မတ်လ ၁၀ ရက်နေ့ညက ရန်ကုန် အမျိုးသား ကဇာတ်ရုံတွင် ကျင်းပသော အဆိုတော် မွန်းအောင်၏ ရန်ကုန်ရှိုးပွဲ မြင်ကွင်းများ (ဓာတ်ပုံ – သော်ဟိန်းထက် / ဧရာဝတီ)
နော်ဝေပြန် ကိုမွန်းအောင်ရဲ့ ရန်ကုန် ရှိုးပွဲကို သွားကြည့်ဖြစ်တော့ သူ့နာမည်ကိုကြားရုံပဲကြားဖူး၊ သူ့သီချင်းတွေထဲက တချို့လောက်သာ တခြားအဆိုတော်တွေ ပြန်ဆိုထားတာ နားထောင်ခဲ့ရဖူးတဲ့ ကျနော့်အဖို့ စိတ်လှုပ်ရှားမှုက တခြားရှိုးပွဲတွေ ကြည့်ရတာနှင့်မတူ။ ရှိုးပွဲကိုစဝင်တော့ သတိထားမိတာက လာအားပေးတဲ့ ပရိသတ်တွေဟာ သက်ကြီးတန်း အများစု ဖြစ်နေတာကိုပါ။ ကိုမွန်းအောင်အသက်က အခုပဲ ၅၀ ကျော်ပြီ ဆိုတော့ သူ့ခေတ်၊ သူ့အခါက သူ့ပရိသတ်တွေ ဖြစ်မှာပဲလို့ စိတ်ထဲတွေးမိသည်။
ပွဲက ည ၇ နာရီစမယ် ဆိုပေမယ့် ပရိသတ်တွေက တဖွဲဖွဲခြင်း ရောက်နေကြတာမို့ တီးဝိုင်းအဖွဲ့နဲ့ ကိုမွန်းအောင်ရဲ့ ဖျော်ဖြေမှုက တော်တော် နောက်ကျပြီးမှ စဖြစ်ခဲ့သည်။
ပွဲစစချင်း မြစ်ကြီးနားဇာတိ ကိုမွန်းအောင်က ကချင်ရိုးရာ အဆင်အကျႌနှင့် ပွဲထွက်လာပြီး ပရိသတ်ကိုနှုတ်ဆက်၊ ခပ်မြူးမြူးဂီတသံနဲ့ အတူ “တစိတ်တည်းလား” သီချင်းကို ဆိုလိုက်ချိန်မှာတော့ လက်ခုပ်သံတွေ ဆူလို့ညံလို့ ထွက်လာခဲ့သည်။ အသံပါဝါအားကောင်းကောင်းနှင့် တစိတ်တည်းလား သီချင်းကို ကိုမွန်းအောင် ဆိုနေချိန်မှာ စင်အောက်က သူ့ခေတ်၊ သူ့ပရိသတ်က ဂီတနှင့်အတူ မြူးလို့၊ ကြွလို့ လိုက်၍ဆိုကြသည်။
ကိုမွန်းအောင်ဆိုသည့် သီချင်းခေါင်းစဉ်တွေ ကျနော် အကုန်မမှတ်မိ။ ၈/၈၂ အင်းလျား စီးရီးထဲက သီချင်းတွေ သူဆိုသည်။ စီးရီးခေါင်းစဉ် သီချင်း ၈/၈၂ အင်းလျားကို ဆိိုတော့မယ့် အချိန်မှာ ကိုမွန်းအောင်ဟာ ဟိုးလွန်ခဲ့တဲ့ ၃၃ နှစ်၊ သူ့ရဲ့ တက္ကသိုလ် ကျောင်းသားဘဝကို ပြန်ရောက်သွားသည့် ဟန်နှင့် ပြန်လည် နုပျိုနေသလို၊ ပြန်လည် လွမ်းဆွေးနေသလို။ သူစကားတခွန်း ပြောလိုက်သေးသည်။ “ဟိုးလွန်ခဲ့တဲ့ ၃၃ နှစ်သို့” တဲ့။
ဂီတသံ ငြိမ့်ငြိမ့်နှင့် အတူ သီချင်းသံလွင့်လာတော့ ကျနော်လိုက်ဆိုမိသည်။
