ဆောင်းရာသီလို့ဆိုလိုက်ရင် အေးမြလတ်ဆတ်ခြင်းတွေက သင့်ကိုစောင့်ကြိုနေပါတယ်။ အေးမြတဲ့ အရသာ ကို မကြိုက်ဘူးဆိုတဲ့သူက ရှားပါတယ်။ ဒါပေမယ့် ဆောင်းရာသီက အေးမြခြင်းနဲ့အတူ ခြောက်သွေ့ခြင်းကိုပါ ခံစားရစေပါတယ်။ အဲ့ဒီလိုခြောက်သွေ့လာခြင်းနဲ့အတူ အသားအရည်တွေပါ ခြောက်သွေ့ကြမ်းတမ်း အက်ကွဲတာကိုတော့ ဘယ်သူမှမလိုချင်ကြပါဘူး။
ဒါကြောင့် ဆောင်းရာသီရောက်ပြီဆိုရင် ကိုယ့်ရဲ့အသားအရည်ကို အစိုဓာတ်ဖြည့်ပေးပြီး ထိန်းသိမ်းထားဖို့တော့ လိုအပ်ပါတယ်။ အသားအရည်လို့ဆိုလိုက်ရင်လည်း ဖြူတာ၊မဲတာ၊ ညိုတာထက် စိုပြေ ချောမွေ့နေမှလည်း ကျန်းမာတဲ့ အသားအရည်လို့ ဆိုနိုင်မှာပါ။ ဒီလို အသားအရည် ထိန်းသိမ်းဖို့က ရာသီဥတုမရွေး လိုအပ်ပါတယ်။ နွေဆိုနွေ၊ ဆောင်းဆိုဆောင်း ကိုယ့်ရဲ့ အသားအရည်ကို ရာသီဥတုအလိုက် ထိန်းသိမ်းထားနိုင်ရင် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ပျက်စီးခြင်းကနေ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ အနုပညာရှင်တွေအနေနဲ့ရော သူတို့ရဲ့ အသားအရည် ကို ဆောင်းရာသီမှာ ဘယ်လိုထိန်းသိမ်းထားကြလဲ၊ ဆောင်းရာသီ ခံစားချက်က ဘယ်လိုရှိလဲ၊ နေထိုင် စားသောက်မှုပုံစံက ဘယ်လိုရှိနေလဲ စတာတွေကို ဧရာဝတီပရိသတ်များသိရှိစေဖို့ သတင်းထောက်ယုမွန်ကျော် မေးမြန်းထားတာလေးတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။
မင်းဦး
ရန်ကုန်ဆောင်းကတော့ အေးလဲ ခဏပဲ ပြီးတော့ ပြန်ပူတာပါပဲ။ အေးတာလေးလဲ ခဏပဲ ခံစားလိုက်ရတယ်။ ပြီးရင် ပြန်ပူချင်ပူနေတာပဲလေ။ နည်းနည်းလေးအေးလာလိုက် ပြန်ပူသွားလိုက်နဲ့ ဒီလိုပဲ သွားမှာပါပဲ။ ဆောင်းပြီးသွားရင် နောက်ပိုင်းက အသားကုန်ပူတော့မှာလေ။
