ဖေဖော်ဝါရီ ၂၇ ရက်နေ့ကနေ မတ်လ ၈ ရက်နေ့အထိ ထိုင်းနိုင်ငံမှာကျင်းပပြုလုပ်မယ့် Mister Global 2015 ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ Mister Global Myanmar 2015 အဖြစ် မော်ဒယ်လ်နဲ့သရုပ်ဆောင်၊ အဆိုတော် မင်းလူလူက သွားရောက် ယှဉ်ပြိုင်နေပြီ ဖြစ်ပါတယ်။ ပြိုင်ပွဲကို သြစတြေးလျ၊ အဇာဘိုင်ဂျန်၊ ဘရာဇီး၊ ကမ္ဘောဒီးယား၊ ချီလီ၊ချက်ရီပတ်ဘလစ်၊ ပြင်သစ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ကိုးရီးယား၊ လတ်ဗီးယား၊မလေးရှား၊ မက္ကဆီကို၊ မြန်မာ၊ ပီရူး၊ ဖိလစ်ပိုင်၊ ပွာတိုရီကို၊ စင်ကာပူ၊စပိန်၊ သီရိလင်္ကာ၊ ထိုင်း၊ ဗင်နီဇွဲလားနဲ့ ဗီယက်နမ် အစရှိတဲ့နိုင်ငံပေါင်း ၂၄ နိုင်ငံက မစ္စတာတွေ လာရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်တယ်လို့သိရပါတယ်။ ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၇ ရက်နေ့ကနေ မတ်လ ၇ ရက်နေ့အထိထိုင်းနိုင်ငံမှာရှိတဲ့ ကမ်းခြေတွေအပါအဝင်၊ ပြည်နယ်ဒေသ သုံးခုမှာစခန်းသွင်း လေ့ကျင့်သွားမှာဖြစ်ပြီး မတ်လ ၈ ရက်နေ့မှာတော့ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ Mister Global 2015 Grand Final ပွဲကြီးကို ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ်က ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ Mister Global 2014 ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြု အနေနဲ့ သွားရောက် ယှဉ်ပြိုင်ခဲ့တဲ့ မော်ဒယ်လ် Marco (မြတ်သူရလွင်) က ပြိုင်ပွဲရဲ့ Grand ဆု၊ Mister Global 2014 ဆုနဲ့ Misology ဆုတို့ကို ရရှိခဲ့ပါတယ်။ မင်းလူလူကိုတော့ ဒီနှစ်ရဲ့ Mister of Global Myanmar 2015 အဖြစ် Mister of Myanmar Organization ကို တည်ထောင်ထားတဲ့ Brilliant Model Agency က ရွေးချယ်ထားတာ ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်ကတည်းက အနုပညာနယ်ကို စတင်ဝင်ရောက်ခဲ့ပြီး လက်ရှိ နယ်ဇာတ်ကားတွေမှာ ပါဝင် သရုပ်ဆောင်နေပြီဖြစ်တဲ့ မင်းလူလူဟာ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ အတွင်းက “မျှော်လင့်ခြင်းအလင်းတန်း” အမည်ရှိ တကိုယ်တော် တေးစီးရီးတခွေ ထွက်ရှိထားပါတယ်။
