နာမည်ကျော် အနုပညာရှင်တဦး မဟုတ်သော်လည်း နိုင်ငံရေးခေါင်းဆောင် တဦးဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ(NLD) ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံကို အသားပေး ဖော်ပြထားတဲ့ ၂၀၁၆ ပြက္ခဒိန်ပုံတွေက ပြည်သူချစ် အနုပညာရှင်ပုံတွေထက် အရောင်းသွက် နေတယ်လို့ ပြက္ခဒိန်၊ ပိုစတာဈေးကွက်မှာ ရောင်းချနေသူတွေက ပြောပါတယ်။
ပြက္ခဒိန်၊ ပိုစတာ ဈေးကွက်မှာ ယခင်က အနုပညာရှင်တွေပုံ ပါဝင်တဲ့ပြက္ခဒိန်တွေဟာ ဆယ်စုနှစ် တစုမက နေရာယူ လူကြိုက် များခဲ့ပါတယ်။ ဒါကြောင့်လည်း ကြော်ငြာနဲ့ ရုပ်ရှင်လောကမှာ နာမည်ကြီး လူကြိုက်များတဲ့ မင်းသား၊ မင်းသမီး အများစုရဲ့ ပြက္ခဒိန်၊ ပိုစတာတွေဟာ ဈေးကွက်မှာ အရောင်းသွက်ခဲ့ပါတယ်။
၂၀၁၀ ခုနှစ် နေအိမ်အကျယ်ချုပ် ပြန်လည် လွတ်မြောက်ချိန်ကတည်းက ဒေါ်အောင်ဆန်းစုကြည် ပြက္ခဒိန်တွေရဲ့ ဈေးကွက် စတင်ခဲ့တာဖြစ်ပြီး တနှစ်ထက် တနှစ် ဈေးကွက်ပိုကျယ်ပြန့်လာခဲ့တာပါ။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီ အနိုင်ရရှိပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည် ပြက္ခဒိန် တွေ ဝယ်ယူမှု ပိုမို များပြားလာပြီး ဈေးကွက်မှာ အရောင်းရဆုံး ထိပ်တန်းပြက္ခဒိန်တခုဖြစ်လာနေပါတယ်။
NLD ပါတီ ဥက္ကဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဟောပြောပွဲမှ ဓာတ်ပုံများ၊ ခရီးမှတ်တမ်းများမှ ဓာတ်ပုံများနဲ့ လွှတ်တော်တွင်းမှပုံများ အစရှိတဲ့ ဓာတ်ပုံအမျိုးမျိုးကို NLD ပါတီ ကိုယ်တိုင်က ထုတ်ဝေ ရောင်းချသလို စီးပွားရေးသမား တွေကလည်း ပြက္ခဒိန် အနေနဲ့ ထုတ်ဝေရောင်းချခဲ့ရာမှာ ပြည်သူလူထုက သဘောကျ နှစ်ခြိုက်တာကြောင့် အနုပညာ ရှင်တွေ ပုံပါဝင်တဲ့ ပြက္ခဒိန်တွေထက် ပိုပြီးအရောင်းသွက်နေတယ်လို့ သိရပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ပုံ နဲ့ ရိုက်ထားတဲ့ ပုံတွေက ရောင်းရတယ်။ ပိုက်ဆံရှိတဲ့သူတွေ ပိုပြီးအဝယ်များတယ်။ ဘာလို့လဲဆိုတော့ အဲဒီပြက္ခဒိန်တွေက ဈေးကြီးတယ်လေ။ မင်းသားမင်းသမီးပုံ ပြက္ခဒိန်တွေကတော့ ဈေးနည်းတယ်”လို့ ဗိုလ်ချုပ်အောင်ဆန်း ယာယီဈေးမှာ ဖွင့်လှစ်ထားတဲ့ ငြိမ်းချမ်းရေး ပြက္ခဒိန်ဆိုင်ပိုင်ရှင်က ရှင်းပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ ပြက္ခဒိန်တွေဟာ စာရွက်အရည်အသွေး ကောင်းမွန်တာကြောင့် ဈေးနှုန်းအားဖြင့် ၁,၀၀၀ ကျပ်မှ ၆,၀၀၀ ကျပ်အထိ ရှိတယ်လို့ သိရပါတယ်။ အနုပညာရှင်တွေပုံ နဲ့ ပြက္ခဒိန်တွေကတော့ စာရွက်အရည်အသွေး ညံ့သလို ဈေးနှုန်းအားဖြင့် ၁၀၀ ကျပ် မှ ၃၀၀ ကျပ် ဝန်းကျင်သာ ရှိတယ်လို့ သိရပါတယ်။