ကျနော်တို့က သရုပ်ဆောင်တွေဆိုတော့ ရုပ်ရှင်တွေရိုက်ရတယ် နေပူထဲထွက်ရတယ်။ နောက်ပြီး ကိုယ်က အားတဲ့အချိန်ကျရင် ဂေါက်ဖ်လဲ ရိုက်တတ်တယ်။ အဲဒီတော့ အသားအရေအတွက် ကိုယ့်ကိုကိုယ်ပိုပြီးတော့ care လုပ်ရတယ်။ care လုပ်တယ်ဆိုတာကလည်း ပုံမှန်ပါပဲ ကျနော်တို့ Toner သုံးတယ်။ lotion တွေသုံးတယ် ယောက်ျားလေးဖြစ်နေတဲ့အတွက် အဲဒါတွေလည်း ပုံမှန်သုံးရတယ်။ အဓိကက လေ့ကျင့်ခန်းတခုခု လုပ်ဖို့လိုတာပေါ့။ ကိုယ်က Gym လည်း မသွားနိုင်တော့ အိမ်မှာပဲ ကစားဖြစ်တယ်။ နောက်ပြီး ဆောင်းတွင်းမှာ အသီးအနှံလည်း များများစားဖြစ်တယ်။ ဆောင်းတွင်းရောက်လာတာနဲ့ အသားကတော့ ခြောက်တာပဲလေ။ အဲဒီအတွက်ကတော့ အမြဲတမ်းဂရုစိုက်ရတယ်။ ကျန်တဲ့ဟာကတော့ ထူးထူးခြားခြားကြီး လုပ်ဖြစ်တာတော့ မရှိပါဘူး။ အသားအရည် ထိန်းသိမ်းတာကလည်း အမျိုးသမီးတွေ သာမကပဲ အမျိုးသားတွေပါ လိုအပ်ပါတယ်။ သရုပ်ဆောင်တွေသာမက အပြင်ကလူတွေလည်း လိုအပ်ပါတယ်။ တချို့က မလိုဘူးလို့ထင်နေပေမယ့်လည်း အသားအရည် ထိန်းသိမ်းမှုက လူတိုင်းအတွက် လိုအပ်ပါတယ်။ ညဘက်မှာဆိုရင်လည်း အသားအရည်ပြန်ကောင်းလာအောင် Night cream လိမ်းရမယ်။ ဒါကတော့ ကျနော်တို့ အနုပညာသမားမှ မဟုတ်ပါဘူးး။ ဒါလူတိုင်းလူတိုင်း လုပ်သင့်တယ် အထူးသဖြင့် အရွယ်မတိုင်ခင် မတွန့်သွားအောင် သူ့အရွယ်ကြောင့် အိုသွားတာကတော့ ပြသနာမရှိပါဘူး။
ကျနော်ကိုယ်တိုင်လည်း စိတ်ချမ်းသာအောင်ဘယ်လိုနေထိုင်လဲဆိုရင် ဖြစ်လာတဲ့အပေါ် ကိုယ်ရောက်နေတဲ့နေရာ ကိုယ်လုပ်နေတဲ့အလုပ် အဲဒါကို ကျေနပ်တာ မကျေနပ်တာထက် လက်ခံဖို့အရေးကြီးတယ်။ ကိုယ်လက်မခံရင် အမြဲတမ်းစိတ်ဆင်းရဲနေရမယ်။ ကိုယ်ဖြစ်ချင်တာကဘာလဲ ကိုယ်ဖြစ်ချင်တာကို အမြဲကြိုးစားသွားရမှာတော့ ကျနော်တို့ လူသားတွေရဲ့တာဝန်ပါပဲ။ မသေမချင်းတော့လည်း အလုပ်လုပ်နေရမှာပဲ ။ ဒါကြောင့်ကိုယ်လုပ်နေတဲ့အရာ ကိုယ်ရောက်နေတဲ့ နေရာကိုတော့ ကျေနပ်နေဖို့လိုတယ်။ နုပျိုနေဖို့ စိတ်ကို သမ မျှတစွာထားရမှာပဲ။ စိတ်ညစ်လာရင် အဲဒါကို အကြာကြီးစိတ်ညစ်မနေအောင် ဘယ်လိုဖြေရှင်းမလဲပေါ့ အဓိက အဲဒါပါပဲ။
အောင်မင်းခန့်