ပြိုင်ပွဲနဲ့ပတ်သက်ပြီး ဘာတွေ၊ ဘယ်လို ပြင်ဆင်ထားလဲဆိုတာနဲ့ အခုနောက်ပိုင်း အများအပြား ကျင်းပလာတဲ့ နိုင်ငံတကာ မစ္စတာပြိုင်ပွဲတွေအပေါ် မြင်တဲ့ သူ့အမြင်၊ သူ့သဘောထား၊ သူ့ခံစားချက်တွေနဲ့ သူ့အနုပညာ လှုပ်ရှားမှုတွေ အကြောင်း The Irrawaddy သတင်းထောက် သီဟတိုးက Mister Global Myanmar 2015 ဆုရှင် မင်းလူလူနဲ့ တွေ့ဆုံမေးမြန်း ထားပါတယ်။
မေး။ ။ ကိုမင်းလူလူ အနေဲ့ အခု ပြိုင်ပွဲအတွက် ဘာတွေ ပြင်ဆင်ပြီးသွားပြီလဲ။
ဖြေ။ ။ ကျနော့် ပြိုင်ပွဲအတွက် အနောက်တိုင်းဝတ်စုံကို ဒီဇိုင်နာ မစန္ဒာအောင် ချုပ်ပေးတယ်။ National Costume အတွက် ဒီဇိုင်နာ ကိုစိုင်းလတ် ချုပ်ပေးတယ်။ နောက်ပြီးတော့ ကျနော် ဒီပြိုင်ပွဲရဲ့ Talent အတွက် မြန်မာဓားသိုင်း (ဓားနှစ်လက်သိုင်း) ကို ပြင်ဆင်ထားပါတယ်။ ဒါကတော့ မြန်မာရဲ့Traditional လို့ ပြောရမှာပေါ့။ ဒီပွဲက နိုင်ငံပေါင်းစုံက လာရောက် ယှဉ်ပြိုင်ကြမယ့်ပွဲဆိုတော့ မြန်မာ့သိုင်းက ဒီလို ရှိပါလားဆိုပြီး ဂုဏ်ယူစရာလေးဖြစ်တာပေါ့။
မေး။ ။ မြန်မာ့သိုင်းကို Talent ပြိုင်ဖို့ ဘယ်လို အိုင်ဒီယာရခဲ့တာလဲ၊ ဘယ်မှာသင်နေတာလဲ။
မြန်မာသိုင်းကတော့ ကျနော် ဟိုးအရင်ကတည်းပဲ ကစားခဲ့ဖူးတယ်။ ကျနော် ကစားနေတာ ငါးနှစ် လောက်ရှိပြီ။ ဒါပေမယ့် ဒီဓားနှစ်လက်သိုင်းကိုတော့ မကစားဖူးဘူး။ ပြိုင်ပွဲဝင်ခါနီးမှ ဆရာရန်နိုင် (Dragon King) ဆီမှာ သင်ပြီးတော့ ကျနော် လေ့ကျင့်နေတယ်။ အချိန် ဘယ်လောက်ကြာကြာ လေ့ကျင့်ထားလဲဆိုရင် ကျနော် ဒီပြိုင်ပွဲကို ဝင်ပြိုင်မယ်ဆိုကတည်းက နှစ်လလောက် သေချာ အာရုံစိုက်ပြီး လေ့ကျင့်ထားတယ်။ အာရုံစိုက်တယ် ဆိုပေမယ့် ကျနော်က အရင်ကလည်း သိုင်းသင်ထားတာ အခံရှိတဲ့အတွက် အရမ်းကြီးတော့ အာရုံမစိုက်ရဘူး။
မေး။ ။ တခြား Catwalk လျှောက်တာတို့၊ Body အပိုင်းတို့ကိုကော ဘယ်လိုပြင်ဆင်ထားလဲ။
ဖြေ။ ။ အခုကတော့ ကျနော် အကောင်းဆုံး ပြင်ဆင်ထားတယ်။ အရင်တုန်းကတော့ ကျနော် ဒီမြန်မာပြည်မှာပဲ ယှဉ်ပြိုင်ခဲ့ဖူးတယ်။ အခုက နိုင်ငံခြားမှာ သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်တဲ့အတွက် ကျနော် အားလုံး အစစ အရာရာ အကောင်းဆုံး ပြင်ဆင်ထားတယ်။ Perfect မဖြစ်ရင်တောင် အကောင်းဆုံးဖြစ်အောင် ကျနော် ကြိုးစားသွားမှာပါ။ Body အပိုင်းကိုလည်း ကျနော် နေ့တိုင်း Gym ပုံမှန် ကစားဖြစ်တယ်၊ Catwalk လျှောက်တာကိုလည်း အကောင်းဆုံး လေ့ကျင့်ထားပါတယ်။