“မိုးငွေကြယ်ကလေး … ပြူထွက်ခဲ့သလို .. အဆောင်သူလေးရဲ့အရိပ်ကိုတွေ့ရင် … သီဆိုနေမယ်မင်းဖို့သီချင်းတွေ … တညလုံးပဲအင်းလျားလမ်းမပေါ်မှာလေ …”
ဒီသီချင်း ထွက်တဲ့အချိန်မှာ ကျနော်က အသက် ၃ နှစ်ပဲ ရှိသေးတဲ့အရွယ်။ ဒါပေမယ့် သီချင်းကို ကျနော် ကောင်းကောင်းကြီး ကြားဖူး၊ နားထောင်ဖူးသည်။ ကိုယ်ကိုယ်တိုင်လည်း ကျောင်းသားဘဝ အဆောင်ရှေ့တွေမှာ တီးခတ်သီဆိုခဲ့ဖူးသည် ဆိုတော့ ကိုမွန်းအောင်နှင့်အတူ စီးမျောနိုင်သည်။ ပရိသတ်တွေဘက် တချက် ဝေ့ကြည့်လိုက်တော့ သက်ကြီးတန်းတွေက လက်တွေဝေ့ရင်း ယိမ်းနွဲ့နေတာ တွေ့ရသည်။
ကိုမွန်းအောင်က စင်ပေါ်မှာပဲမများ၊ ရှေ့မှာချထားသည့် ရေဘူးထဲက ရေကို မော့သောက်လိုက်၊ လက်ကိုင်ပုဝါကို သုတ်လိုက်၊ ဘောင်းဘီအိတ်ထဲ ပြန်ထည့်လိုက်၊ လက်ကလေး အသာဝေ့လို့ ဆိုလိုက်၊ သီချင်းတပုဒ် ပြီးသွားတိုင်း ကျေးဇူးတင်ပါတယ်ခင်ဗျလို့ ယဉ်ယဉ်ကျေးကျေး ပြောလိုက်နှင့် သီချင်းတွေ ဆက်တိုက်ဆိုသည်။ သီချင်းတွေက အနုတွေသာ ဆက်တိုက် လာနေသည်။
“လွမ်းရတဲ့ညတွေ လွန်ပါစေ” တို့ “ယု” တို့ ဆက်တိုက်ဆိုသည်။ အောက်က ပရိသတ်ထဲက အသံတွေ ထွက်လာသည်။ “သွေးမုန်တိုင်း” “သွေးမုန်တိုင်း” လို့ စင်အောက်က မကြာမကြာ သီချင်းတောင်းသံ ထွက်ပေါ်နေသည်။
အဲဒီနေ့ကမတ်လ ၁၀ ရက်နေ့၊ လက်ပံတန်းမှာ ဒီမိုကရေစီ ပညာရေးအတွက် သပိတ်မှောက်ဆန္ဒပြနေသည့် ကျောင်းသားများကို အကြမ်းဖက် ဖြိုခွင်းကာဖမ်းဆီးသည့်နေ့ …။ ကျနော်ကိုယ်တိုင် သတင်းသမားတဦးအဖြစ် လက်ပံတန်းအထိ သွားရောက် သတင်းယူရသူ မဟုတ်သော်လည်း ကွင်းဆင်း သတင်းသွားယူသူ ရောင်းရင်း သတင်းသမားများ ပေးပို့သည့် ပုံများ၊ သတင်းများကို ထိုင်ကြည့်၊ ထိုင်နားထောင်ခဲ့ရသူ။ လက်ပံတန်းအဖြစ် အပျက်ကြောင့် စတိတ်ရှိုးပွဲသွားဖို့ ဝန်လေးနေသော်လည်း တာဝန်အရ မဖြစ်မနေ ရောက်လာခဲ့ရသူ။ ကိုမွန်းအောင် သည်လည်း တော်လှန်ရေး သီချင်းသည်။ သူ့ကို ပရိသတ် တောင်းဆိုနေသည့် သွေးမုန်တိုင်းသီချင်းဆိုမဆို ကျနော် စိတ်ဝင်စားနေမိသည်။