ရာသီဥတုတွေထဲမှာကျနော်က ဆောင်းရာသီကို အကြိုက်ဆုံးပါ။ ဒါပေမယ့် ရန်ကုန်ဆောင်းကတော့သိတဲ့အတိုင်းပဲ သိပ်မအေးတော့ဘူး။ ဆောင်းတွင်းမှာ အသားအရည် ဘယ်လိုထိန်းသိမ်းဖြစ်လဲဆိုရင် အသားအရည်အတွက် ကျနော် lotion လိမ်းဖြစ်တယ် ။ ကျနော်လိမ်းဖြစ်တဲ့ lotion က မျက်နှာရော ခန္ဓာကိုယ်အတွက်ရော လိမ်းလို့ရတယ်။ အဲဒါကဆောင်းတွင်းမှာပဲလိမ်းဖြစ်တယ်။ ကျန်တဲ့အချိန်တော့ မလိမ်းဖြစ်ဘူး။ မျက်နှာသစ်တာကျတော့ ကျနော် SKII တံဆိပ်သုံးဖြစ်တယ်။ ပြီးရင် Toner လိမ်းတယ် Night cream လိမ်းတယ်။ အပြင်ထွက်ရင် နေဒဏ်ကနေ ကာကွယ်ဖို့ နေလုံတဲ့ အဝတ်အစားတွေဝတ်ဖြစ်တယ်။ ဦးထုတ်ဆောင်းတယ် နေကာမျက်မှန်တပ်တယ်။ မျက်နှာကို Sun Block တခုခုလိမ်းသွားတယ်။ နောက်ပြီးဆောင်းတွင်းမှာ ကိုယ်လက်လှုပ်ရှားမှု တခုခုလုပ်ရင်သင့်တော်တယ်လေ။ လုပ်လဲလုပ်သင့်သလို လိုက်လဲ လိုက်စားသင့်ပါတယ်။ ကျနော်ဆို ဆောင်းတွင်းမှမဟုတ်ဘဲ ကျန်တဲ့ အချိန်တွေမှာရော Gym ဆော့ဖြစ်ပါတယ်။ ပြီးတော့ ရေကူးတယ်။ စားသောက်မှုပုံစံဆိုရင် အစားအသောက်ကို သက်သက်ကြီးရှောင်တာမျိုးတော့ မရှိပါဘူး။ ကိုယ်ကြိုက်ရင်တော့ကိုယ်စားလိုက်တယ်။ အသီးအနှံလည်း များများစားဖြစ်တယ် မနက်ပိုင်းဆိုရင် ရေ တစ်လီတာကို သောက်ဖြစ်တယ်။ ဝတ်စားဆင်ယင်မှုအပိုင်းမှာဆိုရင်လည်း ကျနော်က သိပ်ပြီးချွေးထွက်တတ်တဲ့အထဲမှာတော့ မပါပါဘူး။ ဒါကြောင့် အသားထူထူနဲ့ အဝတ်ဝတ်လဲ အဆင်ပြေ တယ်ပေါ့။ ဒါပေမယ့် အမြဲတမ်းတော့ အဲ့လိုမဝတ်ပါဘူး။ သူ့နေရာဒေသအလိုက်ရွေးချယ်ပြီး ဝတ်ဖြစ်ပါတယ်။အခုလို ရာသီဥတု အကူးအပြောင်းမှာ အဖြစ်များကြတာက နှာစီးချောင်းဆိုး ဖျားနာတယ် တုပ်ကွေးမိကြတာ အဖြစ်များတယ်။ ကျနော်ဆိုရင် ဖျားချင်ပြီဆိုရင် ကျနော်က ဘာလုပ်လဲဆိုရင် ဝိတ်သွားမတယ်။ အဲဒီအခါ ချွေးထွက်သွားတယ်။ အဲဒီအခါ ဖျားမယ့်အဖျားက ငုပ်မနေတော့ဘဲ အပူတွေ ပွင့်ထွက်သွားတယ်။ ကျနော်ကတော့ အဲဒီလိုပုံစံမျိုးနဲ့ ကာကွယ်တယ်။ အဲလိုပုံစံမျိုးနဲ့ မကာကွယ်ချင်ဘူးဆိုရင်လည်း ရေချိုးမမှားရအောင် ဂရုစိုက်သင့်တယ်။ အပြင်က ပြန်လာပြီးပြီးချင်းလဲ ချက်ချင်းရေမချိုးဘဲ နာရီဝက် လေးဆယ့်ငါးမိနစ်လောက် နားစေချင်တယ်။ နားပြီးမှ ရေချိုးတာတော့ အကောင်းဆုံးပါပဲ။
