၀တ်မှုန်ကူးတဲ့ည၊ အဆိုတော်မွန်းအောင်ရဲ့ တကိုယ်တော်ည၊ လွန်ခဲ့တဲ့နှစ် ၃၀ ကျော်က ကိုမွန်းအောင်ရဲ့ တော်လှန်ရေးတေးသံတွေ မန္တလေးမှာ ပြန်လည် အသက်ဝင်ခဲ့တဲ့ည …။
၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံအပြီး စစ်ကျွန်အဖြစ် ဆက်မနေထိုင်လိုတာကြောင့် မြန်မာပြည်က ထွက်ခွာ သွားတဲ့ အဆိုတော်ကိုမွန်းအောင်ရဲ့ ပထမဦးဆုံး မြန်မာပြည်တွင်း ဖျော်ဖြေပွဲအစီစဉ်ကို မန္တလေးမြို့မှာ ပြီးခဲ့တဲ့ အင်္ဂါနေ့ ညက ပြုလုပ်ခဲ့ပါတယ်။
အစီအစဉ်ကို ၂ ပိုင်းခွဲပြုလုပ်ခဲ့တာဖြစ်ပြီး၊ ပထမပိုင်းအစီစဉ်ကို ည ၇ နာရီ ၄၀ မိနစ်လောက်မှာ စတင်ကာ သီချင်း ၁၇ ပုဒ် မနားတမ်း သီဆိုခဲ့တာဖြစ်ပါတယ်။
၁၉၆၀ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ကိုမွန်းအောင်ဟာ အခုဆိုရင် အသက် ၅၅ နှစ်ရှိပြီဖြစ်ပေမယ့်၊“ ယု” ဆိုတဲ့ သီချင်းကို သီဆိုသံက နုနေဆဲဖြစ်သလို၊“ သွေးမုန်တိုင်း” သီချင်း သီဆိုသံကလည်း မာနေဆဲပါ၊
ထူးအိမ်သင်ရေးစပ်ခဲ့တဲ့“ အရေးကြီးပြီ” သီချင်းသီဆိုသံက မာန်တွေပါနေဆဲ ဖြစ်ပါတယ်။
ကိုမွန်းအောင်ရဲ့ ပရိသတ် အများစုက အသက် ၄၀ ကျော်ဝန်းကျင် လူလတ်ပိုင်းတွေ ဖြစ်ပြီး၊ မဆုံတွေ့ရတာ နှစ်ပေါင်း ၃၀ နီးပါးရှိပြီးဖြစ်တဲ့ ကိုမွန်းအောင်ရဲ့ မန္တလေး ပရိသတ်တွေဟာ တော်လှန်ရေး သီချင်းသည်ရဲ့ ဖျော်ဖြေပွဲညကို ဂုဏ်ယူစွာ ကျေနပ်စွာနဲ့ ကြိုဆိုခဲ့ကြပါတယ်။
ကိုမွန်းအောင်ရဲ့ မန္တလေး ဝတ်မှုန်ကူးတဲ့ညကိုတော့ The Rhythm Music Band က အင်အားဖြည့် ပါဝင် ကူညီတီးခတ်ပါတယ်။
ကိုမွန်းအောင်က တေးရေး ကိုရဲလွင်ရဲ့“ တစိတ်ထဲလား” သီချင်းနဲ့ ပထမပိုင်းဖျော်ဖြေမှုကို စတင်ပါတယ်။
မြန်မာပြည်တွင်း ပထမဦးဆုံး ပြန်လည်ဖျော်ဖြေခွင့်ရပြီး ဝမ်းသာ စိတ်လှုပ်ရှားလို့လား၊ အသံစနစ် မမှန်သေး လို့လားမသိ၊ စဆို ဆိုချင်းအပုဒ်မှာ ကိုမွန်းအောင်ပုံမှန် အသံပြန်မရခဲ့ဘူးလို့ ထင်ပါတယ်။ ဒါပေမယ့် ခဏ တာပါပဲ။ နောက်အပုဒ်တွေမှာတော့ ကိုမွန်းအောင်ရဲ့ မူရင်းအသံ ပြန်ရခဲ့ပါတယ်။
