တေးရေးဆရာများသည် တေးသီချင်းများ၏ မူပိုင်ခွင့်ပိုင်ရှင်များ ဖြစ်သည့်အတွက်ကြောင့် ၎င်းတို့နှင့် ပတ်သက်သည့် သီချင်းများကို မည်သည့် စီးပွားဖြစ် လုပ်ဆောင်မှု မျိုးတွင် မဆို တေးရေးဆရာများ၏ သဘောတူ ခွင့်ပြုချက် မရှိဘဲ သုံးစွဲပါက မူပိုင်ခွင့် ဥပဒေအရ အရေးယူသွားမည်ဟု Myanmar PRO (Myanmar Performance Rights Organization) အဖွဲ့က ကြေညာချက် ထုတ်ပြန်ထားသည်။
တေးသီချင်းများ၏ သံစဉ်ကိုဖြစ်စေ၊ စာသားကိုဖြစ်စေ၊ သံစဉ်နှင့် စာသား ၂ မျိုးစလုံးကိုဖြစ်စေ စင်တင်ဖျော်ဖြေခြင်း၊ ရုပ်သံ ထုတ်လွှင့်ခြင်း၊ Online ရောင်းဝယ်ဖြန့်ဖြူးခြင်း တယ်လီဖုန်း Ring Tunes နှင့် Ring Tone များအဖြစ် အသုံးပြုခြင်း၊ ကာရာအိုကေဆိုင်၌ အခကြေးငွေယူ၍ သုံးစွဲခြင်း၊ ရန်ပုံငွေပွဲ၊ သင်္ကြန်ဖျော်ဖြေပွဲ၊ ဇာတ်ပွဲ စသည်တို့တွင် အသုံးပြုခြင်းတို့ ပြုလုပ်လိုပါက Myanmar PRO အဖွဲ့၏ သဘောတူ ခွင့်ပြုချက် ရရှိပြီးမှသာ အသုံးပြုရန်နှင့် ပျက်ကွက်ပါက တည်ဆဲ ဥပဒေများအရ အရေးယူသွားမည်ဖြစ်ကြောင်း မတ်လ ၂၅ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ကြေညာထားခြင်း ဖြစ်သည်။
မူပိုင်ခွင့် ဥပဒေသည် မြန်မာနိုင်ငံတွင် အင်္ဂလိပ်ခေတ်ကတည်းက ရှိခဲ့သော်လည်း ထိထိရောက်ရောက် အသုံးမချခြင်းသာ ဖြစ်ကြောင်း၊ ယခုလက်ရှိတွင် FM ရေဒီယိုများ၊ တီဗီအစီအစဉ်များနှင့် အဆိုတော်များထံမှ မူပိုင်ခွင့်အတွက် ခံစားခွင့်ကို အပြည့်အဝ မရရှိနိုင်သေးသော်လည်း စနစ်တခု ချမှတ်၍ သတ်သတ်မှတ်မှတ် လုပ်ဆောင်ပါက ဖြည်းဖြည်းချင်း အဆင်ပြေလာနိုင်သည်ဟုလည်း Myanmar PRO အဖွ့ဲ၏ ဒုဥက္ကဋ္ဌဖြစ်သူ တေးရေး မြင့်မိုးအောင်က ဧရာဝတီသို့ ပြောသည်။
“မူပိုင်ခွင့်ကို မဖောက်ဖျက်ချင်တဲ့ သူတွေကတော့ ပေးမှာပေါ့။ နဂိုတုန်းက စနစ်မရှိကြတော့ မပေးကြဘူး။ တောင်းတဲ့ သူလည်း မရှိသလို ဖြစ်ခဲ့တာကိုး။ အခုကတော့ မူပိုင်ခွင့် ပိုင်ရှင်က သူ့ရဲ့ဟာကို တောင်းပြီဆိုတော့ ပေးတဲ့သူတွေကလည်း စနစ်တကျ ပေးဖို့ ရည်ရွယ်သွားပြီ။ စနစ်တကျ ပေးချင်ကြတဲ့သူတွေဘက်က ရည်ရွယ်တယ်ဆိုရင်တော့ ဒါတွေက လိုက်ပြီးတော့ ကြည့်စရာ၊ ပြုစရာတောင် လိုချင်မှ လိုတော့မှာပါ” ဟု သူက ဆိုသည်။