မေး။ ။ အခုခေတ် ဒီလို မစ္စတာပြိုင်ပွဲတွေ များလာတဲ့အပေါ်ကိုရော ကိုမင်းလူလူအနေနဲ့ ဘယ်လိုမြင်မိလဲ။
ဖြေ။ ။ ကောင်းပါတယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းကဆို ကျနော်တို့ဆီမှာ အမြင်သိပ်မကျယ်ဘူးလေ။ မြန်မာပြည်မှာပဲနေ၊ မြန်မာအမြင်နဲ့ပဲ မြင်ပြီးတော့ နေခဲ့ကြတယ်။ ဒါပေမယ့် အခု International ကို သွားရောက် ယှဉ်ပြိုင်တဲ့အချိန်မှာ မစ္စတာတွေ ပိုပေါလာတယ်၊ အမြင်တွေ ပိုကျယ်လာတယ်။ အဲဒီလိုမျိုး နိုင်ငံတကာနဲ့ ယှဉ်ပြိုင်လာတဲ့အပေါ် ပိုပြီးတော့ ဂုဏ်ယူမိပါတယ်။
မေး။ ။ ဒီလိုနိုင်ငံတကာ မယ်ပြိုင်ပွဲတွေ၊ မောင်ပြိုင်ပွဲတွေဆိုရင် မယ်တချို့က Organization နဲ့ အဆင်မပြေဖြစ်ပြီး ပြဿနာတွေ တက်ကြတာမျိုးတွေ တွေ့ရတယ်။ မင်းလူလူအနေနဲ့ကကော Organization နဲ့ အဆင်ပြေအောင် ဘယ်လိုနေထိုင်သွားဖို့ စိတ်ကူးထားလဲ။
ဖြေ။ ။ ကျနော်က အခု Brilliant Model Agency ကနေ တဆင့်သွားမှာပါ။ National Director ကိုဇေယံဟိန်းနဲ့ ကျနော်ကလည်း ဘာစာချုပ်မှ ချုပ်ဆိုထားတာမျိုး မရှိဘူး။ ဒီအတိုင်း ညီအစ်ကို အရင်းတွေလို ပုံစံမျိုးလည်း ဖြစ်နေတယ်၊ ဆရာတပည့်လိုလည်း ဖြစ်နေတော့ သူက ကျနော့်ကို စာချုပ်တွေနဲ့ ထိန်းချုပ်ထားတာမျိုး မရှိဘူး။ ကျနော့်ကို လွတ်လွတ်လပ်လပ် အနုပညာလှုပ်ရှားခွင့် ပြုတယ်။ ကျနော်ကလည်း ဒီပြိုင်ပွဲကနေ ပြန်လာတာနဲ့ ဒီပြိုင်ပွဲက ကျနော့် နောက်ဆုံးပွဲလည်း ဖြစ်ချင်ဖြစ်သွားနိုင်ပါတယ်။ မော်ဒယ်လ်ပွဲတွေက ကျနော် လျှောက်တာ နည်းသွားလိမ့်မယ်။ နောက်ပြီး ကျနော် ၂၀၁၄ တုန်းက ကျနော့်ရဲ့ “မျှော်လင့်ချက်အလင်းတန်း” ဆိုတဲ့ တကိုယ်တော် အခွေလေး ထွက်ထားတယ်။ Group အခွေတွေမှာလည်း ကျနော် ပါဝင်သီဆိုထားတယ်။ ဇာတ်ကားတွေလည်း ရိုက်ထားတယ်ဆိုတော့ နောက်ပိုင်း ကျနော် အနုပညာလှုပ်ရှားမှု အနေနဲ့က ဇာတ်ကား ရိုက်တာမျိုးတွေလောက်ပဲ လုပ်ဖြစ်တော့မယ်။ ကျနော် ပြန်ရောက်တာနဲ့ ရုပ်ရှင်ကုမ္ပဏီတခုနဲ့ ရိုက်ဖို့ ပြောထားတာလေးတွေရှိတော့ အဲဒါတွေ ဆက်ရိုက်ဖြစ်မယ်။
မေး။ ။ အခု ဒီပြိုင်ပွဲကို ပြိုင်ဖို့ကိုကော အရွေးခံပြီး ပြိုင်ခဲ့တာလား၊ ဒါမှမဟုတ် Organization က ကိုယ့်ကိုပြိုင်ဖို့ ရွေးချယ်ခဲ့တာလား။
