၁၉၅၂ ခုနှစ်က ဆေးလိပ်ခုံတွေပိတ်တဲ့ ဥပုသ်နေ့မနက် ၉း၃၀ ကျနော်တို့ ပဲခူးမှာ စိန်ရုံက ရုပ်ရှင်အထူးပွဲပြလို့ ပြား ၅၀ တန်းဆေးလိပ်သမချောချောတွေကြား ကာလသား သူငယ်ချင်းတသိုက် သွားပွေလေ့ရှိတယ်။
ဂဲသြမေထရီထဲက သီအိုရမ်ကို ဟိုနားဖြတ် ရှေ့နောက်ဆက်ပြီး ခပ်တည်တည် ရွတ်နေကြတာကို ကျနော်တို့တတွေ အင်္ဂလိပ်လိုမွှတ်နေအောင် ပြောနေကြတယ်လို့ အထင်ကြီးကြမှာပဲလို့လည်း ဘဝင်မြင့်နေကြတယ်။ မြင့်သိန်းက ဆရာကြီး၊ မျက်နှာပိုးမသေတဲ့ ကျနော် နောက်နားကသာ နေရတယ်။
နောက်တနည်းက ရေးတတ်သလောက် ဗလာစာရွက်ပေါ် ရည်းစားစာရေးပြီး၊ စာရွက်ခေါက်လေးနဲ့ ဆေးလိပ်သမလေးတွေ ကြားပစ်ပေးလို့ ၊ ယူသွားရင်လည်း နာမည်မသိ၊ နောက်တခေါက် ပြန်မဆုံမိ၊ နှုတ်ခမ်းစူ ဆုတ်ဖြဲလိုက်လည်း ပျော်ပါဘိ။
အဲဒီမှာတင် ဝတ္ထုအဖတ်များတဲ့ ကျနော်က စကားလုံး အရွေးတော်၊ စာအရေးကောင်းသူအဖြစ် နေရာရလာတယ်။ ရုပ်ရှင်ရုံ အဝင် သို့မဟုတ် ရုပ်ရှင်အပြီး၊ စကားလိုက်ပြောဖို့ဆိုတာက ဝေလာဝေး၊ သတ္တိမရှိလို့ ရည်းစားစကားလိုက်ပြောဖို့ တွေးပင် မတွေးရဲ။
ရည်းစားစာပေးရေးသည်သာ အဓိကဖြစ်လာတော့ ကျနော်က ရည်းစားစာတစောင် တမတ်နဲ့ရောင်းမယ်၊ ကိုယ့်လက်ရေးနဲ့ ပြန်ကူးပြီး ကိုယ်ကြိုက်သူကိုပေးလို့ ကြေညာလိုက်တယ်။ ဈေးဦးဖောက်သူက အတန်းထဲက တင်ဝင်း။ မြင့်သိန်းကလည်း တစောင်ဝယ်မယ်လို့ ကတိပေးတာမို့ ဟန်ပြီ။ ၂စောင်ရောင်းရရင် ရုပ်ရှင်ဖိုးရမယ်။
ကျနော်တို့နေတာက အလွတ်ပညာသင်ကျောင်း၊ ရာဇဝင်သင်တဲ့ဆရာက ထူးထူးခြားခြားထုတ်ထားတဲ့ အမိန့်သတိရ ပေမယ့် ကျနော်တို့ စွန့်စားခန်းဝင်ရာ ရုပ်ရှင်ရုံ၊ ကျနော်တို့ပစ်မှတ်ထားရာ ဆေးလိပ်သမများကို ဆရာသိတာမှ မဟုတ်တာ။ ကျနော်တို့ရဲ့စားကျက်နဲ့ ကျနော့်ဈေးကွက် ဟန်ကျနေမှာ။ တင်ဝင်းအတွက် ရေးထားတဲ့စာပေးကာ၊ ရတဲ့တမတ် ကျနော် မုန့်ဝယ်စားလိုက်တယ်။
