ကိုခွန်နေထွန်း
အသက် (၂၅) နှစ်
Digital Marketing Manager (iMyanmarHouse.com)
ကျနော်က လက်ရှိ iMyanmarHouse.com မှာ Digital Marketing Manager တယောက်အဖြစ် လုပ်ကိုင် နေပါတယ်။ ပြီးတော့ ပြည်ပက ဖုန်းကုမ္ပဏီတခုကို Blogger အဖြစ် လုပ်ကိုင်ပေးလျက်ရှိတယ်။ ကျနော့် ကိုယ်ပိုင် မီဒီယာ Blog မှာလည်း လူငယ်တွေအတွက် စာပေတွေ မျှဝေတယ်။ လက်ရှိအလုပ်ကိုစလုပ် ဖြစ်ခဲ့တာကို ပြောရမယ်ဆိုရင် လွန်ခဲ့တဲ့ (၂၀၁၀) လောက်က အသိတယောက်ရဲ့ အင်တာနက်ဆိုင်မှာ ဝင်လုပ်ပေးရင်း အားတဲ့အချိန် Facebook ကနေ စာတွေရေးရင်း Page တခုလုပ်ဖြစ်တယ်။ အဲဒီကနေတဆင့် www.khunnaymedia.com ဆိုတဲ့ Blog ကို စလုပ်ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းကတော့ ကိုယ်ဝါသနာပါတဲ့ Automobile နဲ့ နိုင်ငံတကာနည်းပညာနဲ့ ပတ်သက်တဲ့ Review တွေ ရေးဖြစ်ခဲ့တယ်။ အဓိကကတော့ စမတ်ဖုန်းနဲ့ ပတ်သက်တာကို ရေးဖြစ်ခဲ့တယ်။ အဲဒီလိုရေးနေရင်းနဲ့ပဲ နည်းပညာဂျာနယ်ထုတ်ဝေတဲ့ မီဒီယာလောကကို စရောက်ခဲ့ပါတယ်။
ဒီလိုနဲ့ပဲ ကိုယ်ရေးတဲ့အကြောင်းအရာတွေကို Facebook နဲ့ Blog မှာတင်မက Printing ထုတ်ဝေတဲ့ ဂျာနယ် တွေထဲ ပုံနှိပ်ပြီး ပါဝင်တဲ့အထိ အခွင့်အရေးရလာတယ်။ ပုံမှန်ဘာသာပြန်အကြောင်းရေးနေရင်းနဲ့ တဖက် မှာလည်း အားတဲ့အချိန် Social Media Marketing နဲ့ Digital Marketing ကို လက်လှမ်းမီသလောက် လေ့လာဖြစ်ခဲ့ပါတယ်။
ဒီလိုနဲ့ အခွင့်အရေးတခု ရခဲ့တယ်။ အဲဒါကတော့ ဂျာမနီနိုင်ငံအခြေစိုက် မြန်မာနိုင်ငံရုံးခွဲဖွင့်ပြီး အွန်လိုင်းဝန်ဆောင်မှုလုပ်ငန်းကြီးကို လုပ်ကိုင်တဲ့ Rocket Internet GmBH မှာ Digital Business နဲ့ပတ်သက်ပြီး လေ့လာလုပ်ကိုင်ခွင့်ရခဲ့တယ်။ တနှစ်လောက် ကျင်လည်ပြီးသွားတဲ့အချိန်မှာ နောက်ပိုင်း အွန်လိုင်းအိမ်ခြံမြေ အရောင်းအဝယ် ဝက်ဘ်ဆိုက်၊ မော်တော်ယာဉ် အရောင်းအဝယ် ဝက်ဘ်ဆိုက်၊ အွန်လိုင်းရှော့ပင်းဝက်ဘ်ဆိုက်နဲ့ အလုပ်အကိုင် ရှာဖွေရေးဝက်ဘ်ဆိုက်တွေမှာ Digital Marketing Manager တယောက်အဖြစ် ဆက်တိုက်လုပ်ကိုင်ခွင့်ရခဲ့ပြီး လက်ရှိလည်း ဒီလမ်းကြောင်းပေါ်မှာ လေ့လာသင်ယူပြီး လျှောက်လှမ်းနေတုန်းပါပဲ။