မကြာလိုက်ပါ။
“ဒီတခါ ကျနော်ဆိုမှာကတော့ သွေးမုန်တိုင်းသီချင်းပါ” လို့ ကိုမွန်းအောင် စင်ပေါ်ကနေ ပြောလိုက်သည်။ အောက်က ပရိသတ်၏ အားပေးအော်ဟစ်သံက စီကနဲ ညံထွက်လာသည်။
“ဒီသီချင်းကို စာသားအနေနဲ့ ကိုမင်းကိုနိုင်က ရေးဖွဲ့ခဲ့တာဖြစ်ပြီး သံစဉ်ကို ကိုရဲနည်က ဖြည့်ထားပါတယ်” လို့ သီချင်းစမဆိုခင်မှာ ကိုမွန်းအောင်က ပြောလိုက်သည်။ ခပ်ဆတ်ဆတ်ဂီတသံဖြင့် သွေးမုန်တိုင်း သီချင်းစတော့ စာသားတွေက ရင်ထဲကိုစိမ့်၍ထိသည်။
“လမ်းမထက် ကျတဲ့သွေးတွေ ပျောက်ပျက်ခါသွားပြီ မထင်နဲ့လေ …ချောင်းထဲမှမြစ်သို့ စီးဝင် သွေးမြစ်တွေရဲရဲနီသတဲ့လေ”
“ဟောင်းနွမ်းတဲ့အဆောက်အဦတွေဖြိုဖျက်ပစ်ဖို့” … “ဖောက်ပြန်တဲ့လူတန်းစားတွေတိုက်စားပစ်ဖု့ိ”
“သွေးမုန်တိုင်း တိုက်ခတ်လေပြီ”
ရဲရင့်သည့် ကျောင်းသားခေါင်းဆောင် တယောက်၏စာသား၊ အရေးအခင်းများနှင့် တော်လှန်ရေးကို ဖြတ်သန်းခဲ့သူ တဦး၏ သံစဉ်နှင့် တော်လှန်ရေး အဆိုတော်တယောက်ရဲ့သီဆိုဟန် အသံ၊ စုပေါင်းဖွဲ့စည်းမှု သီချင်းက မာန်အပြည့် ပါလွန်းလှသည်။ သီချင်းပြီးတော့ ပရိသတ်ရဲ့အားပေးမှုက တခဲနက်။ သွေးမုန်တိုင်း ထပ်မံတိုက်ခတ်လိုက်သည့် နေ့တွင် ကိုမွန်းအောင်၏ သီချင်းက အံဝင်ခွင်ကျ ဖြစ်လွန်းနေသည်။
ပွဲကပိုမြိုင်လာသည်။ ဒါပေမယ့် ကိုမွန်းအောင်က အငြိမ်တလှည့်၊ အဆွေးတလှည့်၊ အမြိုင်တလှည့်၊ အတက်အကျနှင့် သီချင်းတွေကို ဖျော်ဖြေသည်။
“ရင်ခတ်အလွမ်း” တို့ “ရိုးရိုးလေးသာဝတ်ခဲ့ပါ”တို့ဆိုသည်။နောက်တော့ “မိုးလုံးမှိုင်း” “ဝတ်မှုံ” ဆက်တိုက်ဆိုသည်။ သီချင်းတွေက ကိုမွန်းအောင်၏ အောင်မြင်ခဲ့သည့်သီချင်းများ။
ဒီသီချင်းတွေ ကိုမွန်းအောင်ဆိုတာကို အခုလိုစစ်စစ်ကြီး နားထောင်းရင်း ပြန်တွေးမိတာက ကျနော်တို့လို အသက် ၃၀ တန်း အရွယ်တွေတောင် သူ့သီချင်းတွေကို ကောင်းကောင်း မသိခဲ့ဘဲ ပြန်ဆိုတေးများ အဖြစ်သာ သိခဲ့ရ၊ နားထောင် ခဲ့ရတယ် ဆိုတာပါပဲ။