Myanmar PRO အဖွဲ့က မူပိုင်ခွင့်အတွက် အပ်နှင်းထားသော Law Office of WYNN & WIN မှ တရားလွှတ်တော် ရှေ့နေ ဦးတင်မောင်ဝင်းက မူပိုင်ခွင့် ဥပဒေသည် ယနေ့အထိ အတည်ဖြစ်သော ဥပဒေတရပ်ဖြစ်သည့်အတွက် မူပိုင်ခွင့် ချိုးဖောက်ခံရသူဘက်မှ တောင်းဆိုပါက ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ကြောင်း ရှင်းပြသည်။
“တို့မြန်မာလူမျိုးတွေကလည်း ပြီးပြီးသား ပြီးပါစေတော့ ဆိုပြီး မလုပ်ဘဲ ထိုင်နေကြတယ်။ တရားရုံး သွားရမှာ ကြောက်တယ်။ အမှန်တရားကို ထွက်ဆိုရမှာ ကြောက်တယ်။ ဒါတွေရှိတယ်။ အဲဒါကြောင့်မို့လို့ တော်ရုံတန်ရုံ ကိစ္စတွေဟာ ပွဲပြီးမီးသေ ဖြစ်ကုန်ကြတယ်။ တိတိကျကျ ဥပဒေအတိုင်း အကောင်အထည်ဖော်ပြီး လုပ်ကြမယ်ဆိုရင် ဥပဒေ လမ်းကြောင်းအတိုင်း သွားရမှာပဲ။ ဥပဒေက သူ့ဟာသူ ရှိပြီးသားပါ” ဟု ရှေ့နေ ဦးတင်မောင်ဝင်းက ဧရာဝတီသို့ ပြောသည်။
တေးရေးဆရာများ၏ ခွင့်ပြုချက် မရှိဘဲ တေးသီချင်းများကို စီးပွားဖြစ် အသုံးပြုပါက ချိုးဖောက်ခံရသူ၏ ဆန္ဒအလျောက် အသုံးပြုမှုပေါ် မူတည်၍ လျော်ကြေးတောင်းပိုင်ခွင့် ရှိကြောင်းလည်း သူက ဖြည့်စွက် ပြောဆိုသည်။
“တဖက်က ဖောက်ဖျက်လိုက်တဲ့အတွက် သူ့မှာ ဘယ်လောက်နစ်နာသွားသလဲ။ နစ်နာသွားတဲ့ဟာရဲ့ နှစ်ဆတို့ သုံးဆတို့ တောင်းခွင့်ရှိတယ်။ ပေးတယ်၊ မပေးဘူးဆိုတာကတော့ တရားရုံးရဲ့ ဆင်ခြင်တုံတရားနဲ့ ဆိုင်တာပေါ့” ဟု ဦးတင်မောင်ဝင်း က ပြောသည်။
Myanmar PRO အဖွဲ့၏ ကြေညာချက်ကို တေးရေး ညီညီသွင်၏ Facebook စာမျက်နှာတွင် တင်ထားရာ ကော်ပီသီချင်း ရေးသူများ အနေဖြင့် ဤသို့ ကြေညာချက် မထုတ်သင့်ကြောင်း ဝေဖန်သူများလည်း ရှိသည်။
နိုင်ငံတကာ သီချင်းများကို ကော်ပီရေးသည်ဟု ဆိုသော်လည်း အားထုတ်မှု မသေးကြောင်း၊ စကားလုံးများကို ဘာသာပြန်ရသည်များ ရှိသကဲ့သို့၊ မူရင်းအနုပညာ မပျက်စီးအောင် ပြန်လည်ရေးသားရ ခြင်းများလည်း ရှိကြောင်း တေးရေးသုခမိန်လှိုင်က ပြောသည်။
