မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ MPT ဖုန်းအချင်းချင်း လက်ကျန်ငွေထဲမှ ဖုန်းဘေလ်လွှဲပေးနိုင်တဲ့ ဝန်ဆောင်မှုကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်နေ့တွင် စတင်လိုက်ပြီဖြစ်ကြောင်း MPT ၏ ထုတ်ပြန် ကြေညာချက်အရ သိရပါတယ်။
အဆိုပါ ဝန်ဆောင်မှုအသစ်တွင် MPT GSM နှင့် WCDMA သုံးစွဲသူ အချင်းချင်း ဖုန်းဘေလ် တခါလွှဲလျှင် အနည်းဆုံး ကျပ် (၃၀၀) မှ အများဆုံး ကျပ်တသောင်းထိ လွှဲပို့ပေးနိုင်မည်ဖြစ်ပြီး ငွေဖြည့်ပေးမည့်သူဘက်တွင် ဝန်ဆောင်ခ (၅) ရာခိုင်နှုန်း အပါအဝင် ငွေဖြည့်ပေးမယ့် ပမာဏအတွက် လုံလောက်တဲ့ လက်ကျန်ငွေရှိရမှာပဲ ဖြစ်ပါတယ်။
သုံးစွဲသူတဦးက တရက်အတွင်းကို ငွေလွှဲပြောင်းပေးပို့မှု (၅) ကြိမ် အများဆုံး ပြုလုပ်နိုင်မှာဖြစ်ပြီး ဖုန်းဘေလ် လက်ခံမှုကိုတော့ အကြိမ်အရေအတွက် အကန့်အသတ်မရှိ လက်ခံနိုင်မှာပဲ ဖြစ်ပါတယ်။
ယင်းဝန်ဆောင်မှုကို MPT ရဲ့ ကြိုတင်ငွေဖြည့်စနစ်သုံးတဲ့ GSM/WCDMA ဖုန်းသုံးစွဲသူတိုင်း အသုံးပြုနိုင်မှာ ဖြစ်ပြီး MPT ဖုန်း အချင်းချင်း ဖုန်းဘေလ် လွှဲပေးနိုင်ရန်အတွက် USSD Code: *223*လွှဲမည့်ငွေမမာဏ*လက်ခံဖုန်းနံပါတ်# ကိုနှိပ်ပြီး ဖုန်းခေါ်ဆို လွှဲပို့ပေးနိုင်မှာပဲ ဖြစ်ပါတယ်။
“တခါတလေမှာ ဖုန်းဘေလ်နည်းနည်းလေး ရုတ်တရက် လိုနေတာမျိုးဖြစ်တတ်ပါတယ်။ အရေးတကြီး အချိန်တွေမှာ မိသားစုဝင် တစ်ယောက်ယောက်ကိုဖြစ်ဖြစ် သူငယ်ချင်းကိုဖြစ်ဖြစ်ခေါ်ဖို့လိုနေတာမျိုး၊ ဒါမှမဟုတ် ဖုန်းဘေလ်ဖြည့်ဖို့ ဘယ်လိုမှ ဆိုင်ရှာမတွေ့တဲ့ အချိန်မျိုးမှာပေါ့၊ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီလိုမျိုး ရုတ်တရက် လိုအပ်ချိန်တိုင်းမှာအဆင်ပြေဖို့ ဒီလို ဖုန်းအချင်းချင်း ငွေလွှဲတဲ့ ဝန်ဆောင်မှုကို စတင်ခဲ့တာပါ” လို့ MPT-KSGM Joint Operation ၏ Chief Commercial Officer ဖြစ်သူMr.KoichiKawase က ပြောပါတယ်။
MPT မှ နှစ်သစ်ကူးနှင့် လွတ်လပ်ရေးနေ့ အားလပ်ရက်များအတွက် တိုက်ဆိုင်စွာပဲ မိသားစုအချင်းချင်း၊ သူငယ်ချင်းများ အချင်းချင်း ဆက်သွယ်ရာ၌ ပိုမိုလွယ်ကူအဆင်ပြေစေနိုင်ရန် အဆိုပါ ဝန်ဆောင်မှုကို ပေးအပ်ခြင်းဖြစ်တယ်လို့ သိရပါတယ်။