ဟောလိဝုဒ်အထိ တက်လှမ်းနိုင်တဲ့ ကိုရီးယားသရုပ်ဆောင် တဦးဖြစ်သလို အာရှထိပ်တန်းသရုပ်ဆောင်စာရင်းမှာလည်း ထိပ်တန်း နေရာမှာ ရပ်တည်နိုင်တဲ့ ကိုရီးယားသရုပ်ဆောင် လီဗြောင်ဟွန်းဟာ လတ်တလောအနေနဲ့ “Inside Men” ရုပ်ရှင်မှာ ပါဝင် သရုပ်ဆောင် ထားပြီး အဆိုပါ ရုပ်ရှင်ဟာ စတင်ပြသပြီး (၆) ရက်အတွင်းမှာ လက်မှတ်ပေါင်းနှစ်သန်းခန့်ကို ရောင်းချခဲ့ရလို့ အရောင်းစံချိန် တင်ထား ရပါတယ်။
သရုပ်ဆောင် လီဗြောင်ဟွန်းဟာ၂၀၁၆ ခုနှစ် ဇန်နဝါရီလထုတ် “Dazed & Confused” မဂ္ဂဇင်းအတွက် အဖြူအမည်းဓါတ်ပုံများမှာလည်း ဓာတ်ပုံမော်ဒယ်လ် အဖြစ် လက်ခံ ရိုက်ကူးပေးခဲ့ပါသေးတယ်။ ဒီမဂ္ဂဇင်းမှာဆိုရင် လီဗြောင်ဟွန်းရဲ့ ယောက်ျားဆန်တဲ့ ဖက်ရှင်နဲ့ အိုက်တင်၊ ပို့စ်အမျိုးမျိုးကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။
“Inside Men” ရုပ်ရှင်ဇာတ်ကားကို လူကြည့်များတာနဲ့ ပတ်သက်ပြီး လီဗြောင်ဟွန်းက “ဒီလိုကြည့်ရှု့သူပရိသတ်တွေများရခြင်းဟာ ဒီရုပ်ရှင်မှာ အရမ်းကိုသရုပ်ဆောင်ကောင်းတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားပြီး ပရိသတ်များအနေနဲ့လည်း လေးနက်ပြီး အဓိပ္ပါယ်ရှိတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ကို ကြည့်ရှု့ခံစားရခြင်းကြောင့်ပါ” လို့ ဆိုပါတယ်။
ဆက်ပြီး သူက “ဒီဇာတ်ကားမှာ ကျနော့်အနေနဲ့ တခြား သရုပ်ဆောင်တွေလိုပဲ တတ်အားသ၍ ပါဝင်ကြိုးစားခဲ့ပါတယ်။ ပရိသတ်တွေရဲ့ ယုံကြည်မှုရရှိဖို့ ကျွန်တော့်ရဲ့ ဇာတ်ကောင်စရိုက်အပေါ်မှာ အတော်လေးကို ကြိုးစားရုန်းကန်ခဲ့ရပါတယ်” လို့ ပြောပါတယ်။
“Inside Men” ရုပ်ရှင်ဟာ နိုင်ငံရေးကို အခြေခံထားတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ကာ ယွန်းထယ်ဟို (Yoon Tae- Ho) ရဲ့ ဝတ္ထုဇာတ်လမ်းကို ဒါရိုက်တာ ဝူမင်ဟို (Woo Min Ho) က ကိုယ်တိုင် ဇာတ်ညွှန်းခွဲ ရိုက်ကူးထားပြီး သရုပ်ဆောင်များအဖြစ် လီဗြောင်ဟွန်း (Lee Byung- Hun)၊ ဂျိုဆောင်ဝူး (Cho Seung- woo)၊ ဘေယွန်းဆယ် (Baek Yoon- sik) တို့က အဓိကပါဝင် သရုပ်ဆောင်ထားကြပါတယ်။
သရုပ်ဆောင် လီဗြောင်ဟွန်းဟာ ၁၉၇၀ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး အခုဆိုရင် သူက အသက် (၄၅) နှစ် ကျော်နေပေမယ့် သူရဲ့ နုပျိုဆဲ ယောက်ျားဆန်တဲ့ ချောမောခန့်ညားမှုတွေကြောင့် အခုချိန်ထိ အမျိုးသမီး ပရိသတ်တွေကြားမှာ ရေပန်းစားလျက်ရှိပါတယ်။