မေသန်းနု
ရန်ကုန်ဆောင်းကတော့ ဆောင်းရာသီ မဟုတ်သလိုပါပဲ၊ မနက် ည ဒီလောက်ပဲ နည်းနည်းပါးပါးအေးတယ်။ အရင်တုန်းကမှ နည်းနည်းအေးသေးတယ် မနက်ပိုင်းဆိုရင် မြူတွေဝေပြီး အခုက ဘာမှမရှိတော့ဘူး။ ပူလာတာတွေ များလာတယ်။ သိပ်မအေးတော့ဘူး။ ဆောင်းတွင်းလို့ကို မခေါ်နိုင်တော့ဘူး။ ပူနေတာပဲ။ ကိုယ်က သိပ်အေးရင်လည်း မကြိုက်ဘူး သိပ်အေးရင်လည်း ကိုယ်လက်လှုပ်ရှားမှုမရှိတော့ဘဲ ထုံထိုင်းနေသလိုပဲ၊ အမြဲတမ်း လူကလည်း နှေးကွေးနေသလိုပဲ။ လန်းဆန်းမှုလည်း သိပ်မရှိဘူးလို့ ခံစားရတယ်။ ရာသီဥတုဆိုရင် ပုံမှန်သင့်တင့်မျှတ တာကိုပဲ မဆင့်က ကြိုက်တယ်။
ဆောင်းရာသီမှာ အသားအရည်ထိန်းသိမ်းတာဆိုရင် မဆင့်တို့က အဓိက Body Lotion ကို လိမ်းဖြစ်တယ်။ body lotion မှာလည်း နှစ်မျိုးရှိတယ်လေ။ အရည်နည်းနည်းကျဲတာနဲ့ စေးကပ်တာနဲ့။ ကျဲတာကကျတော့ ရေဓာတ်ပါတာ များတယ်။ စေးကပ်တာက အဆီဓာတ်ပါတာ ပိုများတယ်။ မဆင့်တို့ကျတော့ ဆောင်းတွင်းမှာ အဆီဓာတ်ပါတာကို ပိုလိမ်းရတာပေါ့။ လိမ်းဖြစ်တာကလည်း တံဆိပ်အစုံလိမ်းဖြစ်တယ် တခုထဲ မလိမ်းဖြစ်ဘူး။ Body lotion ကို ပုံမှန်လိမ်းဖြစ်တယ်။ မျက်နှာမှာကျတော့ အရင်ဆုံး Toner လိမ်းဖြစ်တယ်။ ပြီးမှ အသားအရေကိုတင်းစေမယ့် cream တခုခုလိမ်းတယ်။ နောက်ပြီး Eye Cream လည်းလိမ်းရတယ်။ နောက်ဆုံးမှ မိတ်ကပ်ကိုလိမ်းဖြစ်တယ်။ သနပ်ခါးကို ကျတော့ မဆင့်တို့လည်း အရမ်းကြိုက်တယ်။ ရှူတင်သွားရင် ခြေတွေ လက်တွေကတော့ သနပ်ခါးကို အမြဲတမ်းလိမ်းသွားဖြစ်တယ်။ ဆောင်းတွင်းကျတော့ သိပ်မလိမ်းဖြစ်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဆောင်းတွင်းမှာ ကျတော့ သနပ်ခါးက လိမ်းပြီးရင် တင်းတင်းကြီး ဖြစ်နေတာလေ။ အသားအရေကို ပိုပြီးတွန့်သွားစေတယ်။ စားသောက်မှုပုံစံကဆိုရင် မဆင့်က ရေသောက်ဖို့ အမြဲမေ့နေတတ်တယ်။ အဓိကတော့အသီးအနှံစားဖြစ်တာ အသီးအနှံကို ဆယ့်နှစ်လရာသီ အကုန်စားဖြစ်တယ်။
