ပြည်တွင်းမှာတော့ ဇိမ်ခံမော်ဒယ်အနေနဲ့ဆိုရင် Toyota ရဲ့ မော်ဒယ်တွေကိုပဲ လူကြိုက်များကြတာ တွေ့နိုင်ပြီး တန်ကြေးသင့် မော်ဒယ်တွေထဲက ဆိုရင် Crown နဲ့ Mark X တွေကို လူစီးအများဆုံးပါပဲနော်။ ဒီနေရာမှာ Honda ရဲ့ Civic လိုမော်ဒယ်ကလည်း အရည်အသွေးသင့်ပေမယ့် တန်ကြေးနည်းမော်ဒယ် ဖြစ်နေတော့ ဇိမ်ခံတန်းဝင် အနေအထားလောက်တော့ သတ်မှတ်လို့မရပါဘူး။ အဲဒီအတွက်တော့ Honda ရဲ့ ဇိမ်ခံမော်ဒယ် Accord နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အရည်အသွေးကောင်းတယ်၊ ဆွဲဆောင်မှု ရှိတယ်၊ နောက်ပြီး အင်ဂျင်ပိုင်းစွမ်းဆောင်ရည် ကောင်းတာတွေကြောင့် ဈေးကွက်မှာ မော်ဒယ်ခွဲ အများအပြား ထုတ်လုပ် ရောင်းချနေနိုင်တာ တွေ့ရပါတယ်။ ဒါပေမယ့် တခုရှိတာက ဈေးကွက်မှာတော့ အဝင်နည်းသလို လူသိ နည်းတာပါ။ မော်ဒယ်က နိုင်ငံတကာဈေးကွက်မှာ အရမ်းအောင်မြင်နေတာဖြစ်သလို ပြီးခဲ့တဲ့ ၃နှစ် တာကာလတုန်းက အမေရိကန်မှာ ရောင်းအားအကောင်းဆုံး မော်ဒယ်အနေနဲ့ သူ့အတန်းအစားထဲမှာ နှစ်နှစ်ဆက် ရပ်တည်နိုင်လောက်ခဲ့တာတောင် ဖြစ်ပါတယ်။
တကယ်တမ်းပြောရမယ်ဆိုရင် Civic လိုမော်ဒယ်တောင်မှ Accord ရဲ့ အငွေ့အသက် မကင်းပါဘူး။ ထားပါတော့၊ တကုမ္ပဏီတည်း ထုတ်ထားတာလည်း ဖြစ်တယ်၊ ဆီဒင် အမျိုးအစားချင်းလည်း တူတယ်ဆိုတော့ အပြစ်ပြောလို့ မရပေမယ့် သေချာတာတခုက Accord က Civic ထက် ဆွဲဆောင်နိုင်မှု ပိုပါတယ်။ ရုပ်ထွက် လှပါတယ်၊ အကြမ်းခံနိုင်ရည် ပိုကောင်းပါတယ်၊ စွမ်းဆောင်နိုင်မှု အပိုင်းမှာလည်း မဆိုးပါဘူး။ ဒါပေမယ့် တခုရှိသွားတာက ကျနော်တို့ ပြည်တွင်းဈေးကွက်မှာကမော်တော်ကားတစီးကိုဈေးတွက်တွက်ပြီးစီးနေရသူတွေ များနေတာပဲ ဖြစ်ပါတယ်။ ဒီတော့ အကျိုးဆက်ကဘာဖြစ်လာသလဲဆိုရင်အင်ဂျင် အရွယ်ကြီးတဲ့ မော်ဒယ်တွေ ဘေးရောက်သွားတော့တာပဲ ဖြစ်ပါတယ်။
Accord ရဲ့ အင်ဂျင်ပိုင်းကို ကြည့်မယ်ဆိုရင် ၂.၄ လီတာသုံး အင်ဂျင်ကို တပ်ဆင်ထားတာတွေ့နိုင်ပြီး ခရီးဝေး မောင်းနှင်မှုလို အသုံးပြုမှုတွေအတွက် အဆင်ပြေနိုင်လောက်ပေမယ့် တဖက်က ရေရှည်မှာ ဆီစားများလာမယ့် အချက်ဖြစ်တော့ ဝယ်ချင်သူက လက်ရှောင်သွားပါတော့တယ်။ ပြီးတော့ နောက်တခုက ဈေးနှုန်းပိုင်းမှာက ဈေးကွက်အဝင်များတဲ့ ၂၀၀၇ ခုနှစ် ဝန်းကျင်လောက် ထုတ်လုပ်ထားတဲ့ မော်ဒယ်ကိုပဲ ဈေးနှုန်းကသိန်း ၂၃၀ ဝန်းကျင်လောက် ရှိနေတာတချက်က နည်းနည်းလောက် စဉ်းစားစရာ ဖြစ်လာစေပါတယ်။ ဟုတ်ပါတယ်၊ လက်ရှိမှာက Toyota ကိုအကြိုက်ဆုံးဖြစ်နေတဲ့ ဈေးကွက်မှာ Honda က Nissan တို့ Suzuki တို့နဲ့ ဈေးကွက်နေရာကို ဝေမျှယူနေရတဲ့ အခြေအနေကြောင့် အင်ဂျင်အရွယ်ကြီးပြီး ဆီစားများများ၊ ဈေးနှုန်းများများ အနေအထားမှာ Accord ကနောက်မှာ ကျန်နေခဲ့တော့တာပါ။ ပြောရရင် Toyota ရဲ့ နောက်မှာတင် မဟုတ်ပဲ Honda ရဲ့ အခြားတန်ကြေးနည်းမော်ဒယ်တွေကကိုပဲ လမ်းတိုင်း၊ နေရာတိုင်းတွေ့နေရပေမယ့် Accord က နေရာပျောက်သွားရတော့တာပါ။ ဒါပေမယ့် အခု မြင်မိနေတဲ့ မော်ဒယ်တွေထဲမှာ ၂၀၁၀ နဲ့ နောက်ပိုင်းလို ထုတ်လုပ်ထားတဲ့ မော်ဒယ်မြင့်တွေ ဝင်လာတာ တွေ့ရပြီး ဒီမော်ဒယ်တွေက နည်းပညာပိုင်းသိသိသာသာကိုပဲ ကောင်းမွန်လာတာ ဖြစ်သလို ဒီရက်ပိုင်း ပြန်တက်လာတဲ့ ဈေးနဲ့ဆိုရင် သိန်း ၃၂၀လောက် အခေါ်ရှိနေတာ တွေ့ရပါတယ်။