ဖြေ။ ။ တကယ်တမ်းက ကျနော် ၂၀၁၃ ခုနှစ်မှာလုပ်တဲ့ Cool Guy Contest မှာ Mr. Cool Guy ဆုကို ရခဲ့တယ်။ အဲဒီမှာ ကျနော့်ကို ၂၀၁၄ မှာ Mister Global ပြိုင်ပွဲကို သွားရောက်ပြိုင်ခိုင်းခဲ့ပေမယ့် အကြောင်း အမျိုးမျိုး ကြောင့် မပြိုင်ဖြစ်ခဲ့ဘူး။ အခု ဒီနှစ်ကလည်း အဲဒီလိုဖြစ်တာပဲ။ ၂၀၁၄ က Winner ကို ဒီ ၂၀၁၅ မှာ သွားပြိုင် ခိုင်းတယ်။ ဒါပေမယ့် သူကလည်း အကြောင်းအမျိုးမျိုးကြောင့် သွားမပြိုင်ဖြစ်ခဲ့ဘူး။ အဲဒီအတွက်ကြောင့် ကျနော် အခု ၂၀၁၅ မှာ Mister Global ပြိုင်ပွဲကို သွားပြိုင်ဖြစ်တာပါ။
မေး။ ။ ကိုမင်းလူလူ ရခဲ့တဲ့ ဆုတွေကိုလည်း ပြောပြပေးပါဦး။
ဖြေ။ ။ မော်ဒယ်လ်မှာက ကျနော် ၂၀၁၂ တုန်းက Mandalay Man Hunt မှာ 1st Runner Up ဆုရယ်၊ The Best Talent ဆုရယ် ရခဲ့ဖူးတယ်။ ၂၀၁၃ မှာက Cool Guy Contest မှာ Mr.Cool Guy ဆုနဲ့ The Best Body ဆုရခဲ့တယ်။ တခြား ပြိုင်ပွဲတွေလည်း အများကြီး ဝင်ပြိုင်ခဲ့ဖူးတယ်။ Winner ဆုတွေ မရခဲ့ဖူးပေမယ့် Title ဆု တော်တော်များများ ရခဲ့ဖူးတယ်။
မေး။ ။ အခု မျက်မှောက်ကာလမှာ ဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ မော်ဒယ်လ်လောကကိုရော ဘယ်လိုမြင်မိလဲ။
ဖြေ။ ။ မြန်မာပြည်အနေနဲ့ကတော့ ရပ်တည်လို့ မလွယ်ကူသေးဘူး။ တော်တော်များများက နိုင်ငံခြားမှာတော့ မော်ဒယ်လ်တယောက်အနေနဲ့ နာမည်ကြီးသည်ဖြစ်စေ၊ မကြီးသည်ဖြစ်စေ ပုံမှန်သူ့အတွက် ဝင်ငွေရှိတယ်။ မြန်မာပြည် အနေနဲ့ကျတော့ မလွယ်ဘူး၊ ရပ်တည်ဖို့က နည်းနည်းခဲယဉ်းတယ်။ အဲဒါကြောင့်မို့ မော်ဒယ်လ် အပိုင်းကနေ သရုပ်ဆောင်ပိုင်းကို ကူးသွားကြတာ တော်တော် များတယ်။
မေး။ ။ ကိုမင်းလူလူရော ဒီ Mister Global ပြိုင်ပွဲကနေ ဆုရရင် ဘာဆက်လုပ်ဖို့ အစီအစဉ်ရှိလဲ။
ဖြေ။ ။ လောလောဆယ် ကျနော် ခေါင်းဆောင်နေရာ ရိုက်ကူးဖို့အတွက် ကုမ္ပဏီတခုနဲ့ ပြောထားတာရှိတယ်။ အဲဒါ ကတော့ ဒီပြိုင်ပွဲနဲ့တော့ မဆိုင်ဘူးပေါ့။ ပြန်ရောက်ပြီဆိုတာနဲ့ ကျနော် ခဏနားမယ်၊ ခဏနားပြီး ဇာတ်ကားတွေ ပြန်ရိုက်မယ်။ အခု သင်္ကြန်ခွေအတွက် စီစဉ်ထားတယ်။ Group အခွေမှာ ပါမယ်။ နောက် Bo Bo Music Entertainment က လုပ်တဲ့ Group Song အခွေမှာ ကျနော် ဝင်ဆိုမယ်။