ရာဇဝင်သင်ဆရာ ထုတ်ထားတဲ့အမိန့်က ဒီလိုပါ။ အတန်းထဲမှာ ရည်းစားစာပေးလို့ အပေးခံရတဲ့ကျောင်းသူက တိုင်လာရင် ၁၀ ချက်ရိုက်မယ်တဲ့၊ ကျေနပ်လို့ မတိုင်ရင် အပြစ်မရှိဆိုတဲ့ သဘောမျိုး။
ကျနော်တို့ ၃ ယောက်က ငယ်ကြလို့ အတန်းထဲ ကျောင်းသူကြီးတွေကို စိတ်မဝင်စားဘူး။ သူတို့အတွဲတွေနဲ့ သူတို့မို့လည်း ကျနော်တို့ကို မလောက်လေးမလောက်စားလို့ သာ သဘောထားပုံရတယ်။
အတန်းထဲ ကျောင်းသူကျောင်းသား ၂၁ ယောက်ထဲ ကျောင်းသူ ခပ်ငယ်ငယ်ဆိုလို့ မတင်လှ တယောက်ပဲရှိတယ်။ ကျနော် တို့ ၃ ယောက်ကိုတော့ အတန်းထဲ ခပ်အေးအေးနေလို့ ဆရာက ချစ်တယ်။
ဘယ်သူ့ကိုမှ ဒုက္ခမပေးလို့ ကုပ်ကမြင်းတွေလို့ တွေးလည်းမတွေး ခေါ်လည်းမခေါ်။ တင်ဝင်းနဲ့မြင့်သိန်းတို့ ကျနော့်ကို ခပ်ဖယ်ဖယ် လုပ်နေကြတာကို ကျနော် သတိထားမိပေမယ့် အလေးမထားလိုက်ဘူး။ ခုတော့ ကျနော့်ခေါင်း မြွေပေါက်ပြီ။
မုန့်စားလွှတ်ပြီး ကျောင်းပြန်အတက် ရည်းစားစာပေးတာနဲ့ ပတ်သက်ပြီးအမိန့်ထုတ်ထားသူ ရာဇဝင်သင်တဲ့ ဆရာက အတန်းသားအားလုံး စုံပြီလားလို့စစ်ဆေးတယ်။ ဆရာ့မျက်နှာကလည်း ခါတိုင်းလို ရွှင်ရွှင်ပျပျမရှိလှ။ တခုခုတော့ အရေး ကြီးပြီမုချ။ အားလုံးနားထောင်ဆိုကာ ဆရာက သူ့လက်ထဲစာရွက်လေးကို ဖတ်ပြတယ်။
“မောင့်အသည်းထဲက ဖူးပွင့်လာတဲ့ အချစ်စစ်အချစ်မှန်ပါ နှမလေး၊ ဒါဘယ်သူ့ လက်ရေးလဲ” လို့မေးတော့ ကျနော် ထ ရပ် ရတယ်။ ခါတိုင်းလိုသာဆို အတန်းသားတွေက ရယ်ကြမှာ။ ကျနော့်ကို ဝိုင်းကြည့်နေကြပြီ။ “ ကျနော့်လက်ရေးပါ ဆရာ၊ ကျနော် ရေးတဲ့စာပါ” လို့ ခပ်မြန်မြန် ဝန်ခံလိုက်ရတယ်။
ဆရာ မမြင်အောင် ခိုးကြည့်လိုက်တော့ မတင်လှက ခေါင်းငုံ့ထားတာမို့ သူတိုင်တာ ဖြစ်လိမ့်မယ်လို့ ခန့်မှန်းရတယ်။ ကျနော့်ကို ဘာမှမပြောသေးဘဲ ဆရာက နာမည်ခေါ်လိုက်တော့ တင်ဝင်းလည်း ထရပ်ရတယ်။