သူ့သီချင်းတွေကို ကိုခင်မောင်တိုး ပြန်ဆိုတာကိုပဲ ကျနော်တို့ နားထောင်ကြီးပြင်းခဲ့ရပြီး အခုမှ ကိုမွန်းအောင် သီချင်းကို သူကိုယ်တိုင် ဆိုနေတာ နားထောင်ရတော့ အရသာက ပြောရခက်သည်။
ကိုခင်မောင်တိုးပြန်ဆိုတာနားထောင်ခဲ့ဖူး၊ ကြားဖူးခဲ့တော့သူ့သီချင်းတွေ လိုက်ဆိုရင်း စီးမျော၊ ပွဲကအရှိန်ကလည်းကောင်း၊ ပွဲကို ၂ ပိုင်းခွဲပြီး လုပ်တာမို့ ဒုတိယပိုင်းမှာ ပွဲကပိုမြိုင်လာသည်ဟု ပြောရမည်။
ဒုတိယပိုင်းမှာ ကိုမွန်းအောင်က ခပ်မြိုင်မြိုင်နှင့် တက်ကြွသည့် သီချင်းများဆိုသည်။
“အရေးကြီးပြီ” သီချင်းကို စဆိုသည့် အချိန်မှာတော့ အောက်ကပရိသတ်တွေထဲက တချို့မတ်တပ်ရပ်ရင်း သံပြိုင်လိုက်ဆိုကြသည်။ သီချင်းသံကလည်း မြူးလို့ကြွလို့၊ ပရိသတ်၊ သီချင်း၊ ကိုမွန်းအောင် အားလုံး တသားတည်းကျသည့် အချိန်ဟုပင် ပြောလို့ရမည်ထင်သည်။
“အရေးကြီးပြီညီနောင်အပေါင်းတို့ … သွေးစည်းကာညီစေညီကြစို့ … ငါတို့ရဲ့သမိုင်းတခေတ်ကိုငါတို့သွေးနဲ့ရေးခဲ့ပြီ …သွေးသစ္စာလည်းပြုခဲ့သည်။နိုင်ငံတော်အတွက်ဆို… အသက်ကိုလည်းဘာမထီ… သေပါစေ ခွပ်ဒေါင်းသွေး… ရဲရဲရှေ့ရှေ့ကိုချီ” …
သီချင်းကမာန်ဟုန်ပါလွန်းလှတော့ ပြီးဆုံးလို့ ပြီးဆုံးမှန်းပင်မသိလိုက်။ ကိုမွန်းအောင် နောက်ထပ် ဆိုသည့်သီချင်းက “ပျံသာပျံပါခွပ်ဒေါင်းနီ” ဖြစ်သည်။
ပရိသတ်က အရှိန်မြင့်သည်ထက်မြင့်၊ စင်ပေါ်က တော်လှန်ရေး အဆိုတော်ကြီးက အသံပါဝါ ကောင်းသထက်ကောင်း၊ ရန်ကုန်ရဲ့ညဟာ အမျိုးသားကဇာတ်ရုံထဲမှာတော့ မာန်ဟုန်တွေအပြည့်နဲ့ စီးမျောလို့နေသည်။ လက်ပံတန်းတွင် လဲပြိုခဲ့သည့် ခွပ်ဒေါင်းမျိုးဆက်သစ် ကလေးများ အကြောင်း ကိုမွန်းအောင် သိထားသောကြောင့် ဖြစ်မည်ဟုကျနော် ထင်မိသည်။
စီးမျောမှုတွေကရှိုးပွဲသိမ်းတော့မည့် အချိန်အထိ အရှိန်မသတ်ချင်ကြသေး။ ပရိသတ်ကသီချင်းများ ထပ်မံ တောင်းဆိုနေကြ သေးသည်။ စင်အောက်ကနေ “လူငယ်ခြေကျ” သီချင်းကိုဆိုပေးဖို့တောင်းဆိုနေကြတုန်း။ ဒါပေမယ့်ကိုမွန်းအောင်ကသူ့ရဲ့“ငြိမ်းချမ်းရေးတိုက်ပွဲ” ကိုသီဆိိုသည်။ မသီဆိုခင်သူ စကားတခွန်း ပြောလိုက်သေးသည်။ “ငြိမ်းချမ်းရေးအတွက် တိုက်ပွဲတွေရှိနေတယ်” ဟုပြောကာသီချင်းစဆိုသည်။