မေး။ ။ ဇာတ်ကားရိုက်တဲ့အခါ သရုပ်ဆောင်မှုအပိုင်းတွေ၊ Character အပိုင်းတွေကိုကော ဘယ်လိုလေ့လာဖြစ်လဲ။
ဖြေ။ ။ Character အပိုင်းက ကျနော် အနုပညာ စလုပ်ကတည်းက သရုပ်ဆောင်သင်တန်းတွေ တက်ခဲ့ဖူးတယ်။ ပြိုင်ပွဲတွေလည်း ဝင်ပြိုင်ခဲ့ဖူးတယ်။ “ရသပေါ်လွင် သရုပ်ဆောင်လွင်ပြင်” တို့၊ “သရုပ်ဆောင် ကမ္ဘာ” တို့မှာလည်း ကျနော် ဆုတွေရခဲ့ဖူးပါတယ်။
မေး။ ။ သရုပ်ဆောင်ပညာနဲ့ ပတ်သက်ပြီး မြန်မာပြည်မှာ ကိုယ် လေးစားအားကျရတဲ့ အနုပညာရှင်ရှိလား။
ဖြေ။ ။ အခု လတ်တလောကတော့ ကိုနေတိုးပေါ့။ အဓိကကတော့ ရေစီးကြောင်းပါပဲ။ အရင်တုန်းကတော့ ဒွေးတို့၊ ကျော်ဟိန်းတို့ ကြိုက်တယ်။ အခုလောလောဆယ်ကတော့ ကိုနေတိုး သရုပ်ဆောင်တာတွေကို ကြိုက်တယ်။
မေး။ ။ ကိုမင်းလူလူက နယ်ကားတွေမှာ သရုပ်ဆောင်တာများတယ်ဆိုတော့ နယ်ကားတွေမှာ ဘယ်လိုနေရာကနေ သရုပ်ဆောင်တာများလဲ။
ဖြေ။ ။ နယ်ကားတွေမှာတော့ ကျနော် Second Hero အနေနဲ့လည်း ပါတယ်။ တခါတလေ သူငယ်ချင်းအနေနဲ့ လည်းပါတယ်။ ဒါပေမယ့် နေရာကောင်းလေးတွေ ရတာများပါတယ်။ နေရာကောင်းမှလည်း ဝင်ရိုက်ဖြစ်တာ များတယ်။
မေး။ ။ Music လည်းလုပ်တယ်ဆိုတော့ ကိုမင်းလူလူရဲ့ စီးရီးက ဘယ်လို Music အမျိုးအစားတွေလဲ။
ဖြေ။ ။ ကျနော် အရင်တုန်းကတော့ အရှေ့မှာ ထွက်ထားတဲ့ “မျှော်လင့်ချက်အလင်းတန်း” ဆိုတဲ့ အခွေမှာတော့ Pop၊ Slow Rock အဲဒီလိုမျိုးလိုင်းပေါ့။ နောက်ပိုင်းမှာတော့ ကျနော် Music ကို ပြန်ပြီးတော့ ဘယ်လို ပြန်လုပ်ရင် ကောင်းမလဲ ဆိုပြီး အသစ်လေးတွေ ဖန်တီးချင်တာလည်း ပါတယ်၊ နောက်သီချင်းတခွေ၊ တကိုယ်တော်ခွေ ထပ်စီစဉ်တဲ့အခါ ကျရင်တော့ ကျနော့် သီချင်းဒီဇိုင်းလေးတွေ ပြောင်းသွားနိုင်တယ်လို့ ကျနော် ထင်တယ်။
မေး။ ။ ကိုမင်းလူလူက အဆိုတော်ဖြစ်ရဲ့သားနဲ့ Talent ပြိုင်ပွဲမှာ ဘာဖြစ်လို့ ဓါးသိုင်းကို ရွေးချယ် ထား တာလဲ။
ဖြေ။ ။ အဆိုပြိုင်မယ်ဆိုရင် အဆိုကကျတော့ အရမ်းရိုးလွန်းတယ်လေ။ ထားပါတော့ ဒါကတော့ မြန်မာသီချင်းစစ်စစ်ကို သွားပြိုင်မယ်ဆိုရင်လည်း ဆိုရုံသက်သက်နဲ့ Talent ဆုကို ရဖို့ဆိုရင် မလွယ်ဘူး။ သီချင်းဆိုတာထက်စာရင် အကကို ပိုပြီးတော့ နိုင်ငံခြားက စိတ်ဝင်စားနိုင်တယ်လေ။ အဲဒီအတွက်ကို အကအတွက် ကျနော့်ပုံစံနဲ့ဆို