လတ်တလော ဖေ့ဘုတ်စာမျက်နှာထက်တွင် သရုပ်ဆောင် အဆိုတော် စိုးသူရဲ့ရှေ့နေမှ သူ့အမှုသည်နဲ့ ပတ်သက်လို့ ကြေညာချက်တစောင်ကို ဇန်နဝါရီ ၁ ရက်နေ့က နိုင်ငံပိုင်သတင်းစာမှတဆင့် ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။
အဲ့ဒီကြေညာချက်စာတမ်းဟာ ဖေ့ဘုတ်စာမျက်နှာထက်မှာ ပျံ့နှံ့နေပါတယ်။ ဧရာဝတီပရိတ်သတ်တွေ ဖတ်ရှုနိုင်ဖို့အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
“ကျွနု်ပ်၏အမှုသည် ဦးစိုးသူလွင်သည် မိခင်၏ကျန်းမာရေးအတွက် ၂၀၁၂ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုမှ သမီးဖြစ်သူ အိန်ဂျယ်စိုးသူလွင်နှင့်အတူ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။ ဦးစိုးသူလွင်သည် မြန်မာနိုင်ငံတွင် ယခုထိအခြေချနေထိုင်၍ မူလ အနုပညာလုပ်ငန်းများကို ပြန်လည်လုပ်ကိုင်ခဲ့သည်။
ကျွနု်ပ်၏(၂၄-၁၂-၂၀၁၅)ရက်နေ့ထုတ် Daily Eleven သတင်းစာကြေငြာချက်အပေါ် ဦးစိုသူလွင်၏ ဇနီးဟောင်းဖြစ်သူ – ဒေါ်ခင်မြမြဝတ်မှုံဆွေ(Khin M Swe) သည် ၎င်းကြေငြာချက်နှင့် တစုံတရာ ပတ်သက်မှုမရှိဘဲ ထိုကြေငြာချက်အား Post တင်၍ ဦးစိုးသူလွင်နှင့် အခြားသူများအားနစ်နာထိခိုက်စေမည့် အများပြည်သူအထင်လွဲမှားစေနိုင်သော Status ကို သူမ၏ Facebook တွင် သူမ၏အမည်ရှင်းဖော်ပြ၍ ရေးသားခဲ့သည်။ မီဒီယာများအကြား ပျံ့နှံ့စေခဲ့သည်။
ဦးစိုးသူလွင်နှင့် ဒေါ်ခင်မြမြဝတ်မှုံဆွေတို့သည်(၂၆-၉-၂၀၀၁)တွင် လက်ထပ်ခဲ့ပြီး ယင်းနေ့တွင်ပင် ဦးစိုးသူလွင်သည် အမေရိကန်ပြည်ထောင်စုသို့ ထွက်ခွာခဲ့သည်။ ဒေါ်ခင်မြမြဝတ်မှုံဆွေသည် ၂၀၀၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဦးစိုးသူလွင်ရှိရာ အမေရိကန် ပြည်ထောင်စုသို့ လိုက်လာခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် သမီးတဦးထွန်းကားခဲ့သည်။
ဦးစိုးသူလွင်နှင့် ဒေါ်ခင်မြမြဝတ်မှုံဆွေ၏ အိမ်ထောင်ရေးအခြေအနေသည် ၂၀၀၇ ခုနှစ်မှစ၍ လူသိရှင်ကြားမဖြစ်ခဲ့သော်လည်း အဆင်မပြေမှုများစွာရှိခဲ့သည်ကို ကာယကံရှင်များသာ အသိဆုံးဖြစ်သည်။ အရွယ်မရောက်သေးသော သမီးငယ်စိတ်ဆင်းရဲမှုမဖြစ်စေရန်နှင့် နှစ်ဖက်မိဘတို့အား ထောက်ထား၍ ကွာရှင်းပြတ်စဲခြင်းအဆင့်သို့ မရောက်ရှိခဲ့သော်လည်း သူမအား လွတ်လပ်ခွင့်ပေးရန်တောင်းဆိုခဲ့သောကြောင့် အချိန်တခုထိ ကိုယ့်လမ်းကိုယ်လျှောက်ကြရန် နှစ်ဖက်သဘောတူညီခဲ့ကြသည်။ သို့အတွက်လည်း ဦးစိုးသူလွင်သည် အိမ်ထောင်အတွင်းရေး အဆင်မပြေမှုများကို ဖော်ထုတ်ပြောဆိုခဲ့ခြင်းမပြုခဲ့ဘဲ ထိုအချိန်မှစ၍ သမီးလေး၏ ကိစ္စများမှအပ ဒေါ်ခင်မြမြဝတ်မှုံဆွေနှင့် ကိုယ်ရေးကိုယ်တာ ဆက်သွယ်ခြင်းမပြုကြတောပါ။ အမေရိကန်ပြည်ထောင်စုတွင်ရှိသော မိမိနှင့် ပိုင်ဆိုင်မှုများအား သူမလိုသလိုအသုံးပြုနိုင်ရန် ဒေါ်ခင်မြမြဝတ်မှုံဆွေအား အပြီးလွှဲပြောင်းပေးခဲ့ပြီးလည်းဖြစ်ပါသည်။ ရန်ကုန်မြို့တွင် ပညာသင်ကြားနေသော သမီးဖြစ်သူ၏ ကျောင်းစရိတ်အား ယခုထိတိုင် ဦးစိုးသူလွင်မှ အပြည့်အဝတာဝန်ယူထားပါသည်။”