Bo Bo Film Production မှ အဆိုတော် လွှမ်းပိုင်၊ ရဲရင့်အောင်တို့နှင့် အနုပညာရှင်များစွာ ရိုက်ကူး တင်ဆက်ထားတဲ့ ဗီဒီယိုဇာတ်ကားများ စာနယ်ဇင်း မိတ်ဆက်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၂၆ ရက်နေ့က ရန်ကုန်မြို့၊ ကန်တော်ကြီး Souvenir မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဆိုပါပွဲတွင် Bo Bo Film Production ရိုက်ကူးထားပြီး အဆိုတော် လွှမ်းပိုင်နှင့် ရဲရင့်အောင် တို့ ပါဝင် သရုပ်ဆောင်ထားသော ဇာတ်ကားများဖြစ်သည့် “67 Palaza” ၊ “Waiting For You” ၊ “ဂျာကင်အဟောင်းလေး”၊ “ကြူစီဂိမ်း (QC Game)” ၊ “ဟဲ့” စတဲ့ ဇာတ်ကား နမူနာများကို မိတ်ဆက် ပြသခဲ့ပါတယ်။
“67 Palaza” ဇာတ်ကားကို ဇာတ်လမ်း ၊ ဇာတ်ညွှန်း ၊ ဒါရိုက်တာအဖြစ် ဒါရိုက်တာ သည်ခေတ်နေမှ ရိုက်ကူး ပုံဖော်ထားပြီး “ဘယ်လိုအချစ်မျိုးလဲ” ထိုင်း-မြန်မာ ဇာတ်ကားထဲမှ ထိုင်းမင်းသမီး ကရဗီ (Korravee) နှင့် လွှမ်းပိုင်တို့ တွဲဖက် ပါဝင်သရုပ်ဆောင်ထားတဲ့ သည်းထိတ်ရင်ဖို သရဲကား တကားပဲ ဖြစ်ပါတယ်။
“Waiting For You” ဇာတ်ကားကို ဒါရိုက်တာ ဝင်းလွင်ထက် ရိုက်ကူးထားပြီး အဆိုတော် ရဲရင့်အောင်နဲ့ အတူ သရုပ်ဆောင် ထွန်းကိုကိုနဲ့ နန်းဆုဦးတို့ ပါဝင် သရုပ်ဆောင်ထားပါတယ်။
“ဂျာကင်အဟောင်းလေး” ဇာတ်ကားက လွှမ်းပိုင်ကိုယ်တိုင်ရေးသားထားတဲ့ ဇာတ်လမ်းဖြစ်ပြီး ဇာတ်ညွှန်း မိုးနီလွင်၊ ဒါရိုက်တာ အောင်ဇော်လင်း ရိုက်ကူးထားတဲ့ တက္ကသိုလ် အချစ်ဇာတ်လမ်း တပုဒ်ဖြစ်ကာ သရုပ်ဆောင်များအဖြစ် အဆိုတော် လွှမ်းပိုင်နဲ့အတူ သရုပ်ဆောင် သူရိယ၊ အလှမယ် ခင်ဝင့်ဝါတို့ ပါဝင်သရုပ်ဆောင် ထားပါတယ်။
“ကြူစီဂိမ်း (QC Game)” ဇာတ်ကားကို ဇာတ်လမ်း၊ ဇာတ်ညွှန်း မိုးနီလွင် ရေးသားထားပြီး ဒါရိုက်တာ အောင်ဇော်လင်း ရိုက်ကူးထားကာ အဆိုတော်ရဲရင့်အောင်နဲ့ အတူ မင်းသမီး အိချောပိုတို့ ပါဝင် သရုပ်ဆောင် ထားပါတယ်။
“ဟဲ့” ဗီဒီယိုဇာတ်ကားကတော့ ဇာတ်လမ်း မိုးစက်ဝိုင်၊ ဇာတ်ညွှန်း ဆူးခက်မင်း ရေးသားထားပြီး ဒါရိုက်တာ သားကြီးရိုက်ကူးကာ ရဲရင့်အောင်နဲ့ သဉ္ဇာနွယ်ဝင်းတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ လူငယ်ဟာသ ဖန်စီ အချစ်ဇာတ်လမ်းပဲ ဖြစ်ပါတယ်။
Bo Bo Film Production မှ ရုပ်ရှင်ဇာတ်ကားကြီးလည်း ရိုက်ကူးထားပြီး ယင်းဇာတ်ကားတွင် အဆိုတော် လွှမ်းပိုင်၊ ရဲရင့်အောင်တို့နဲ့အတူ ရုပ်ရှင်မင်းသမီး အကယ်ဒမီ ဖွေးဖွေး ပါဝင်သရုပ်ဆောင်ထားပါတယ်။ “ငါ့ကိုနမ်းတဲ့ မုန်တိုင်း” ရုပ်ရှင်ဇာတ်ကားကို ဝတ္ထု ညေး၊ ဇာတ်ညွှန်း မိုးနီလွင် ရေးသားထားပြီး ဒါရိုက်တာ အောင်ဇော်လင်းနှင့် ဝင်းလွင်ထက်တို့ ရိုက်ကူး ပုံဖော်ထားတယ်လို့ သိရပါတယ်။ ။