ပထမဆုံးသီချင်းသီဆိုအပြီးမှာ မွန်းအောင်လ့ို လူသိများစေခဲ့တဲ့“ ၈/၈၂ အင်းလျား” အခွေထဲက သီချင်း အချို့ဆက်တိုက် သီဆိုပါတယ်။ မန္တလေးသား တေးရေးကိုမောင်မောင်ရဲ့ “ယူပါမေရေ….ယူ ” နဲ့ “ ၈/၈၂ အင်းလျား” သီချင်းတွေပါ။
“၈/၈၂ အင်းလျား” ရဲ့ မူရင်း သီချင်းဟာ ကချင် သီချင်းဖြစ်တယ်လို့ ကိုမွန်းအောင်က မသီဆိုခင် ရှင်းပြခဲ့ပါ တယ်။
“ညရဲ့သန်းခေါင်ယံ…. အိပ်မပျော်သေးချိန်….. ဂီတာလေးကို အဖော်ပြုရင်း တီးခတ်မယ်… သံစဉ်လှိုင်းများ… မင်းရဲ့အပါးမှာ… သာယာစေအောင်.. သီဆိုမယ်သီချင်းတွေ ”
ကိုမွန်းအောင်ဟာ သီဆိုနေရင်း ၁၉၈၂ ခုဝန်းကျင်က ရန်ကုန်တက္ကသိုလ် ပုံရိပ်တွေကို ပြန်လည်မြင် ယောင် အမှတ်ရနေပုံ ရတယ်။
မန္တလေးပရိသတ်ကိုလည်း ကိုမွန်းအောင်က သူ ကျင်လည်ခဲ့တဲ့ ၁၉၈၂ ခု ရန်ကုန်တက္ကသိုလ် အဆောင်ည တွေဆီ ပြန်လည်ညှို့ယူ ခေါ်ဆောင်သွားခဲ့ပါတယ်။
ဝတ်မှုန်ကူးဖို့ ကိုလာတဲ့ မန္တလေးပရိသတ်အားလုံးရဲ့ နှုတ်ဖျားမှာ“ ၈/၈၂ အင်းလျား” သီချင်းစာသားတွေ ပြိုင်တူအန်ထွက်ကျလာခဲ့ကြတယ်။
မီးလုံးလေးနဲ့လိုက်ကာလေးတွေလှောင်ရယ်ကြပါစေ..ကိုယ်မမှုဘဲတီးခတ်စဉ်….တိမ်ညိုတွေရယ်အုံ့ကာ
မှိုင်းတော့…ကိုယ်လေရင်မှာ ပူပင်လာတယ်…သောကပွေ…
ကိုမွန်းအောင်ဟာ ၁၉၈၈ အရေးတော်ပုံကာလ မြန်မာပြည်က ထွက်ခွာခဲ့ရပြီးနောက်ပိုင်း ပြန်လာခွင့်ရဖို့ သီချင်းတွေ အားပါးတရ ဖျော်ဖြေခွင့်ရဖို့ အိပ်မက်ရှိခဲ့ကြောင်းပြောပါတယ်။
