သရုပ်ဆောင် အဆိုတော် နန်းဆုရတီစိုးရဲ့ “ရှေ့ဆက်သွားမှာပဲ” တေးစီးရီး DVD ကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီ (၄) ရက် နေ့ မှာ ဖြန့်ချိပေးတော့မှာ ဖြစ်ပါတယ်။ ဒီစီးရီးက နန်းဆုရတီစိုးရဲ့ ဒုတိယမြောက် တေးစီးရီး ဖြစ်ပြီး အခု ထွက်ရှိ လာမယ့် တေးစီးရီးမှာ သီချင်းများကို သရုပ်ဆောင် မော်ဒယ်လ်များစွာနဲ့ အတူ နာမည်ကြီး ဒါရိုက်တာများစွာ ပါဝင် ရိုက်ကူး ပေးထားကြပါတယ်။ “ရှေ့ဆက်သွားမှာပဲ” တေးစီးရီး audio ထွက်ရှိထားတာ သုံးနှစ်နီးပါး ရှိပြီဖြစ်ပြီး DVD က ယခုမှ ထွက်ရှိလာတာ ဖြစ်ပါတယ်။
ဒါနဲ့ ပတ်သတ်လို့ နန်းဆုရတီစိုးက “ဒီအခွေက ကြန့်ကြာမှုတွေရှိခဲ့ပါတယ်။ အချိန်ပေးပြီးတော့ အခက်အခဲ တွေလည်း အများကြီးရှိခဲ့ပါတယ်။ အကောင်းဆုံးလုပ်ချင်လို့ ကိုယ်လုပ်နိုင်တဲ့ ဘောင်အတွင်းက ကိုယ်ဆို နိုင်တဲ့ အတိုင်းအတာတခုနဲ့ အကောင်းဆုံးကြိုးစားဖန်တီးထားပါတယ်။ တချို့ သီချင်းတွေဆိုရင် တနှစ် လောက် ကြာပြီးမှ ပြန်ရိုက်ရတာမျိုးတွေ ရှိပါတယ်။ တချို့သီချင်းတွေက မကြိုက်လို့ အစကနေ ပြန်ရိုက် ရတာတွေ ရှိပါတယ်။ ကိုယ်လိုချင်တဲ့ပုံစံတွေ မရလို့ စိတ်အနှောက်အယှက် ဖြစ်စရာတွေ ငိုစရာတွေ ဖြစ်ခဲ့ရတာတွေ အများကြီးရှိပါတယ်။ အခုလာမယ့်နှစ်သစ်မှာအခွေထုတ်ဖြစ်တာ ဒီနှစ်ကစပြီး နန်းဆု “ရှေ့ဆက်သွားမယ်” ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထုတ်ဖြစ်တာပါ”လို့ ပြောပြပါတယ်။
နန်းဆုရတီစိုး ရဲ့ “ရှေ့ဆက်သွားမှာပဲ” အခွေ DVD ထွက်ရှိနေ့မယ့် ဇန်နဝါရီ (၄) ရက်နေ့ မှာ လှည်းတန်းစိန်ဂေဟာမှာ ညနေ (၃) နာရီက စတင်ပြီး ပါဝင်တဲ့ အနုပညာရှင်များစွာ၊ အဆိုတော်များစွာက လာရောက် လက်မှတ် ရေးထိုး ပေးကြမှာ ဖြစ်ပါတယ်။ ပထမဆုံးလာရောက်ဝယ်ယူကြမယ့် ပရိသတ်အားလုံးကို ဦးထုတ် လက်ဆောင်များ ပေးသွားမှာ ဖြစ်ပါတယ်။