လူရူးပေမယ့် ဘုန်းမရူးဘူး ဆိုတဲ့ ပါးစပ်ရာဇဝင်ထဲက မောင်ပေါက်ကျိုင်းဇာတ်လမ်းကို “အော်တိုဘုရင်” အမည်နဲ့ မြန်မာဟာသ ရုပ်ရှင် ဇာတ်ကားကြီးအဖြစ် ဒါရိုက်တာ ညီညီထွန်းလွင်က စတင် အသက်သွင်း ပုံဖော်နေပါပြီ
အဲဒီဇာတ်ကားကို Bo Bo Entertainment ကနေ စီစဉ်ရိုက်ကူးတာဖြစ်ပြီး ဇာတ်လမ်းကတော့ မောင်ပေါက်ကျိုင်း ဘုရင် ဖြစ်လာတဲ့အကြောင်းကို ဟာသဆန်ဆန် ရိုက်ကူးထားတာပါ။ ဇာတ်ညွှန်းကို မြင့်သန်းအောင်က ရေးပေးထားပါတယ်။ ဇာတ်ကားနာမည် အော်တိုဘုရင် ဆိုတာကိုတော့ မောင်ပေါက်ကျိုင်းနေရာမှာ သရုပ်ဆောင်ထားတဲ့ လူရွှင်တော် ဇာဂနာ ပေးထားတာလို့ သိရပါတယ်။
“အော်တိုဘုရင်လို့ နာမည်ပေးဖြစ်တာက သူက ဘုန်းကံပါလာတယ်လေ။ စာလည်း မတတ်ဘူး၊ ပညာလည်း မတတ်ဘူး။ အော်တို အလိုအလျောက်ကို ဘုရင်ဖြစ်ဖို့ ကံဇာတာက ပါပြီးသား၊ အဲဒါကြောင့် အဲဒီလိုပေးဖြစ်တာ” လို့ ဒါရိုက်တာ ညီညီထွန်းလွင်က ဧရာဝတီကို ပြောပါတယ်။
စစ်အစိုးရ လက်ထက်က ရုပ်ရှင်ဗီဒီယို ရိုက်ကူးခွင့်တွေ မကြာခဏ ပိတ်ပင်ခံရလေ့ ရှိတဲ့ လူရွှင်တော် ဇာဂနာ အနေနဲ့ ဒီဇာတ်ကားဟာ ပထမဆုံး ပြန်ရိုက်တဲ့ ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ပါတယ်။ ဒီဇာတ်ကားက ဟာသကို အသားပေးတဲ့ ဇာတ်ကား ဖြစ်ပြီး လက်ရှိနိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဟာသပြကွက်တွေလည်း ထည့်သွင်း ရိုက်ကူးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဇာတ်လမ်း အကျဉ်းကတော့ လူရူးပေမယ့် ဘုန်းမရူးတဲ့ မောင်ပေါက်ကျိုင်းဇာတ် ဖြစ်ကြောင်း၊ မောင်ပေါက်ကျိုင်း ဇာတ် ဆိုတဲ့အတိုင်း ရာဇဝင်အူပေါက် ဖြစ်ကြောင်း၊ ရာဇဝင်အူပေါက်တို့ရဲ့ ထုံးစံအတိုင်း ပါးစပ်ရာဇဝင် ဖြစ်တဲ့အကြောင်း ဒါရိုက်တာ ညီညီထွန်းလွင်က ဆိုပါတယ်။
“သူက ပညာမတတ်၊ ဘာမတတ်ပေမယ့် ဘုရင်ဖြစ်တယ်၊ ဘုန်းကံရှိတယ်ပေါ့ဗျာ။ ဒိသာပါမောက္ခကြီးဆီမှာ သုံးနှစ်သုံးမိုး ပညာ သင်တာတောင် စကားကြီးသုံးခွန်းပဲ တတ်တယ် ဆိုတော့လေ။ ပြီးတော့ အရင်ဘဝဘဝ တွေတုန်းကလည်း သူက အဲဒီလိုပဲ ဘဝအဆက်ဆက်မှာ ဘုရင်ဖြစ်လာတာ။ သူက အဲဒီလို ထင်ရာတွေလုပ်တာ၊ တဇွတ်ထိုးတွေ လုပ်တာ။ ကျနော်တို့က အဲဒါကို ဟာသအနေနဲ့ ရိုက်တာပါ” လို့ ညီညီထွန်းလွင်က ဆက်ပြောပါတယ်။
ဇာတ်လမ်းမှာ သရုပ်ဆောင်မယ့် သူတွေကတော့ နဂါးမင်းသားနေရာမှာ ကျော်ကျော်ဗို၊ မိဖုရားကြီးနေရာမှာ အိချောပိုနဲ့ တခြား မူးမတ်နေရာတွေမှာ မေတ္တာ၊ မန်းဝင်း၊ သီးလေးသီး၊ ငှက်ပျော်ကြော်၊ ကံပွင့်၊ ငြိမ်းချမ်း စတဲ့ ဟာသသရုပ်ဆောင် လူရွှင်တော် ၂၄ ယောက် ပါဝင်သရုပ်ဆောင်သွားမှာလို့ သိရပါတယ်။
ဒီဇာတ်ကားကိုတော့ နေပြည်တော်နဲ့ ပြင်ဦးလွင်မှာ ရိုက်ကူးသွားမှာဖြစ်ပြီး အခုလောလောဆယ်မှာတော့ နေပြည်တော်မှာ ရိုက်ကူးလျက်ရှိပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်တဲ့အတွက် ရိုက်ကူးရက် ၁၅ ရက်၊ ရက် ၂၀ လောက် ကြာမြင့် ရိုက်ကူးသွားမှာ ဖြစ်ပြီး လက်ရှိ နေပြည်တော်မှာ ရိုက်ကူးနေတဲ့ ဇာတ်ဝင်ခန်းတွေ ပြီးသွားရင် ပြင်ဦးလွင်ဘက်မှာ သွားပြီး ဆက်ရိုက်ဖို့ရှိတယ်လို့လည်း သိရပါတယ်။
ဒါရိုက်တာ ညီညီထွန်းလွင်က “ဇာတ်လမ်းကတော့ မောင်ပေါက်ကျိုင်း ခေတ်ပဲ။ ဒါပေမယ့် အရင်ဘဝဆိုပြီး ဘုရင်တပါး အကြောင်းလည်း ပါသေးတယ်။ အဲဒီဘုရင်ကလည်း သွက်သွက်ခါအောင် ရူးနေတယ်ဆိုတဲ့ အကြောင်းကို ရိုက်ပြထားတယ်။ ဒီဇာတ်ကားက အဓိက Message ပေးချင်တာ ကတော့ လူရူးပေမယ့်၊ ဘုန်းမရူးဘူး၊ သူက ဘုရင်လည်း ဖြစ်နိုင်တယ်။ ပြီးတော့ ကျနော်တို့ မြန်မာ့ ရာဇဝင်ကို ကွန်ပျူတာစနစ်တွေသုံးပြီး ရိုက်ပြချင်တယ်။ အခက်အခဲတွေက ဒီဇာတ်ကားက ရိုက်ရတာ မလွယ်ဘူး။ ကွန်ပျူတာတွေနဲ့ သေချာပြန်လုပ်ရတာတွေရှိတယ်။ ရှေးခေတ်အဝတ်အစားတွေ၊ အသုံးအဆောင်တွေလည်း အများကြီး ပြင်ဆင်ရတယ်။ ရိုက်ရပြုရတာလည်း တခန်းတခန်း မလွယ်ဘူး” လို့ ဧရာဝတီကို ပြောပါတယ်။