အခုလို မြန်မာပြည်တွင်းမှာ ပြန်လည်ဖျော်ဖြေခွင့်ရမှ ရပါမလားလို့ စိုးရိမ်ခဲ့ကြောင်း ကိုမွန်းအောင်က စင်ပေါ် က ပြောပါတယ်။ သူစိုးရိမ်တာကလည်းတကယ်ဖြစ်ခဲ့ဖူးပါတယ်။ နော်ဝေနိုင်ငံသားအဖြစ်ခံယူထားတဲ့ ကိုမွန်းအောင်အဖို့ ပြည်ဝင်ခွင့် ပိတ်ပင်ခံခဲ့ရပြီး သူ့ပရိသတ်ဖြစ်တဲ့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ဗီဇာ ထုတ်ပေးဖို့ ဝင်ကူညီခဲ့လို့ အခုလို သီချင်းတွေဆိုဖို့ ဖြစ်လာခဲ့တာပါ။
ကိုမွန်းအောင်သီဆိုမှု အရှိန် တဖြည်းဖြည်း ရလာပါပြီ။ ကိုမွန်းအောင်ရဲ့ အနုပညာပိုင်းရော ပုဂ္ဂိုလ်ရေးအရပါ ခင်မင်လေးစားကြတဲ့ မန္တလေးသား လူလတ်ပိုင်းအချို့ဟာ ကိုမွန်းအောင်ရဲ့သီချင်းတွေကိုနှုတ်ဖျားက အန် ထွက်လာရုံတင် မဟုတ်တော့ပဲ စတိတ်စင်ရှေ့မှာထွက်လာပြီး ကခုန်စီးမျောကြပါတော့တယ်။
လွမ်းရတဲ့ညတွေလွန်ပါစေ၊ ဘီလူးစည်းလူ့စည်း ၊ နာမည်ကျော်“ ယု” သီချင်းတွေ ဆက်တိုက် သီဆိုလာတဲ့ အခါမှာတော့ မြန်မာပြည်နဲ့နှစ်ပေါင်း သုံးဆယ်ကျော်လောက် ကင်းကွာခဲ့ရတဲ့ ကိုမွန်းအောင်ဟာ“ ကျနော် ချစ်တဲ့မြို့” လို့ ဆိုတဲ့ မန္တလေးမြို့က ပရိသတ်နဲ့ တသားထဲ တသွေးထဲ ဖြစ်လာပါတော့တယ်။
ဖျော်ဖြေပွဲ အရှိန်ရလာလေ၊ ကိုမွန်းအောင်ရဲ့ မူရင်းအသံပြန်ရလာလေလား မသိပါ၊ ပွဲက ပိုမြိုင်လာပါတယ်။ ပိုမိုကောင်းမွန်လာပါတယ်။ ”
သွေးမုန်တိုင်း ၊ ရင်ခတ်အလွမ်း သီချင်းတို့ သီဆိုမှုအပြီးမှာတော့ မိုးလုံးမှိုင်း သီချင်းနဲ့ မန္တလေးသူ မန္တလေး သားတွေကို ကိုမွန်းအောင်က စွဲယူဖမ်းစားခဲ့တယ်။
“မိုးလုံးမှိုင်းလို့… ဒို့သိခဲ့တဲ့ ဗင်ဒါတွေ….ကောင်းကင်ယံထက်…ကျွန်းထိပ်ဖျားကို တွယ် ကာနေ … နွေအခါ ဆိုရင်…..ရွက်ရိုးဆစ်မှာ…..ဖူးငုံလှိုင်ပွင့်စေ…”
ပထမပိုင်း သီဆိုမှုကို“ ကုန်လွယ်လွန်းလိုက်တာ” သီချင်းဆိုပြီး ခဏတာ ရပ်နားခဲ့ပါတယ်။
တော်လှန်ရေးသီချင်းသည် ကိုမွန်းအောင်ရဲ့ ဒုတိယပိုင်းဟာ ပထမပိုင်းထက် ပိုမိုကောင်းမွန်တယ်။ ပိုမိုပြည့် စုံတယ်။ ဒီမိုကရေစီတော်လှန်ရေးတေးသံတွေ ပိုမို စီးမျောခဲ့တယ်တယ်။