အခုချိန် ဆင်ခြေဖုံးရပ်ကွက်က အိမ်တွေထဲကို ကြည့်လိုက်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ပုံ ပြက္ခဒိန်၊ ပိုစတာနဲ့ NLD အလံစတစ်ကာတွေက အနုပညာရှင်တွေရဲ့ ပုံတွေထက် ပိုပြီးနေရာယူနေတာကို တွေ့နေရပါပြီ။
အလားတူပဲ လူစည်ကားရာ လမ်းဆုံလမ်းမများ၊ ကားမှတ်တိုင်များနဲ့ မီးပွိုင့်တချို့မှာ “NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ ပြက္ခဒိန်တွေ ရမယ်”၊ “လူထုခေါင်းဆောင် အမေစုပုံ ပြက္ခဒိန်တွေ ရမယ်” ဆိုတဲ့ အသံတွေကို ပြက္ခဒိန် ၊ ပိုစတာတွေ ရောင်းချနေသူတွေဆီက ထွက်ပေါ်လာတဲ့ အသံတွေကို ကြားနေရပါတယ်။
ဝယ်သူစိတ်ဝင်စားအောင် အသံနဲ့ဆွဲဆောင် ရောင်းချနေတဲ့ ပြက္ခဒိန်အရောင်းဆိုင်မှာ အနုပညာရှင်တွေနဲ့ ရှုခင်းပုံတွေထက် ခွပ်ဒေါင်းအလံတွေ အနီရောင်တွေ အပြည့်နဲ့ ပြက္ခဒိန်တွေက လူထုကို အသံသာမက မြင်ကွင်းနဲ့ပါ ဆွဲဆောင်နေတာကို တွေ့မြင်နေရပါတယ်။
၂၀၁၆ ခုနှစ်အတွက် ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံပါတဲ့ ပြက္ခဒိန်တွေအပြင် လတ်တလောမှာ လူစိတ်ဝင်စားမှု အများဆုံး ဖြစ်လာတဲ့ ပြက္ခဒိန်အချို့ကတော့ မက်စ်ကုမ္ပဏီ က ၂၀၁၆ ခုနှစ်အတွက် ရိုက်ကူးထုတ်လိုက်တဲ့ ရေကူးဝတ်စုံနဲ့ ရိုက်ကူး ထားတဲ့ နာမည်ရှိမင်းသမီးတွေပုံ ပါဝင်တဲ့ ပြက္ခဒိန်နဲ့ Apache ဘိလပ်မြေ က ထုတ်လိုက်တဲ့ မော်ဒယ်လ် တွေရဲ့ လူရိုင်းပုံစံ ဖက်ရှင်နဲ့ ထွက်ရှိလာတဲ့ ပြက္ခဒိန်တို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီပြက္ခဒိန်တွေက ဈေးကွက်ထဲမှာ အကျိုးအမြတ်ယူ ရောင်းတာမျိုး မဟုတ်ဘဲ ကုမ္ဗဏီကို ပိုပြီး လူသိများအောင် ကြော်ငြာတဲ့ ပြက္ခဒိန်မျိုးတွေဖြစ်တာကြောင့် အကန့်အသတ် ရှိပြီး ပျံ့နှံ့မှုအားကလည်း သိပ်ပြီး မကောင်းလှပါဘူး။
ဒီလို အဖော်အချွတ်ပုံတွေ ထွက်ရှိလာတာဟာ မင်းသားမင်းသမီးတွေရဲ့ ပြက္ခဒိန်ကို ပြည်သူတွေ စိတ်ဝင်စားမှု နည်းလာ တာကြောင့် လူစိတ်ဝင်စားမှုမြင့်အောင် လုပ်တာလားလို့ ရောင်းချသူများနဲ့ လူထုအကြား ပြောဆိုဝေဖန် နေကြပါတယ်။
လတ်တလော ပြက္ခဒိန်ဈေးကွက်မှာ အရောင်းရဆုံး ရောင်းကုန်ဖြစ်နေတာကတော့ဒေါ်အောင်ဆန်းစုကြည်ပြက္ခဒိန်တွေ ဆိုတာ အသေအချာပါပဲ။
ပန်းဆိုးတန်းလမ်းပေါ်မှာ ပြက္ခဒိန်၊ ပိုစတာနဲ့ ပို့စကတ်တွေ ရောင်းချနေတဲ့ ဦးသာမျိုးက “မင်းသားမင်းသမီးပုံ ပြက္ခဒိန်တွေ က အရင်ကဆို အများကြီးထွက်တယ်။ ပုံစံမျိုးစုံ ဒီဇိုင်းမျိုးစုံပဲ။ ဒါပေမယ့် အခုနောက်ပိုင်း ထက်ထက်မိုးဦးရဲ့ သမီးလေးပုံနဲ့ မော်ဒယ်လ်တွေ ပုံလောက်ပဲထွက်ပြီး ကျန်တာတော့ အထွက်ကျဲသွားတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြက္ခဒိန်တွေက တော်တော်လေး များလာတယ်။ ရောင်းလဲ ရောင်းရတယ်။ ပို့စကတ်တွေရော ပိုစတာတွေလည်း အတူတူပဲ ”လို့ ဆိုပါတယ်။