အီတလီနိုင်ငံသား အသက် ၅၆ နှစ်အရွယ်ရှိ ဖူဘီယာ ပဲယ်လီဂရီနို ဆိုတဲ့ လိင်ပြောင်းလဲထားသော အမျိုးသမီးဟာ အမေရိကန်ဒေါ်လာ ၇ သောင်း ၆ ထောင် အကုန်အကျခံကာ ခွဲစိတ်ပြုပြင်ခြင်းများကို ပြုလုပ်ခဲ့ပါတယ်။ သူခွဲစိတ် ပြုပြင်လိုက်တာတွေက နှုတ်ခမ်းကိုကြီးထွားအောင် ပြင်ဆင်ခြင်း၊ ပါရိုးတွေဖြည့်တင်းခြင်း၊ ဆီလီကွန်များကို ရင်သားထဲသို့ထည့်သွင်းခြင်း၊ ခန္တာကိုယ်မှာရှိတဲ့ အဆီပိုတွေကို စုပ်ထုတ်ခြင်း စတာတွေဖြစ်ပြီး ဒီလိုပြုပြင်ပြောင်းလဲမှုတွေကို သူ့အမျိုးသမီးရဲ့ ထောက်ခံအားပေးမှုနဲ့အတူ ရပ်တန့်သွားမှာ မဟုတ်ဘူးလို့ သူက Daily Mail သတင်းဌာနသို့ ဇန်နဝါရီ ၆ ရက်နေ့က ပြောကြားခဲ့ပါတယ်။
ဖူဘီယာဟာ ဆယ်ကျော်သက်အရွယ်မှာကတည်းက လိင်ပြောင်းလဲခြင်းကို စိတ်ဝင်စားခဲ့ပေမယ့် သူ့ရဲ့ ဘာသာရေးကိုင်းရှိုင်းသော မိသားစုကြောင့် အသက် ၄၀ အရွယ်နီးပါးထိတိုင်အောင် သူ့ရဲ့ စိတ်ရင်း ဘဝအမှန်ကို ပုန်းကွယ်ပြီး ယောက်ျားကြီးတယောက်လို ကျားကျားလျားလျား နေထိုင်ခဲ့ရတာပါ။
အဲ့ဒီလိုသူ့စိတ်ရင်းဘဝအမှန်ကို ပုန်းကွယ်နေထိုင်နေရင်း လက်ရှိသူ့အမျိုးသမီးဖြစ်သူ မာရီစာနဲ့ လွန်ခဲ့သော ၃၂ နှစ်က တွေ့ဆုံခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဖူဘီယာဟာ သူ့ရဲ့ ဘဝအမှန်ကို အမျိုးသမီးဖြစ်သူ မာရီစာအား ရင်ဆိုင်ပြောဆိုဖို့ လွန်ခဲ့သော ၁၆ နှစ်က ဆုံးဖြတ်ချက်ချခဲ့ပါတော့တယ်။
ဖူဘီယာဟာ လက်ရှိမှာ အလုပ်အကိုင်မရှိတော့တဲ့အပြင် အခုလို ခွဲစိတ်ပြုပြင်နိုင်ဖို့အတွက် သူ့ပိုင်ဆိုင်မှုတချို့ကိုပါ ရောင်းချခဲ့ရကာ လတ်တလောမှာ သူ့အမျိုးသမီးလုပ်စာနဲ့ မှီခိုရပ်တည်နေရတာပါ။ သူ့အနေနဲ့ အခုလို ပြောင်းလဲမှုဟာ သူ့အမျိုးသမီးဖြစ်သူ မာရီစာရဲ့ အားပေးထောက်ပံ့မှုကြောင့် ကောင်းကောင်းမွန်မွန်ရပ်တည်နိုင်ခဲ့တယ်လို့ ဆိုနိုင်ပေမယ့် ဒီ့မတိုင်ခင် အစပထမမှာတော့ သူ့ရဲ့ အခြေအနေမှန်ကို သိလိုက်ရသော အမျိုးသမီးဖြစ်သူ မာရီစာအနေနဲ့ မယုံကြည်နိုင်အောင်ဖြစ်ခဲ့ပြီး စိတ်ရောဂါပညာရှင်တွေရဲ့ အကူအညီ အကြံပေးချက်ကိုပါ ရယူခဲ့ရဖူးတယ်လို့ သူကဆိုပါတယ်။
ဖူဘီယာဟာ အခုလို လိင်ပြောင်းလဲခြင်းကြောင့် သူ့မိသားစုရဲ့ စွန့်ပစ်ကိုလည်းခံခဲ့ရတဲ့အပြင် ဝမ်းနည်းကြေကွဲ စွာနဲ့ သူ့အဖေရဲ့ တားမြစ်ခြင်းကိုပါ ခံခဲ့ရပါတယ်။
သို့သော် ဖူဘီယာကတော့ သူ့ခန္တာကိုယ်ကို ပိုမိုပြည့်စုံအောင်လုပ်သွားဖို့ ရည်ရွယ်ထားတဲ့ အစီအစဉ်များရှိတဲ့အပြင် သူစိတ်ကူးရည်ရွယ်ထားတဲ့ လုံလောက်ပြည့်စုံမှုတွေရရှိသည့်တိုင်အောင် သူ့ရဲ့ခွဲစိတ်ပြုပြင်ခြင်းများကို ဆက်လက်လုပ်ကိုင်သွားဖို့ ရှိပါတော့တယ်။
Ref: Global Times