နောက်ဆုံးမှာတော့ ကချင်ပြည်နယ်မြစ်ကြီးနားဇာတိဖြစ်သည့်ကိုမွန်းအောင်၏ အိမ်ပြန်ချင်သည့် စိတ်နှင့်အတူ ရေးစပ်ခဲ့သည်ဟု ဆိုနိုင်မည့် သီချင်းတပုဒ်ကို သီဆိုလိုက်သည်။ ပြည်ပတွင် နှစ်ပေါင်းများစွာ နေထိုင်နေရသူ ကိုမွန်းအောင်က ဒီသီချင်းကို မြန်မာပြည်နှင့် အလွန်ဝေးကွာသည့်အရပ် နော်ဝေနိုင်ငံတွင် ရေးစပ်ခဲ့ခြင်း ဖြစ်သည်။
ဒီသီချင်းကတော့အသစ်တပုဒ်ဖြစ်ပြီးခါခါဘိုရာဇီတောင်ကြီးကိုသူပြန်လာမယ် ဆိုသည့်အကြောင်း အဓိပ္ပာယ်အပြည့်နှင့် ရေးစပ်ထားသည့်သီချင်း။ သီချင်း၏သံစဉ်ထဲက ခေါ်ညည်းသံထဲမှာ “ခါခါဘိုရေ” “ခါခါဘိုရေ” ဆိုသည့် အသံက သူနေထိုင်ရာ နော်ဝေနိုင်ငံကနေ ညည်းတွားရေးစပ် ထားသော်လည်း အခုတော့ ရန်ကုန်၏တနေရာမှာ သူချစ်တဲ့ ပရိသတ်နဲ့အတူ ရှိနေနိုင်ပြီ။ သူအိမ်ပြန်ရဦးမည် ဟုလည်း တော်လှန်ရေး သီချင်းသည်ကြီးက ကြည်နူးရွှင်ပျသည့် အပြုံးများနှင့် ပြောသွားခဲ့သည်။
ထိုပွဲအတွက် တချို့သောပရိသတ်များ၏ ဝေဖန်သံများလူမှုကွန်ရက်စာမျက်နှာထက်တွင် တွေ့ရသည်။ တချို့လည်း လက်ပံတန်း ကျောင်းသားဖမ်းပွဲ ဖြစ်သည့်နေ့တွင် ကျင်းပသည့် ရှိုးပွဲကိုမသွားဘဲ ဆန္ဒပြကြသည်။ တချို့က ဝတ်မှုံကူးတဲ့ညဟု အမည်ပေးထားသည့် ကိုမွန်းအောင်ပွဲလက်မှတ်များကို မီးရှို့ထားသည့် ဓာတ်ပုံများ facebook စာမျက်နှာထက်တွင် တင်ထားသည်။
ကျနော် ပြန်သိရသလောက် မတ်လ ၁၀ ရက်နေ့ နေ့ခင်းက လက်ပံတန်းမြေပေါ် ကျခဲ့သည့် ခွပ်ဒေါင်းသွေးများ အကြောင်းကို ညရှိုးပွဲကျင်းပချိန်အထိ ကိုမွန်းအောင် အသေအချာ မသိရသေးဟုဆိုသည်။ သို့သော်လည်း သီချင်းသည်ကြီးက တာဝန်ကျေလွန်းပါသည်။ မတ်လ ၁၂ ရက်နေ့ကရန်ကုန် နာရေးကူညီမှု အသင်းရုံးချုပ်တွင် ကျင်းပသောကျောင်းသားများကိုအကြမ်းဖက် ဖမ်းစီးခြင်းအတွက်ကန့်ကွက်ရှုတ်ချပွဲသို့ သွားတက်ခဲ့ပြီးထိုပွဲတွင် “အရေးကြီးပြီ” သီချင်းကိုသီဆိုခဲ့ပါသည်။