ဆိုစမ်းပါဦးလို့ ဆရာက ပြောတော့ တင်ဝင်းက “ဝင်းအောင်ဆီက တမတ်နဲ့ ဝယ်ထားတဲ့စာပါ”လို့ ဖြေတယ်။ “ ဘာကွ၊ ရည်းစားစာ တစောင် တမတ်နဲ့ ဝယ်ရတယ် ဟုတ်လား ဝင်းအောင်၊ မင်းကျောင်းကို လာတာ ပညာရှာဖို့လား၊ ငွေရှာဖို့လား” လို့ ဆရာ က ကျနော်ဘက်ပြန်လှည့်လာတာနဲ့ “ အတန်းအပြင်ဘက်၊ ကျောင်းအပြင်ဘက်မှာ ကျနော်တို့ အပျော်လုပ်တဲ့ကိစ္စပါ၊ ခုလို ဖြစ်ရတာ ကျနော် လုံး၀ မသိပါဘူး” လို့ ဖြေလိုက်တယ်။
တင်ဝင်းက “ ဝင်းအောင်ပြောတဲ့အတိုင်း မှန်ပါတယ်၊ သူရေးတဲ့စာ ဖတ်ကြည့်တော့ သိပ်ကောင်းလွန်းလို့ နှမျောမိတယ်၊ ကျနော် သိပ်ချစ်နေတဲ့သူ့ကို ပေးရရင် ကောင်းမှာလို့ စဉ်းစားမိတယ်၊ ချစ်ရဲရင် သတ္တိရှိရမယ်ပြောပေမယ်လို့ ကျနော့် ပါးစပ်က ဖွင့်မပြောရဲဘူး”တဲ့။
“ ချစ်ရဲရင် သတ္တိရှိရမယ်လို့ ဝင်းအောင်က ပြောတာလား” ဆရာက မေးတော့ တင်ဝင်း က မဟုတ်ဘူး၊ ဘယ်သူက ပြောတာလဲလို့ မေးတော့လည်း ခေါင်းခါပြီး ဆက်ပြောတာက “ ဒီနေ့ကျောင်းလာတော့ သူရောက်နေတာ တွေ့တယ်၊ ကျနော့်မျက်စိထဲ ခါတိုင်းထက် ပိုလှနေတယ်၊ အဲဒါနဲ့ စွန့်စားပြီး၊ ရော့ နင့်အတွက် ဆိုပြီးပေးလိုက်တာပါ ”တဲ့။
တင်ဝင်းကို တတန်းလုံး ဂရုဏာသက်ကြပေလိမ့်မယ်။ လွတ်ပြီလို့ထင်ထားတဲ့ ကျနော့်ဘက် မြားဦးလှည့်လာပြန်ပြီ။ ကြည့်လေ ဆရာက “ ဒါ မင်းလက်ရေးလား” လို့မေးတော့ တင်ဝင်းကပဲ “ ကျနော့်လက်ရေးနဲ့ လှလှလေး ပြန်ကူးရေးချင်ပေမယ့် လို့ ကျောင်းသားတွေ လာနေကြတာနဲ့ မစောင့်နိုင်လို့ မအောင့်နိုင်လို့ ဒီတိုင်း သူ့ကိုပေးလိုက်ရတာပါ”လို့ ဝင်ပြောတယ်။
ဆရာက သူထုတ်ထားတဲ့အမိန့်နဲ့ ပတ်သက်ပြီး၊ အတန်းထဲ မဖြစ်သင့်တာ မဖြစ်စေချင်လို့ ရိုက်ရမယ့်အရွယ်တွေလည်း မဟုတ်၊ ပြဿနာတိုင်းမှာ အဖြေရှိတာမို့ သူ့လက်ထဲ ရောက်နေတဲ့စာကို တယောက်ယောက်က (မတင်လှကို ရည်ရွယ်တာ) ဒီစာပြန်ယူရင် ကိစ္စပြတ်မှာလို့ ပြောတယ်။ ဒါပေမယ့် လူရှေ့ ထွက်ယူလိုက်ရင် တရားခံဖြစ်မှာမို့ မယူရဲကြပါ။
ဆရာက ကျနော့်လက်ရေးဆိုပြီး ပြောလာတော့ လွတ်အောင်ရုန်းရင်း “ ကျနော်ရေးပေမယ့် ရောင်းလိုက်လို့ တင်ဝင်း စာဖြစ်သွားပါပြီ” လို့ပြောတော့