ကျနော့် ဝါသနာနဲ့ပတ်သက်လို့ စိတ်ရှိတိုင်းပြောရမယ်ဆိုရင်တော့ အများကြီးပဲ။ ဒါပေမယ့် ရည်မှန်းချက် အတွက် အရေးကြီးဆုံးဖြစ်တဲ့အရာတွေကို ဦးစားပေးရတာမျိုးရှိတယ်။ ဒါကြောင့် လက်ရှိလုပ်နေတဲ့ Digital ကပဲ ဝါသနာအဖြစ် ပြောင်းသွားတယ်။
ကျနော့် အနာဂတ်စိတ်ကူးအိပ်မက်ကို ပြောပါဆိုရင်တော့ လက်ရှိလုပ်နေတဲ့ အလုပ်ကိုပဲ ကိုယ်ပိုင် စီးပွားရေးတခုအဖြစ် ပြောင်းမယ်၊ ပြီးတော့ လက်ရှိကျနော့် Blog နဲ့ Facebook Page တွေမှာ ရေးနေတဲ့စာတွေကို အသက်ကြီးလာတာနဲ့အမျှ ဒီထက်ကောင်းသထက် ကောင်းအောင် စာဖတ်သူတွေကို မျှဝေမယ်။
လက်ရှိလုပ်နေတဲ့ အလုပ်မှာရင်ဆိုင်ရတဲ့အခက်အခဲဆိုရင်တော့ အများကြီးပဲ။ လက်ရှိ သိနေတဲ့အရာတွေ ထက် ပိုပြီးကျယ်ပြန့်တာကို တွေ့ရတယ်။ Website တခုနဲ့ပတ်သက်လို့ Programming, Web Developer, Java အကြောင်းတွေကို အခြေခံနားလည်ဖို့အတွက် အရေးကြီးတယ်ဆိုတာ သိလာရတယ်။ Google က ထုတ်ပြန်ထားတဲ့ စည်းကမ်းအတိုင်း ဝက်ဘ်ဆိုက်ကို ပြုပြင်ထိန်းသိမ်းဖို့ လိုအပ်တဲ့အတွက် Google ရဲ့ စည်းမျဉ်းစည်းကမ်းကို နားလည်ထားဖို့လိုတယ်။ ပြီးတော့ Digital Business မှာက ကျနော်တို့ နိုင်ငံအနေအထားအရဖွံ့ဖြိုးဆဲ ဖြစ်နေတဲ့အတွက် တချို့သောအရာတွေမှာ နိုင်ငံခြားသားတွေနဲ့ တွဲပြီးလုပ်ကိုင်ရတာမျိုးရှိတယ်။ ဘာသာစကားအခက်အခဲ၊ တယောက်နဲ့ တယောက် ဆက်ဆံတဲ့အခါမှာ နားလည်မှု လွဲတာမျိုးစတဲ့ အခက်အခဲမျိုးတွေရှိပါတယ်။ ဘာသာစကား ကျွမ်းကျင်မှုရှိဖို့ အရေးကြီးတယ်။ ဘာသာစကားတခု ကျွမ်းကျင်ပြီဆိုရင် ဒီလောကမှ မဟုတ်ပါဘူး တခြားသော နယ်ပယ်တွေမှာလည်း အသီးသီးအသုံးဝင်ပါတယ်။ ဒါကြောင့် နိုင်ငံခြားဘာသာစကားကို သင်ယူလေ့လာထားဖို့ လိုအပ်ပါတယ်။
