Trend

“ကာတွန်းဆရာမတွေ ပေါ်ထွက်လာစေချင်တယ်”

This article has been converted from Zawgyi One to Unicode

အခုကာတွန်း နှစ် ၁၀၀ ပြည့်ပွဲမှာ အငြိမ့်မင်းသမီးအနေနဲ့ ဝင်ကဖို့ကိုတော့ ဆရာဟန်က ညီမကို ဆက်သွယ်ခဲ့ပါတယ်။ ကာတွန်းဆရာမဆိုတာလည်း ရှားတော့ ရာပြည့်ပွဲမှာ ထူးထူးခြားခြားလေး ဖြစ်သွားအောင် ကပေးဖို့ အကူအညီတောင်းလာတာပါ။ လူရွှင်တော်လုပ်မယ့် ကာတွန်းဆရာတွေနဲ့ နဖူးတွေ့ဒူးတွေ့ကြုံရတော့လည်း အခက်အခဲမရှိပါဘူး။ ညီမကာတွန်းစရေးလာကတည်းက ဆရာတွေနဲ့ ရင်းရင်းနှီးနှီးနေခဲ့တယ်။ ဆရာတွေကလည်း ကိုယ့်သမီးလို၊ ကိုယ့်ညီမလို အမြဲတမ်းစောင့်ရှောက်ပေးပါတယ်။ ကာတွန်းရေးတဲ့နေရာမှာလည်း အကြံဉာဏ်ပေး ဆုံးမခဲ့ကြပါတယ်။

မြန်မာကာတွန်း နှစ် ၁၀၀ ပြည့်ပွဲကတော့ တသက်မှာ တခါတည်း ကြုံရတဲ့ပွဲလေးပါ။ နောက်ထပ် ကြုံရဖို့ဆိုတာ သိပ်မလွယ်ဘူး။ ပရိတ်သတ်တွေကလည်း ဝိုင်းဝန်းပြီးတော့ အားပေးစေချင်ပါတယ်။ ညီမတို့ ကာတွန်း မိသားစုတွေကလည်း တတ်နိုင်သလောက် ကြိုးစားပြီးတော့ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမှာပါ။

ပရိသတ်အနေနဲ့ကတော့ စာပေအနုပညာချစ်တဲ့ အသိုင်းအဝိုင်းကများများ ပိုလာမှာပေါ့နော်။ တခြားသူတွေလည်း သိစေချင်ပါတယ်။ ဒီပွဲလေးက အမျိုးသားရေးပွဲဆိုလည်း မမှားပါဘူး။ ၂၀၁၅ ကလည်းထူးထူးခြားခြားနှစ်ပါ။ ဗိုလ်ချုပ် နှစ်တရာပြည့်တို့၊ လူထုဒေါ်အမာတို့ အခု ကာတွန်းနှစ် ၁၀၀ ပြည့်ပွဲပေါ့နော်။ ဒီလိုထူးခြားတဲ့နှစ်မှာ ညီမတို့ရဲ့ ကာတွန်း နှစ် ၁၀၀ ပြည့်ပွဲကိုလည်း ပရိသတ်က အသိအမှတ်လေးပြုပြီးတော့ လာရောက်အားပေးစေချင်ပါတယ်။

လက်ရှိကတော့ Happy time ဂျာနယ်မှာ အိတုံဆိုတဲ့ ဇာတ်ကောင်လေးနဲ့ လစဉ် ကလေးရုပ်ပြလေး ရေးပါတယ်။ နောက်ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ထုတ်တဲ့ ကောင်းကင်သစ်မဂ္ဂဇင်းမှာ လစဉ်တလနှစ်ခါ ပင်တိုင်ရေးဖြစ်ပါတယ်။ တိရိစ္ဆာန်ဇာတ်ကောင်လေးတွေနဲ့ ကလေးပညာပေးလေးတွေလည်း ဂျာနယ် တော်တော်များများမှာရေးဖြစ်ပါတယ်။

ပညာရေးက အထက်တန်းပြီးကတည်းက နားထားပါတယ်။ ဝါသနာပါတာကိုပဲ လုပ်နေတာပေါ့။ ရည်ရွယ်ချက်ကတော့ ကာတွန်းဆရာမပါပဲ။ ဟိုးတုန်းက ဆရာမကြီးသက်စုကို အရမ်းအားကျတယ်။ ဆရာမကြီးလို မဖြစ်ခဲ့ရင်တောင်မှ ဒီလောကကို အဆက်အသွယ် မပြတ်အောင်လို့ ညီမတတ်နိုင်သလောက် ကြိုးစားပြီးတော့ ရေးသွားမှာပါ။

