Lifestyle

မျက်နှာလိုက်တတ်တဲ့ သဘာဝတရားကို ရင်ဆိုင်ခြင်း

This article has been converted from Zawgyi One to Unicode

သဘာဝတရား ဆိုတာကလည်း လူသားတိုင်းကို အညီအမျှ ခံစားစေတာတော့ မဟုတ်ပါဘူး။ အထူးသဖြင့် အမျိုးသမီးများရဲ့ မျိုးပွားနိုင်တဲ့ သက်တမ်းအတွင်းမှာ လစဉ်ဓမ္မတာ လာရတာက သဘာဝပါ။ ပျိုဖော်ဝင်ကနေ သွေးဆုံးတဲ့ အထိကြုံရတဲ့ ဒီဖြစ်စဉ်မှာ တဦးနဲ့ တဦး မတူကြပါဘူး။ တချို့ကတော့ ဘာမှ ထူးခြားခံစားနေရတာ မဟုတ်ပေမယ့် တချို့မှာတော့ အလုပ်အကိုင် ပျက်တဲ့အထိ နာကျင်မှု ကိုခံစားရတတ် ကြပါတယ်။ အကိုက်အခဲ ပျောက်ဆေးတွေနဲ့ ကုစားပေမယ့် ညည်းတွားနေကြရတာတွေ ရှိပါတယ်။ အဲဒီဝေဒနာ အတွက် သက်သာရာ နည်းလမ်းလေးတွေ ပေးချင်တာပါ။

ရေ

ရေလုံလောက်အောင် သောက်ပေးတာက ဓမ္မတာလာစဉ် နာကျင်မှုကို တိုက်ရိုက် ဟန့်တားတာ မဟုတ်ပေမယ့် အထောက်အကူ ဖြစ်တယ် လို့ ဆိုပါတယ်။ အဲဒီကာလတွေမှာ ရေပုလင်းလေး မပြတ်အောင် ဆောင်ထားသင့်ပါ တယ်။ ရေသောက်ရတာကို မကြိုက်သူ ဆိုရင်လည်း ရေထဲ သံပရာသီးလေး ညှစ်ပြီးသောက်ချင်စဖွယ် လုပ်ပေါ့။ ဓမ္မတာကာလတွေမှာ အရက်ရှောင်ဖို့၊ ဆားလျှော့စားဖို့ ကလည်း ရေဓာတ် မခန်းခြောက်စေဖို့ အကူအညီပါပဲ။

သက်သောင့် သက်သာ အာဟာရ

ဓမ္မတာ လာချိန် နာကျင်တတ်သူတွေ အနေနဲ့ အစားအသောက် ဆင်ခြင်ရမှာ လေးတွေ ရှိပါတယ်။ ဒိုးနတ်မုန့်တွေ၊ အာလူးကြော် ထုပ်တွေလို ဆီကြော် စာတွေ ရှောင်သင့်တာပါ။ အဆီနည်းပြီး အမျှင်ဓာတ်များတဲ့ ဂျုံကြမ်းတွေ၊ ပဲအမျိုးမျိုး၊ အစိမ်းရင့်ရောင် အရွက်တွေ၊ သစ်သီးဝလံနဲ့ အစေ့အဆန်တွေစားသင့် ပါတယ်။ ဗီတာမင် အီး၊ ဘီဝမ်း၊ ဘီစစ်၊ ဇင့်နဲ့ အိုမီဂါ – ၃ အဆီအက်စစ်တွေက ဓမ္မတာကာလ နာကျင်မှု ဖြစ်ပေါ်စေတဲ့ ဟော်မုန်းတွေကို ဟန့်တား ပေးပါတယ်။ ကြွက်သားတွေ တောင့်တင်းတာ၊ ရောင်ရမ်းတာကိုလည်း ပြေလျော့ စေပါတယ်။

ကော်ဖီ

ကဖင်းဓာတ်က နာကျင်မှုကို ပိုဆိုးစေပါတယ်။ ဓမ္မတာ ကာလနီးတဲ့အခါနဲ့ လာနေတဲ့ အချိန်တွေမှာ ကော်ဖီ ရပ်ထားသင့်တယ် လို့ ဆိုပါတယ်။ တခြားကဖင်း ပါတဲ့အချိုရည်တွေ၊ လက်ဖက်ရည်တွေကလည်း နာကျင်မှုကို ပိုစေပါတယ်။ အာသာပြေ သောက်ချင်ရင် တော့ အသီးအရွက်တွေ ကြိတ်ပြီး Smoothie လေးလုပ် သောက်ပေါ့။