မလွယ်ဘူး။ ထပ်ပြီးတော့ သင်ရမယ်။ မြန်မာ့သိုင်းကကျတော့ အရင်တုန်းက ကစားဖူးတဲ့ အခံလည်းရှိတယ်။ နောက်ပြီး တချက်တွေးမိတာက မြန်မာ့သိုင်းနဲ့ သွားပြိုင်မယ်ဆိုရင် မြန်မာပြည်မှာလည်း ဒီလိုလှတဲ့ ဓားသိုင်းရှိပါလား ဆိုပြီး အဲဒီအချက်ကို ကျနော်စိတ်ထဲ တွေးမိသွားတယ်။ အဲဒါကြောင့် မြန်မာ့ရိုးရာ ဓားသိုင်းကို ဖော်ထုတ်တဲ့အနေနဲ့ ကျနော် ဒီဓားသိုင်းကို ရွေးချယ်လိုက်တာပါ။
မေး။ ။ အခုသွားပြိုင်မယ့် ပြိုင်ပွဲက နိုင်ငံတကာပြိုင်ပွဲလည်းဖြစ်တယ်၊ နိုင်ငံပေါင်း ၂၄ နိုင်ငံ ယှဉ်ပြိုင်ရမှာဆိုတော့ ကိုမင်းလူလူအတွက် ဒီပြိုင်ပွဲမှာ အကြီးမားဆုံး အခက်အခဲက ဘာဖြစ်မလဲ။
ဖြေ။ ။ ကျနော်အတွက် အကြီးမားဆုံး အခက်အခဲကတော့ ဘာသာစကားလည်း ဖြစ်ရင်ဖြစ်နိုင်တယ်။ ကျနော် အကောင်းဆုံးတော့ ပြင်ဆင်ထားတယ်။ ဒါပေမယ့်လည်း ကျနော် ပုံမှန်ပြောနေကျ စကားမျိုး မဟုတ်တဲ့ အတွက်ကြောင့် အခက်အခဲတော့ အနည်းငယ်ရှိနိုင်တယ်။ အကောင်းဆုံးတော့ ကြိုးစားသွားမှာပါ။ အခက်အခဲက အဲဒီလောက်ကြီးတော့ ဘာကိုမှ စိုးရိမ်ပူပန်မှုတော့ မရှိဘူး။ တခုရှိတာက ဆုတဆုရပြီး မြန်မာနိုင်ငံရဲ့ ဂုဏ်ကိုဆောင်ချင်တယ်၊ ဂုဏ်ယူချင်တယ်။
မေး။ ။ အကယ်၍ Grand ဆုကြီး ရလာခဲ့ရင်ကော ဘာဆက်လုပ်မယ် စိတ်ကူးထားလဲ။
ဖြေ။ ။ ပုံမှန်အားဖြင့် ကျနော် လုပ်နေကျ အလုပ်တွေပဲ ဆက်လုပ်သွားမှာပါ။ လောလောဆယ်တော့ ကျနော် ပရဟိတ အလုပ်တွေဆိုရင်လည်း နှစ်နှစ်လောက်ရှိပြီ။ ကျနော်တို့ သူငယ်ချင်းလေးယောက် ထောင်ထားတဲ့ FOC (Future of Children) ဆိုတဲ့ အဖွဲ့လေးက လတိုင်းလတိုင်း ပုံမှန် လှူဖြစ်တယ်။
မေး။ ။ တိုင်းရင်းသားလို့ သိရပါတယ်၊ ဘယ်နယ်ကလဲ၊ ဘာတိုင်းရင်းသားလဲ။
ဖြေ။ ။ ကျနော် ကချင်ပြည်နယ်၊ ဟိုပင်မြို့နယ်ကလာတာပါ။ ကချင်လူမျိုးတော့ မဟုတ်ဘူး၊ ရှမ်း-ဗမာပါ။
မေး။ ။ National Costume နေ့ကျရင်ရော ဘယ်လိုမျိုး ဝတ်ဖို့ စိတ်ကူးထားလဲ။
ဖြေ။ ။ အဲဒါကတော့ ဒီဇိုင်နာ ကိုစိုင်းလတ်ရဲ့ တီထွင်မှုပေါ့။ သူကတော့ ကချင်တိုင်းရင်းသား ဝတ်စုံကို ဆန်းသစ် တီထွင် ထားတာပေါ့။ မိုက်ပါတယ်။ ဘော်ဒီလည်း ပိုပေါ်တယ်။
မေး။ ။ Mister ဆိုတဲ့ အဓိပ္ပာယ်ကိုရော ကိုမင်းလူလူ ဘယ်လိုနားလည်ထားလဲ။