ကာတွန်းတွေလည်းအစုံဖတ်ပါတယ်။ ကိုယ်မမီလိုက်တဲ့ ကာတွန်းဆရာကြီးတွေကိုလည်း လေ့လာပါတယ်။ ဆရာကြီး ဦးဘကြည်တို့၊ နောက်ပြီး ဆရာကြီးဦးရွှေတလေးကတော့ ပထမဆုံးပေါ့။ အဲဒါကျတော့ ဟိုအရင်က ထွက်ခဲ့တဲ့ ရွှေသွေးဂျာနယ်လေးတွေကို ပြန်စုဆောင်းပြီးလေ့လာပါတယ်။

အမျိုးသမီးကာတွန်းဆရာကတော့ ဟိုးအရင်တည်းက ရှားတယ်ပေါ့နော်။ ခုလက်ရှိမှာရေးနေတာ နှစ်ယောက် သုံးယောက် လောက်တော့ ရှိပါတယ်။ ညီမကတော့ ငယ်ငယ်လေးကတည်းကဝါသနာပါတာပေါ့။ ကျောင်းပိတ်တာနဲ့ အရုပ်ကလေးတွေ ရေးခဲ့တယ်။

ကြီးလာတော့လည်း ကိုယ့်ရပ်ကွက်အနားမှာပဲ ဆရာကျောက်ဆူးတို့ ဆရာဝဏ္ဏအောင် တို့နဲ့တွေ့ခဲ့ပါတယ်။ သူတို့ကသင်ပေးခဲ့တယ်။ အဲဒီကနေ တဆင့်တဆင့် ကြိုးစားပြီး၊ ဝါသနာအရင်းခံပြီး ကာတွန်းကို ဆက်ရေးဖြစ်ခဲ့တာပါ။

ပန်းချီဆရာမတွေတော့ တော်တော်များများရှိနေပေမယ့် ကာတွန်းဆရာမတော့ ရှားနေတယ်ဆိုတာ ညီမစိတ်ထင်တော့ ကာတွန်းဆိုတာ ပုံရေးတတ်ရုံနဲ့ မရဘူးလေ။ အိုင်ဒီယာပိုင်းရော၊ နောက် ဇာတ်ကောင်လေး တွေ လှုပ်ရှားပြီးတော့ ပရိသတ်ကိုဆွဲဆောင်နိုင်ဖို့လည်းလိုသေးတယ်လေ။ နောက်ပြီးတော့ စာမူပို့ရတဲ့ ကိစ္စကလည်းရှိတယ်။ စာမူကလည်း တပတ်တခါ တလတခါလောက်တော့ ပို့ပေးရတဲ့အတွက် အဲဒါတွေကြောင့် အမျိုးသမီးကာတွန်းဆရာရှားနေတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ တော်တော်များများ ကာတွန်းကို စိတ်ဝင်စားလာကြပါတယ်။ ယောက်ျားလေးရော၊ မိန်းကလေးရောပေါ့နော်။ နောက်ထပ် ကာတွန်းကို စိတ်ဝင်စားတဲ့ မိန်းကလေးတွေ ရှိလာခဲ့ရင်လည်း ညီမတို့က လက်တွဲခေါ်မှာပါ။ မိန်းကလေး ကာတွန်းဆရာမတွေလည်း ပေါ်ထွန်းလာစေချင်ပါတယ်။

လူငယ်တွေကို ဘာပြောချင်လဲဆိုတော့ ငါပညာတတ်ကြီးဖြစ်မှ၊ ငါဘွဲ့ရတစ်ယောက်ဖြစ်မှဆိုတဲ့ စိတ်မျိုးတွေချည်းပဲ မထားစေချင်ဘူး။ ဘွဲ့ရပြီးရင် ဘာသင်တန်းတွေတက်မယ်၊ ဘယ်အလုပ်ရအောင် လုပ်မယ်ဆိုတာတွေကတော့ အခုခေတ်ကြီးထဲမှာရှိနေတာပဲလေ။ ဒါပေမယ့် အဲဒီလိုအရာတွေထက် ငါဘာဖြစ်ချင်လဲ၊ ငါဘာလုပ်နေရရင် ပျော်လဲဆိုတာကိုစဉ်းစားပြီးတော့ ကိုယ်ဝါသနာပါရာလေးကိုရအောင် လုပ်မယ်ဆိုတဲ့ စိတ်လေးနဲ့ ဆက်ပြီးတော့ သွားစေချင်ပါတယ်။

Loading