အကိုက်အခဲပျောက်ဆေးတွေ

အကိုက်အခဲ ပျောက်ဆေးတွေထဲက Ibupro fen, Naproen တွေက နာကျင်မှုကို လျော့ပြေစေ သလိုပဲ ဆင်းတဲ့သွေး ပမာဏကိုပါ လျော့စေတတ်တယ်လို့ ဆိုကြပါတယ်။ ဒါကြောင့် ဓမ္မတာချိန်မှာ သိပ်မခံသာရင် အဆင်သင့် သောက်လို့ ရအောင် အဲဒီဆေးလေးတွေ နည်းနည်းစီတော့ လက်ကိုင်အိတ်လေးထဲ ဆောင်ထားသင့် ကြတာပေါ့။

အပူ

ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲနေတာကို အနွေးဓာတ်လေးနဲ့ သက်သာစေနိုင်ပါတယ်။ ထုံးတမ်းစဉ်လာ ရေနွေးအိတ် လေး ကပ်ကြတာလည်း လုပ်ကြတာပေါ့။ အခုဆိုရင် တိုးတက်လာတဲ့ ခေတ်ကြီးမှာ လျှပ်စစ်နဲ့ လုပ်တဲ့ အနွေးအိတ် လေးတွေ သုံးပြီး ရုံးတက်၊ အလုပ်လုပ်ရင်း ကရိကထ မများဘဲ သုံးနိုင်နေကြပါပြီ။ တတ်နိုင်တဲ့ အခြေအနေ ရှိသူတွေက တော့ရေချိုးကန်မှာ ရေနွေးလေးနဲ့ စိမ်ပြီး အနားယူတာလည်း အဆင်ပြေတယ်လို့ ဆိုပါတယ်။

လှုပ်ရှားမှု

တချို့က ရှေးရိုးထုံးစံနဲ့ ဓမ္မတာကာလမှာ ငြိမ်ငြိမ်နေကြရမယ် ဆိုတဲ့ အစွဲတွေ ရှိတတ်ကြပါတယ်။ တကယ်တော့ ကိုယ်လက်လှုပ်ရှားမှု လုပ်တာက Endorphin ဆိုတဲ့ ဓာတုပစ္စည်း ထွက်ပြီး စိတ်လန်းဆန်းစေပါတယ်။ ဒါကြောင့် လမ်းလျှောက်၊ အေရိုးဘစ်က၊ ရေကူးတာတွေ လုပ်လို့ ရပါတယ်။ အသက်ရှူလေ့ကျင့်ခန်းတွေ၊ ယောဂတွေကလည်း ထိရောက်ပါတယ်။

အနှိပ်အနယ်

တနေ့တာမှာ ၅ မိနစ်လောက် နှိပ်နယ်တာက သွေးလည်ပတ်မှု ကောင်းစေတာကြောင့် ဓမ္မတာလာစဉ် နာကျင်မှုတွေ ပြေလျော့စေတယ် လို့ ဆိုပါတယ်။ အထူးသဖြင့် ရာသီချိန် နီးလာရင် အနှိပ်ခံတာလေး လုပ်ပေးသင့်ပါသတဲ့။ ပရုတ်ဆီ လိုမျိုးလေးတွေနဲ့ ဝမ်းဗိုက်ကို ပွတ်သပ်ပေးတာကလည်း အထောက် အကူဖြစ်ပါသတဲ့။

သဘာဝ ဆေး

နနွင်းမှုန့်လို မျိုးကလည်း နာကျင်ကိုက်ခဲမှုကို သက်သာစေတယ် လို့ ဆိုကြပါတယ်။ အခုနောက်ပိုင်း အသုံး များနေကြတဲ့ Evening Primrose Oil ကလည်း အမျိုးသမီးတွေရဲ့ ဓမ္မတာကာလ နာကျင်မှုမှာ အထောက်အကူ ပြုပါသတဲ့။ တချို့ တိုင်းရင်း ဆေးတွေကတော့ ပြဿနာ ရှိတတ်တာကြောင့် ချင့်ချိန်သုံးစွဲဖို့ အရေးကြီး ပါတယ်။

အကြောပိတ်နည်း

သိုင်းကားတွေ ထဲကလိုပေါ့၊ အဓိကကျတဲ့ နေရာတွေကို အပ်စိုက်သလို လက်နဲ့ နှိပ်နယ်တာကလည်း သွေးလည်ပတ် မှု ကောင်းစေတာမို့ နာကျင်မှု လျော့ပြေစေတယ် လို့ ဆိုပါတယ်။ ဝမ်းဗိုက်ကြွက်သား၊ နောက်ကျော၊ ခြေဖဝါး နှိပ်နယ် တာတွေက အဆင်ပြေပါသတဲ့။ အထူးသဖြင့်တော့ လက်မနဲ့ လက်ညှိုး ကြားက အသားနေရာကို နှိပ်နယ် ပေးတာက ဓမ္မတာချိန်နာကျင် ကိုက်ခဲမှုအတွက် သင့်လျော်တယ် လို့ ဆိုကြပါတယ်။ ။

Loading