သီချင်း ၁၇ ပုဒ် ထပ်မံ သီဆိုခဲ့ပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရ၊ ၁၉၈၈ ခုနောက်ပိုင်း အာဏာရှင် စစ်အစိုးရလက်ထက် စင်မြင့်ထက်မှာ သီဆိုဖျော်ဖြေခွင့်မရခဲ့တဲ့ သီချင်းတွေ၊ ဆင်ဆာက ခွင့်မပြုခဲ့ တာ ကြောင့် အဲဒီခေတ်အခါက စာသား အစားထိုးခဲ့ရတဲ့ သီချင်းတွေကို ကိုမွန်းအောင်က မူရင်းစာသားတွေ အတိုင်း ပြန်လည်ဖြည့်စွက်သီဆိုခဲ့ပါတယ်။
ညလွင်ပြင်မှ သီချင်းနဲ့ ဒုတိယပိုင်းကို ပြန်လည်စတင်ပါတယ်။ ပရိသတ် နားစွဲပြီးသားတွေထဲက ကြွေး ဟောင်းဆပ်ခွင့်ပြုပါ၊ ယုံကြည်တတ်ပါ၊ သတိမမူ ဂူမမြင်၊ နှင်းစက်နဲ့လမ်း၊ ခမ်းနားသော အစိတ်အပိုင်း၊ ဝတ်မှုန်၊ ရိုးရိုးလေး သီချင်းတွေကို ဆက်တိုက်သီဆိုပါတယ်။
ဒုတိယပိုင်းအစမှာတော့ စင်ရှေ့လုံခြုံရေး တာဝန်ယူထားသူတွေက ပရိတ်သတ်ကို တင်းကြပ်ထားမှုကြောင့် ကိုမွန်းအောင်ဖျော်ဖြေပွဲ ခဏ ခပ်ငြိမ်ငြိမ်ဖြစ်ခဲ့ရပါသေးတယ်။
ဒါပေမယ့် ကိုထူးအိမ်သင်ရေးစပ်ခဲ့တဲ့ “အရေးကြီးပြီ” သီချင်းသီဆိုချိန်မှာတော့ ပွဲလုံခြုံရေးတွေ မတင်းနိုင် တော့ ပါဘူး။
တိုက်ပွဲဝင် တော်လှန်ရေးတေးသံတွေက မန္တလေးပရိသတ်ကို ထပ်မံညို့ယူဖမ်းစားခဲ့ပြန်ပါတယ်။ အနုပညာ ရှင်နဲ့ သူ့ပရိသတ်ကြား ဘယ်သူမှ ထိန်းချုပ်ခွင့်မရှိသလို၊ ထိန်းချုပ်လို့လည်း မရဘူးဆိုတာ သက်သေ အခိုင် အမာပြသခဲ့ပါတယ်။
…အရေးကြီးပြီညီနောင်အပေါင်းတို့…..သွေးစည်းကာညီစေညီကြစို့…ငါတို့ရဲ့သမိုင်းတခေတ်ကို…ငါတို့သွေး နဲ့ရေးခဲ့ပြီ…သွေးသစ္စာလည်းပြုခဲ့သည်…နိုင်ငံတော်အတွက်ဆို..အသက်ကိုလည်း ဘာမထီ..သေပါစေ…ခွပ်ဒေါင်းသွေး…ဟေ့…..ရဲရဲရှေ့ရှေ့ကိုချီ……လွတ်လပ်ခွင့်နဲ့ငြိမ်းချမ်းရေးအတွက် ရည်…အဆုံးသတ် တိုက်ပွဲ….ငါတို့…နွှဲရမည်…”
၁၉၉၂ ခုကာလက ဖြန့်ချိခဲ့တဲ့ ငြိမ်းချမ်းရေးတိုက်ပွဲ တေးစီးရီးထဲက အရေးကြီးပြီ သီချင်းဟာ ယနေ့အထိ ဇာတိမာန်တွေ တဖွားဖွားဖြစ်ပေါ်ဆဲ၊ စိတ်ဓာတ်ခွန်အားတွေ ပေးနေဆဲ၊ သမိုင်းကိုလည်း ထင်ဟပ် ပြနေဆဲ ပင်ဖြစ်ပါတယ်။