ဖြေ။ ။ Mister က ဒါနိုင်ငံတကာက လုပ်တဲ့ပွဲဆိုတော့ Model အနေနဲ့ဆိုရင်တော့ ဒါ စံပြပေါ့။ စံပြတယောက် ဖြစ်တဲ့အတွက်၊ အဓိကကတော့ စံပြဆိုတာ လူတွေ လေးစားအားကျရတာပေါ့။ သူ့ရဲ့နေပုံထိုင်ပုံ၊ သွားပုံလာပုံတွေ၊ သူ့ရဲ့အရာရာအားလုံးကို အတုခိုးရတယ်။ အဲဒီအတွက်ကြောင့် မော်ဒယ်လ်ထက်တော့ သူက နည်းနည်းလေး တာဝန်တွေပိုကြီးသွားတယ်။
မေး။ ။Mister တယောက်ဖြစ်ဖို့ကော ဘယ်လိုအရည်အချင်းတွေ ရှိသင့်တယ်လို့ ထင်လဲ။
ဖြေ။ ။ အဓိကကတော့ ပြိုင်ပွဲတပွဲမှာ Mister တယောက်အနေဲ့ အရပ်လည်း အဲဒီလောက်ကြီး မဟုတ်ဘူး။ ဥပမာ- Mister တယောက်ဆိုရင် International ပြိုင်ပွဲတခုမှာ အရပ်ငါးပေကိုးနဲ့ ရသွားတာရှိတယ်။ အဲဒီအတွက်ကြောင့် အရပ်က အဓိကရယ်လို့ မဟုတ်ဘူး၊ သူဆို ကျနော့်ထက်တောင် တလက်မလောက် ပုသေးတယ်လို့ ပြောလို့ရတယ်။ အဓိက ကျတာကို တခုတည်းတော့ ပြောလို့မရဘူး။ ထားပါတော့ … သူက အရပ် ရှိချင်လည်း ရှိမယ်၊ Body ရှိရင်လည်းရှိမယ်၊ စကားပြောပုံ၊ နေပုံထိုင်ပုံ၊ သူ့ရဲ့လူမှုဆက်ဆံရေးနဲ့ ရုပ်ရည် စတာတွေ အကုန် အရေးကြီးပါတယ်။
မေး။ ။ ပြိုင်ပွဲမှာ မနှစ်က မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ခဲ့တဲ့ မော်ဒယ်လ် Marco က အခုဒီပြိုင်ပွဲမှာ ဒိုင်အဖြစ် ပါဝင် ဆောင်ရွက်သွားမယ်ဆိုတော့ အဲဒီအပေါ်ကိုကော စိတ်ခံစားချက်ကကော။
ဖြေ။ ။ သူကလည်း ဘက်လိုက်ပြီးတော့ ပေးမှာ မဟုတ်ပါဘူး။ သူကလည်း အကောင်းဆုံးလူကိုပဲ အကောင်းဆုံး ရွေးချယ်သွားမယ်လို့ ယုံကြည်ပါတယ်။ ကျနော်ကလည်း အားလုံးကို အကောင်းဆုံးဖြစ်အောင် ကြိုးစားထားပါတယ်။ Talent ကအစ Catwalk လျှောက်တာက အဆုံး၊ နေပုံထိုင်ပုံ၊ လူမှုဆက်ဆံရေးတွေကအစ ကျနော် အကုန် အကောင်းဆုံးဖြစ်အောင် ကြိုးစားထားပါတယ်။
မေး။ ။ မင်းလူလူကို အားပေးနေတဲ့ ပရိသတ်ကိုကော ဘာများ ပြောချင်သေးလဲ။
ဖြေ။ ။ ဒီပြိုင်ပွဲက အင်တာနက်ကနေ ဆုတဆုလည်း ရှိပါသေးတယ်။ Voting လုပ်တာပေါ့။ အဲဒီတော့ အားပေးကြပါဦး လို့ ကျနော် ပြောချင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပရိသတ်တွေ အားပေးလာလေလေ ကျနော့်စိတ်လည်း ခံစားမှုက ပိုပြီး တက်ကြွလာလေလေ၊ ပိုပြီးတော့ ယုံကြည်မှု ရှိလာလေလေ ဖြစ်လာမှာပါ။ အဲဒီအတွက်ကြောင့် ကျနော် ဆုတဆုကတော့ မှန်းထားပါတယ်၊ ရကိုရရမယ်ဆိုတဲ့ စိတ်နဲ့ ပြိုင်နေပါတယ်၊ အားပေးကြပါဦးလို့။