ဒီနေ့ခေတ် လူငယ်တွေကို ဘယ်လိုမြင်လဲဆိုရင် ကြိုးစားလာကြတဲ့ လူငယ်တွေ တွေ့ရသလို လမ်းမှားနေတဲ့ လူငယ်တွေလည်း တွေ့ရတယ်။ ပြီးတော့ လူငယ်တချို့ စာဖတ်အားနည်းလာကြတယ်။ အတွေးအခေါ်နဲ့ ပတ်သက်လို့ ထင်မြင်ချက်ပေးရာမှာ Positive ထက် Negative ပိုများလာတယ်။ ဒါနဲ့ပတ်သက်လို့ အဝေးကြီး ကြည့်စရာလိုမယ်မထင်ပါဘူး။ လက်ရှိကျနော်တို့ သုံးနေတဲ့ လူမှုကွန်ရက် Facebook စာမျက်နှာတွေမှာ အချို့သောထင်မြင်ချက် Comment တွေက ကြည့်တာနဲ့တင် လုံလောက်ပါတယ်။ ကျနော်ကိုယ်တိုင်ကတော့ လူငယ်တယောက်အနေနဲ့ လက်ရှိကျနော် သွားနေတဲ့ လမ်းကြောင်းပေါ်မှာပဲ ဆက်သွားနေဦးမယ်။ တဖက်မှာလည်း ကိုယ့်အားနည်းချက်ဖြစ်တဲ့ ဘာသာစကားကို ဒီထက် ပိုကောင်းလာအောင် လေ့လာဖြစ်မယ်။ ကြိုးစားနေတဲ့ လူငယ်တွေအပေါ် အားပေးစကားပြောပါဆိုရင် လူငယ်တွေအတွက် ကျနော် ရေးခဲ့ဖူးတဲ့စာလိုပဲ။
“ဘဝကပေးတဲ့ သင်ခန်းစာဆိုတာ ကျောင်းကနေလူတိုင်းကို ပေးလိုက်တဲ့ သင်ခန်းစာနဲ့ တူမနေဘူး။ ကျောင်းကပေးတဲ့ တူညီသင်ခန်းစာကိုထူးချွန်နေပါစေဦးတော့ ဘဝအတွေ့အကြုံလို့ခေါ်တဲ့ သင်ခန်းစာမှာ လူတိုင်းထူးချွန်ချင်မှ ထူးချွန်နေလိမ့်မယ်။ ဘဝသင်ခန်းစာဆိုတာ ကျနော်တို့ စားနေတဲ့ ထမင်းလိုပဲ။ အစာမကြေရင် အာဟာရမဖြစ်ဘူး။ ဘဝသင်ခန်းစာမကြေရင်လည်းဘယ်တော့မှ လူတော်တယောက် မဖြစ်ဘူး။ ဘဝသင်ခန်းစာတိုင်းက ယူတတ်သူတွေအတွက် အတွေ့အကြုံကောင်းပဲ။ အတွေ့အကြုံ ဆိုတာကလည်းပညာပဲ။ ဒီပညာကိုကောင်းကောင်းအသုံးချတတ်ရင် ပညာတတ်တယောက် ဖြစ်လာမှာပဲ။ ဘွဲ့ ရမှ ပညာတတ် မဟုတ်ဘူး။ အတွေ့အကြုံက သင်ခန်းစာကိုရှာဖွေပြီး ကောင်းကောင်းအသုံးချတတ်ရင် ပညာတတ်ပဲ။ ဒါကြောင့် ပညာတတ်ဆိုတဲ့အရာကို ဘွဲ့ရလို့ခေါ်တဲ့ စံချိန်းစံညွှန်းနဲ့ သတ်မှတ်လို့မရဘူး။ ဘွဲ့ရပညာတတ် ရှိတယ်၊ ဘွဲ့မရပညာတတ် ရှိတယ်” ဒါတွေကို ကွဲကွဲပြားပြားနားလည်ထားရင် ကျနော့်လို ကြိုးစားနေတဲ့ လူငယ်တယောက်အတွက် အားပေးစကားက လုံလောက်မယ်လို့ ထင်ပါတယ်။ ။