အရေးကြီးပြီ သီချင်းဆိုပြီးတဲ့နောက် ပျံသာပျံပါ ခွပ်ဒေါင်းနီ သီချင်းကို ကိုမွန်းအောင် ဆက်လက်သီ ဆိုပါ တယ်။ ဒီသီချင်းကလည်း မန္တလေးက ဝတ်မှုန်လာကူးကြတဲ့ ကိုမွန်းအောင် ရူးသွပ်သူပရိတ်သတ်ကို စိတ် ဓာတ်ခွန်အားနဲ့ တက်ကြွမှုတွေပေးပြန်ပါတယ်။
ကိုမွန်းအောင်ရဲ့မန္တလေးမှာ ဝတ်မှုန်ကူးနေတဲ့ညဟာ တဖြည်းဖြည်း ပြီးဆုံးချိန် နီးလာပါပြီ။ စိဉ္ဇာမာနဉာဏ် ၊ လမင်းသာချိန်၊ ဒို့ပြန်လာမယ် သီချင်းတွေ သီဆိုအပြီးမှာတော့ နောက်ဆုံးအဖြစ် ခွဲခွာခြင်းကို နှစ်သိမ့်သည့်အပြုံး သီချင်းနဲ့ ကိုမွန်းအောင်က ပွဲသိမ်းဖို့ကြိုးစားပါတယ်။
မန္တလေးပရိသတ်က ကိုမွန်းအောင်ရဲ့ သီချင်း ၃၄ ပုဒ်သီဆိုမှုကို အားမရကြပါဘူး။ နောက်ထပ်ဆိုပေးဖို့ တောင်းဆိုကြပြန်ပါတယ်။
ကိုမွန်းအောင်က မန္တလေးပရိသတ်ကို ချစ်ပါတယ်။ ငြိမ်းချမ်းရေးတိုက်ပွဲ သီချင်းကို ပွဲသိမ်းဆိုပါတယ်။ ဒီသီချင်း မူရင်းစာသားကို ဆင်ဆာက ခွင့်မပြုခဲ့တာမို့ ကွယ်လွန်သူ အဆိုတော် ကိုခင်မောင်တိုးက မဟာဆန်သူ စီးရီးထဲမှာ စာသားပြောင်းပြီး လွန်ခဲ့သောနေ့လို့ သီဆိုခဲ့ရတယ်။
ကိုမွန်းအောင်ကတော့ မူရင်းသီချင်းကို မြန်မာပြည်ပြင်ပမှာ အသံသွင်းခဲ့တယ်။
“ ရင်းထားတဲ့ အသက်တွေ အစားထိုးပေးလှူ……. ကိုယ်ဖက်က အလှည့်ကိုရောက်မှ မနွဲ့သာ..စိုက်ခဲ့သမျှ တို့ ရိပ်သိမ်းရတော့မယ်…… အခါတိုင်ပြီ ..လက်မလွတ်နဲ့… မကြေတဲ့ အကြွေးဆပ်ရန် ချီတက်ခဲ့ပြီ….”
တော်လှန်ရေးသီချင်းသည် ကိုမွန်းအောင်ရဲ့ မန္တလေးမှာ ဝတ်မှုန်ကူးတဲ့ညကို လှပစွာ အောင်မြင်စွာ နဲ့ဖြတ်ကျော်ခဲ့ပါပြီ။ လာမယ့်မတ်လ ၁၀ ရက်ည မှာတော့ ရန်ကုန်မြို့မှာ ဝတ်မှုန် ထပ်ကူးဖို့ ကိုမွန်းအောင် ချစ်ခင်လေးစားသူတွေက စောင့်မျှော်နေကြဆဲဖြစ်ပါတယ်။