိုးသမီးရယ်၊ အမျိုးသားရယ်မဟုတ်ဘဲ ဝါသနာပါသူတိုင်းအတွက်တော့ စွဲလမ်းပျော်ရွှင်စရာကောင်းတဲ့ အလုပ်တခု ဖြစ်ပါတယ်။ ဒါကြောင့်ရဲ့ ဧရာဝတီရဲ့ အနုပညာကဏ္ဍမှာ ဟင်းချက်ခြင်း အနုပညာကို စာဖတ်သူတွေ စနေ အားလပ်ရက်မှာ ဖတ်ရှုလေ့လာနိုင်အောင် ချက်နည်းပြုတ်နည်း တမျိုးကို ဖော်ပြပေးလိုက်ပါတယ်။ လျှာရင်းမြက်အောင် ဘာဟင်းချက်ရလဲ စဉ်းစားနေသူတွေ အတွက်ကော၊ နိုင်ငံတကာမှာ ဘာကြောင့် ဒီဟင်းတွေဟာ နာမည်ကြီး ထိုးဖောက် နိုင်တာလဲဆိုတာပါ သိရှိနိုင်ဖို့ ရည်ရွယ်ပါတယ်။ (အယ်ဒီတာ)
အခုတပတ်တော့ ဆန်ပြားခေါက်ဆွဲ ဆီချက်လုပ်နည်းလေး ဝေမျှလိုက်ပါတယ်။ ပြုလုပ်နည်းက တရုတ်ဆန်ဆန် ဖြစ်ပေမယ့် ထိုင်းရိုးရာ နည်းနဲ့လည်း ဆက်နွှယ်နေပါတယ်။
မိသားစု စားပွဲမှာဖြစ်ဖြစ်၊ သူငယ်ချင်း အပေါင်းအသင်း ဆုံရင်ဖြစ်ဖြစ် အလွယ်တကူ ပြုလုပ်စားသောက် နိုင်တဲ့ နည်းလမ်းလည်းဖြစ် ထူးခြားတဲ့အရသာကိုလည်း ပေးစွမ်းနိုင်မယ်ဆိုတာ အသေအချာပါ။
ဝက်နံရိုးပေါင်းနဲ့ ဆန်ပြား (ညှပ်ပြားကြီး) ခေါက်ဆွဲဆီချက် အတွက် ပါင်ပစ္စည်းများ (၅ ယောက်စာ)
ဆန်ပြားခေါက်ဆွဲအကြီး – ၅၀ ကျပ်သား
အသားများတဲ့ ဝက်နံရိုး – ၅၀ ကျပ်သား
ချင်း – ၁ တက် (ညက်ညက် ထောင်းထားရန်)
တရုတ်ပာင်းချက်အရက် – ၃ ဇွန်း (ထမင်းစားဇွန်း)
သကြား – ၁ဇွန်း (ထမင်းစားဇွန်း)
ပဲငံပြာရည်အကြည် – ၄ ဇွန်း (ထမင်းစားဇွန်း)
ပာင်းခတ်မှုန့် – အနည်းငယ်
ငါးမျိုးစပ်မဆလာ – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
ဝက်နံရိုးတွေကို လိုချင်တဲ့ ပုံစံတုံးပြီး ညက်ညက်ထောင်းထားတဲ့ ချင်းအရည် ညှစ်ချကာ ပါဝင်ပစ္စည်းအားလုံး ရောနယ်ပါ။
ပြီးရင် ရေခဲသေတ္တာမှာ အချိန် ၃ နာရီလောက် နှပ်ထားပါ။ အချိန်ပြည့်ပြီဆိုရင်တော့ အဖုံးလုံတဲ့ အိုးတလုံးမှာ ထည့်ကာ အလေးချိန်ရှိတဲ့ ပစ္စည်း တခုခုနဲ့ဖိပြီး နောက်ထပ် အိုးကြီး တလုံးမှာ ရေထည့်ကာ အဖုံးလုံအောင်ဖုံးပြီး ပေါင်းပါ (သို့)
Pressure cooker ကို အသုံးပြုကာ နူးအိသည်အထိ ပေါင်းပါ။
ကြက်သွန်ဖြူ ဆီချက်ကို မိမိ လိုအပ်သလို ချက်ထားပါ။
ခေါက်ဆွဲ ပြင်တော့မယ်ဆိုရင် ဆန်ပြား ၁၀ ကျပ်သားလောက်ကို အငွေ့ခံ ပေါင်းပါ ( ၃ မိနစ်ခန့် ပူရုံလေးသာ)
မိမိ နှစ်သက်တဲ့ အရွက် (ကန်စွန်း၊ မုန်ညင်း၊ ပဲပင်ပေါက်) တို့ကို ရေနွေးဖျောပါ။ ပန်းကန်တလုံးမှာ ကြက်သွန်ဖြူ ဆီချက် ၁ ဇွန်းခွဲခန့်၊ ပဲငံပြာရည် အကြည်၊ ဟင်းခတ်မှုန့်၊ ငရုတ်ကောင်းတို့ကို ထည့်ပါ။
ပြုတ်ထားတဲ့ အရွက်ကို အောက်ခြေကခံပြီး ပေါင်းထားတဲ့ ဆန်ပြားခေါက်ဆွဲ ထည့်ပါ။ နံရိုးပေါင်း တပွဲစာကို အပေါ်ကတင်ပြီး ဝက်စာအုကြော် (သို့) ဝက်ခေါက်ကြော် အသေးလေးတွေ ဖြူးကာ ကြက်သွန်မြိတ်၊ တရုတ်နံနံတို့နဲ့ အလှဆင်ကာ မိမိနှစ်သက်သော ကြက်သွန်ချဉ်၊ ငရုတ်ချဉ်တို့နဲ့ တွဲဖက်သုံးဆောင်နိုင်ပါပြီ။