တင်ဝင်းကလည်း အလားတူ “ ကျနော်ကလည်း သူ့လက်ထဲ ထည့်လိုက်ပြီမို့ ကျနော့်စာမဟုတ်တော့ဘူး” လို့ ငြင်းတယ်။ မတင်လှကိုကျတော့ ဆရာက မမေးဘူး။
သူ့အမိန့်နဲ့သူ မိနေတော့ ဆရာက “ဘာဖြစ်လို့ ခက်နေကြတာလဲ၊ မနက်က ဆရာသင်တာ မှတ်မိတယ် မဟုတ်လား၊ လိုအပ်ရင် Constitution တောင် ပြင်လို့ရသေးတယ် ဆိုတာလေ” တတန်းလုံးငြိမ်နေကြတာ အပ်ကျသံပင် ကြားရလောက်တယ်။
ဆရာက “ပွဲဦးထွက်ဆိုတော့ ကြိမ်လုံးတွေ ဘာတွေ မရှိသေးဘူး၊ တယောက်ယောက် ဟေ့ မြင့်သိန်း မင်းပေတံ ပေးစမ်း၊ ဝင်းအောင်နဲ့ တင်ဝင်း မင်းတို့ ၂ ယောက်ထဲက တယောက်ထွက်ခဲ့” တဲ့။ နာမှာထက် ရှက်နေကြတာမို့ ကျနော်တို့ နှစ်ယောက်စလုံး ရပ်မြဲဆက်ရပ်နေကြပြီး၊ ဘယ်သူထွက်မလဲဆိုတာ တတန်းလုံး စောင့်ကြည့်နေကြတယ်။
Last chance လို့ ဆရာက အော်လိုက်တဲ့အခါ တင်ဝင်းက ကျနော့်ကိုတိုက်ကာ ရှေ့ထွက်သွားတာခေါင်းငုံ့ထားတဲ့ကြား မြင်လိုက်တဲ့ မတင်လှ မတ်တတ်ရပ်လာတယ်။ တင်ဝင်းကို ရိုက်ဖို့ ပေတံနဲ့ ရွယ်ထားတဲ့ဆရာက လက်ထဲက စာကို မတင်လှ လှမ်းပေးလိုက်တယ်။
မြင့်သိန်းက သူပေးထားတဲ့ ကတိမတည်လို့ ရည်းစားစာတစောင် တမတ်နဲ့ ကျနော့်အရောင်းဆိုင် ပိတ်လိုက်ရပြီ။ နောက် ၃ နှစ်ကျော်ကြတဲ့အခါ တင်ဝင်းနဲ့ အကြောင်းပါလို့ ပန်းလှိုင်အိမ်ရောက်နေတဲ့ မတင်လှက“ ဟဲ့ ဝင်းအောင်၊ နင် တမတ်နဲ့ မကျေနပ်သေးရင် ထမင်းလာစား” လို့နောက်သလိုလို၊ ငေါ့သလိုလို ဖိတ်ပေမယ့် ကျနော် မသွားဖြစ်။ ခု ၂၀၁၅ ခု၊ ၆၃ နှစ်ကြာလာပြီမို့ ဘယ်သူမှ မရှိကြတော့၊ ဆရာ့အရိုးလည်း ဆွေးရော့မယ်။
အရှက်ကွဲတော့မလိုလိုနဲ့ု ငိုကိန်းက လွတ်ခဲ့တဲ့ မနက်က စာသင်ရင်း ဆရာပြောသွားတဲ့ “ Constitution ဆိုတာ လူတွေက ဆွဲရတာ၊ နိုင်ငံအတွက် လူတွေအတွက် လိုအပ်ရင်၊ လူတွေကပဲ ပြင်ရတယ်” ဆိုတာ မှတ်မိနေဆဲ၊ ဆရာသင်တာက ဗြိတိသျှရာဇဝင်ပါ။ ဆရာ့စကားက ပဲ့တင်ထပ်နေဆဲ…။
(ဝင်းအောင်ကြီးသည် အမေရိကန်ပြည်ထောင်စုတွင် နေထိုင်နေသော ဝါရင့်စာနယ်ဇင်းသမားတဦးဖြစ်သည်)