သရုပ်ဆောင် ဝေဠုကျော်ကို ဧမာနွေလဘုရားကျောင်းမှာ ကျင်းပပြုလုပ်တဲ့ ယူနီယံ ဓမ္မတက္ကသိုလ်ရဲ့ ဘွဲ့နှင်းသဘင် ချီးမြင့်တဲ့ အခမ်းအနားမှာ ဒေါက်တာဘွဲ့ကို ပေးအပ်ချီးမြင့်ခဲ့ပါတယ်။ ဒီဆုကို ဇန်နဝါရီလ (၄) ရက်နေ့က ပြုလုပ်တဲ့ ဘွဲ့နှင်းဘသင်အခမ်းအနားမှာပေးအပ်ချီးမြင့်ပေးခဲ့တာဖြစ်ပါတယ်။
ဒီလို ဆုချီးမြင့်ခဲ့ရတာနဲ့ပတ်သတ်ပြီး ဝေဠုကျော်က “ကျနော်အတွက်ကတော့ ဒီဆုတွေကို ဒီလိုမျှော်လင့်ပြီးလုပ်ခဲ့တာ မဟုတ်ပါဘူး။ ကျနော်နိုင်သရွေ့ ကျနော် တတ်စွမ်းသရွေ့လေးလုပ်ခဲ့တာပါ။ ဒီလိုဆုပေးတဲ့အတွက် ဝမ်းသာ ဂုဏ်ယူပါတယ်။ ကျနော် တယောက်တည်းကြောင့် ဒီဆုရခဲ့တာ မဟုတ်ပါဘူး။ ကျနော်ကို ဝိုင်းဝန်းပြီး ကူညီကြတဲ့ အတွက်ကြောင့် မိတ်ဆွေတွေကြောင့်နဲ့ လောက်ကိုင်စစ်ဘေးကနေစပြီး ရေဘေးအထိ နောက်ကနေ ထပ်ကြပ်မကွာ လိုက်ပြီး ကူညီခဲ့တဲ့သူတွေကြောင့်၊ မိတ်ဆွေကြောင့် တခြားသော ပေါင်းစပ်ပြီး ကူညီပေးခဲ့တဲ့ ပရဟိတအသင်းတွေ တကိုယ်တော် ပရဟိတအသင်းတွေကြောင့် အားလုံးကြောင့် ဒီဆုကို ရခဲ့တာပါ။ ကျနော်တယောက်တည်း အတွက် ဒီဆုကိုယူခဲ့တာ မဟုတ်ပါဘူး။ အားလုံးကိုယ်စား ဒီဆုကို ယူခဲ့တာပါ” လို့ ဧရာဝတီကို ပြောပြပါတယ်။
သရုပ်ဆောင် ဝေဠုကျော်ဟာ “ဝေဠုကျော်ဖောင်ဒေးရှင်း” ၊ “ကြက်ခြေနီအသင်း” နဲ့ တခြားသော ပရဟိအသင်း စတာတွေနဲ့ အတူ လှုပ်ရှားမှုများ ပြုလုပ်နေပြီး လောက်ကိုင်စစ်ဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးမှ စတင်ပြီး မြန်မာပြည်အဝှမ်း ရေကြီးရေလျှံမှုများအတွက် ကယ်ဆယ်ရေးများစတဲ့ ပရဟိတလုပ်ငန်းများကို စွမ်းစွမ်းတမံ ပြုလုပ်နေသူတဦးအဖြစ်လည်း ထင်ရှားသူတဦးဖြစ်ပါတယ်။
ပရဟိတလုပ်ငန်းနဲ့ ပတ်သက်လို့ ရှေ့ဆက်ပြီး ဘာတွေဆက်လုပ်ဖို့ ရှိနေမလဲဆိုတာကိုတော့ “ကျနော်က အဓိကကတော့ သဘာဝဘေးဒဏ်တွေကြောင့် သွားတဲ့သူဆိုတော့ ကြားထဲမှာ ကြက်ခြေနီတာဝန်နဲ့ ရန်ကုန်တိုင်းအတွင်းမှာ အရေးပေါ် အခြေအနေတွေ ဖြစ်ပေါ်လာမယ်ဆိုရင် မီးလောင်တာ၊ ကား အက်စီဒင့်ဖြစ်တာတွေမှာ အချိန်နဲ့ တပြေးညီထွက်လို့ရသလောက် ထွက်သလို တခြားသော အသင်းတွေမှာလည်း ကျနော် ဂုဏ်ထူးဆောင် အမှုဆာင် အနေနဲ့ လုပ်ပေးနေတာတွေလည်း ရှိပါတယ် ။ အခုလည်း ဖောင်ဒေးရှင်းအနေနဲ့ ပညာရေးနဲ့ပတ်သတ်လို့ ဗလာစာအုပ်တွေကို ဆင်းရဲနွမ်းပါးကျောင်းတွေကို လိုက်ပြီး ဝေသွားဖို့ရှိပါတယ်” လို့ ပြောပြခဲ့ပါတယ်။