အဝတ်အစားဝတ်ရင်လည်း ဆောင်းရာသီက နိုင်ငံခြားက ဆောင်းရာသီနဲ့မတူဘူး။ ဟိုကိုရောက်ပြီး ဝယ်လာတဲ့အဝတ်အစားတွေဆိုရင် ဒီရောက်ရင် တခုမှ မဝတ်ဖြစ်ဘူး။ သူကညဘက်နဲ့ မနက်ပိုင်းလောက်ပဲ နည်းနည်းလေးပဲ အေးတာကိုး။ ဒီမှာက ပေါ့ပေါ့ပါးပါးလေးနဲ့ လက်ရှည်ပါးပါးလေးလောက်ဝတ်ရင်ရတယ် နေခင်းကျရင် ပုံမှန်ပြန်ပူတော့ နေ့ခင်းကျရင် ချွတ်ရတာ အဆင်ပြေတဲ့ အဝတ်အစားမျိုးရွေးပြီး ဝတ်ဖြစ်တယ်။ ဆောင်းတွင်းက ရန်ကုန်မှာကသိပ်မသိသာပေမယ့် တချို့နယ်တွေမှာက သိသာတယ် ရာသီဥတုပြောင်းသွားတယ်။ အပြောင်းအလဲမှာ ဂရုမစိုက်ရင် နေမကောင်းဖြစ်တတ်ပါတယ်။ နောက်ပြီး ဆောင်းတွင်းမှာ ကိုယ်လက်လှုပ်ရှားမှုလေး တခုခုလဲလုပ်ပေးသင့်ပါတယ်။ မိန်းကလေးတွေဆိုရင် အိမ်မှာ အထိုင်များရင် ကိုယ်လက်လှုပ်ရှားမှုနည်းရင် ခန္ဓာကိုယ်မှာ ဗိုက်မှာ အဆီတွေ စုလာမယ်၊ ဒါကြောင့် လှုပ်ရှားမှုလေး ရှိသင့်တယ်။ အဓိက လမ်းလျှောက် ပေးသင့်တယ်။
မေဘရဏီသော်
ရန်ကုန်ဆောင်းရာသီက သိပ်လည်း မအေးဘူး။ သိပ်လည်းမပူတဲ့ရာသီလို့ပြောလို့ရပါတယ်။ အဆင်တော့ပြေပါတယ်။ ဒါပေမယ့် ရန်ကုန်နဲ့ယှဉ်ရင် တခြားနယ်မှာက ပိုပြီး နေလို့ထိုင်လို့်ကောင်းတယ်လို့ ထင်ရတယ်။ ဟိုတရက်က ပုဂံကိုသွားဖြစ်တယ်။ ပုဂံက ဆောင်းရာသီက အရမ်းနေလို့ကောင်းတယ်လို့ခံစားခဲ့ရတယ်။
ဆောင်းတွင်းမှာ အသားအရေအတွက် Lotion တွေကို ညဘက်တွေရော နေ့ဘက်တွေရောလိမ်းတယ်။ ဘာလို့လည်းဆိုတော့ ဒီအချိန်က အသားအရေ အရမ်းခြောက်တဲ့ အချိန်လေ။ ခန္ဓာကိုယ်အတွက် အသားအရေအတွက် အစိုဓာတ်က ပိုပြီးလိုအပ်တဲ့အချိန်ဆိုတော့ lotion ကို များများလိမ်းတယ်။ ရေများများ သောက်တယ်။ အသားအရည်ကို ထိန်းသိမ်းပေးတဲ့ အားဆေးတွေလည်းသောက်ဖြစ်တယ်။ lotion က Victoria secret ကိုလိမ်းဖြစ်တယ်။ မျက်နှာပိုင်းမှာ Day cream ကိုသိပ်ပြီး မလိမ်းဖြစ်ဘူး။ night cream ကို ဦးစားပေးပြီးလိမ်းဖြစ်တယ်။ ကိုယ့်အသားအရေ မခြောက်နေအောင်များသောအားဖြင့် lotion ကို အဓိကထားလိမ်းဖြစ်တယ်။ နောက်ပြီး အသီးအနှံများများစားတယ်။ spa ကိုတော့သိပ်ပြီးမသွားဖြစ်ဘူး။ Sun Block ကိုသုံးဖြစ်တဲ့အချိန်က များသောအားဖြင့် ရှူတင်ရှိတဲ့အချိန်မှာ သုံးဖြစ်တယ်။ အောက်ဒိုးရှိတဲ့ အချိန်ကျမှ လိမ်းဖြစ်တယ်။ အပြင်မထွက်ဖြစ်ရင် Sun Block အစား အစိုဓာတ်များများပါတဲ့ lotion ကို လိမ်းဖြစ်တယ်။ ကိုယ်လက်လှုပ်ရှားမှုအနေနဲ့ဆိုရင် ညီမက Gym ကစားဖြစ်တယ်။ တပတ်ကို လေးရက် ငါးရက်လောက်တော့ ကစားဖြစ်တယ်။ အိမ်မှာဆိုရင်လည်း ဗိုက်သားလေ့ကျင့်ခန်းရယ် တခြားသွေးပူလေ့ကျင့်ခန်းတွေကို လုပ်ဖြစ်တယ်။ အစားအသောက်မှာဆိုရင် ဒီလိုအချိန်ဆို ညီမက စပျစ်သီး၊ ပန်းသီးနဲ့ တခြား အရည်ရွှမ်းတဲ့ အသီးတွေစားဖြစ်တယ်။ နောက်ပြီး ဖျော်ရည်ကိုလည်း သောက်ဖြစ်တယ်။ စတော်ဘယ်ရီဖျော်ရည်နဲ့ ထောပတ်သီးဖျော်ရည်ကိုလည်း သောက်ဖြစ်တယ်။ အစားအသောက်နဲ့ပတ်သက်ရင် ကိုယ်ကသိပ်ပြီးတော့ ရှောင်တာတော့ မရှိပါဘူး။ အရမ်းကြီး ပူတာ စပ်တာလည်း မစားဘူး။ အရမ်းအေးတဲ့ အစားအစာတွေလည်း ရှောင်သင့်တယ်။ အဆီအစိမ့်တွေလည်း မစားဖြစ်ဘူး။ ဝတ်စားဆင်ယင်မှုဆိုရင် ရန်ကုန်ဆောင်းက ကုတ်အကျီတွေလည်း ဝတ်လို့မရဘူးလေ။ ပေါ့ပေါ့ပါးပါးနဲ့ စတိုင်လ်လည်းကျအောင် ဝတ်လို့ရမယ့်ပုံစံမျိုးလေးတွေ ဝတ်ဖြစ်တယ်။ ညဘက်နဲ့ မနက်ခင်းပိုင်းမှာတော့ သိပ်မထူတဲ့ ကုတ်လေးတွေဝတ်ပြီးတော့ စတိုင်လ်ထုတ်ဖြစ်ပါတယ်။ ရာသီဥတုအကူးအပြောင်းမှာ ဖျားတာနာတာလည်း ဖြစ်တတ်တော့ ရာသီဥတုနဲ့အညီ နေထိုင်တာလည်းကောင်းပါတယ်။ ကျန်းမာရေးကိုလည်း ဂရုစိုက်သင့်တယ်။ လူကျန်းမာမှ စိတ်ကျန်းမာမယ် ဒါမှလည်းကိုယ့်ရဲ့ လူနေမှုပုံစံက မြင့်တက်လာမှာ ဖြစ်ပါတယ်။