“စစ်နဲ့ ငြိမ်းချမ်းရေးကို စာရေးဆရာ မြသန်းတင့်က ဘာသာပြန်တာပါ ဆိုပြီး ထုတ်ချင်သလို ထုတ်၊ ကူးချင်တိုင်း ကူးခွင့် ရှိသလား။ စာရေးဆရာကြီးတွေ ဖြစ်တဲ့ ဆရာမြသန်းတင့်တို့၊ ဆရာကြီး ရွှေဥဒေါင်းတို့လို လူကြီးတွေက ဘာသာပြန်လို့ ကျနော်တို့ နိုင်ငံတကာ စာပေတွေနဲ့ ရင်းနှီးခွင့်ရခဲ့တယ်။ ဒါတွေက ဘာသာပြန်တာပါကွာ ဆိုပြီး သုံးချင်တဲ့ နေရာမှာ သုံးခွင့်မရှိဘူးလေ။ အဲဒီလိုပဲ ကျနော်တို့ သီချင်းရေးတဲ့ သူတွေမှာလည်း အားထုတ်မှုတွေ ရှိတယ်” ဟု သူက ဆိုသည်။
သင်္ကြန်ဖျော်ဖြေပွဲများ၊ ဇာတ်ပွဲများ၊ စီးပွားဖြစ် ဖွင့်ထားသော ကာရာအိုကေဆိုများ၊ စင်တင် ပါရှိသော အရက်ဆိုင်များ အစရှိသည်တို့တွင် နာမည်ကြီး အဆိုတော်များ၏ သီချင်းများကို နှစ်ပေါင်းများစွာ အသုံးပြုနေသော်လည်း သီဆိုသူနှင့် တီးခတ်သူတို့သာ ငွေကြေးများ ရရှိ၍ တေးရေးများက ခံစားခွင့် မရရှိပေ။
ယခုကဲ့သို့ တေးရေးများစုပေါင်း၍ ကြေညာချက် ထုတ်ပြန်လိုက်ခြင်းအားဖြင့် ခံစားခွင့် ငွေကြေး တစုံတရာ ရသည်၊ မရသည်ထက် အဟန့်အတား တခု ဖြစ်လာနိုင်ပြီး တေးရေးများ၏ အခန်းကဏ္ဍကို အသိအမှတ်ပြုရကောင်းမှန်း သိလာနိုင်ကြောင်း၊ ဉာဏမူပိုင်ခွင့် ဥပဒေ ခိုင်ခိုင်မာမာ ထွက်ပေါ်လာသည်အထိ စောင့်ဆိုင်းနေပါက တေးရေးဆရာများ၏ အခန်းကဏ္ဍ ဆက်လက်မှေးမှိန်နေမည် ဖြစ်ကြောင်း ပြောဆိုမှုများလည်း ရှိသည်။
Myanmar PRO အဖွဲ့ကို စောခူဆဲ၊ ဇဝါ၊ စိုင်းခမ်းလိတ်၊ စတုန်း၊ ထူးအိမ်သင်၊ ကေအေတီ၊ ရွှေဂျော်ဂျော်၊ မင်းချစ်သူ၊ ဝင်းမင်းထွေး၊ ညီညီသွင် အစရှိသည့် နာမည်ကြီး တေးရေးများအပါအဝင် ကော်ပီနှင့် ကိုယ်ပိုင်သံစဉ် တေးရေး အယောက် ၃၀ ဖြင့် ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းက ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယင်းအဖွဲ့အစည်းတွင် တေးရေး သုခမိန်လှိုင်က ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ တေးရေး မြင့်မိုးအောင်က ဒုဥက္ကဋ္ဌအဖြစ် လည်းကောင်း ပါဝင်ကြောင်း သိရှိရသည်။