ကြိုးတပ် တူရိယာတွေထဲမှာတမျိုး အပါအဝင်ဖြစ်ပြီး လူငယ်တွေအကြားမှာ ရေပန်းစားတဲ့တူရိယာကတော့ ဂစ်တာပဲ ဖြစ်ပါတယ်။ ဟိုအရင်တုန်းကတော့ ညဘက်ဆိုရင် ကိုယ်စိတ်ဝင်စားတဲ့ ကောင်မလေး အိမ်ရှေ့မှာ သူငယ်ချင်းတွေနဲ့ သွားပြီးဂစ်တာတီးသီချင်းဆိုတာမျိုးရှိခဲ့ဖူးပေမယ့် Social network တွေ ခေတ်စားလာ ပြီးတဲ့နောက်ပိုင်းမှာ အဲဒီအလေ့အထလေးပျောက်သွားတာကို တွေ့ရပါတယ်။ တက္ကသိုလ်ရဲ့ မိန်းကလေး အဆောင်၊ ဆရာမဆောင်တွေရှေ့မှာလည်း တချိန်ကဂစ်တာသံတွေ ညံဖူးခဲ့ပါတယ်။
စိတ်ညစ်နေတဲ့အချိန်ပဲဖြစ်ဖြစ်၊ တယောက်တည်းရှိနေရင်ပဲဖြစ်ဖြစ် ဂစ်တာတလုံးက တကယ့်အဖော်မွန်ပါပဲ။ ဂစ်တာတီးရင်း သီချင်းညည်းရတဲ့ ဖီလင်က တကယ့်ကိုဘာနဲ့မှမတူပါဘူး။ သူငယ်ချင်းတွေနဲ့လည်း လူစုံရင်၊ ဒါမှမဟုတ် အဖွဲ့လိုက် ပျော်ပွဲစားထွက်ကြရင် ဂစ်တာတီးပြီးသီချင်းဆိုတာက ပိုပြီးစိုပြေစေမှာပါ။ ဒီဖက်ခေတ်မှာ ခေတ်စားတဲ့ Pop, Rock, R&B, Metal, country, Punk စတဲ့ သီချင်းပုံစံမျိုးစုံကို တီးခတ်နိုင်မှာပါ။
ဂစ်တာတွေထဲမှာလည်း Electric guitar, Hollow အစရှိသည်ဖြင့် အမျိုးမျိုးရှိပေမယ့် ဟော်လိုဂစ်တာကတော့ သိပ်မတီးတတ်သေးတဲ့ လူငယ်တွေအတွက် တနိုင်တပိုင်ရှိတာ တွေ့ရပါတယ်။ ဂစ်တာခရေဇီလူငယ်လေးတွေ စုပေါင်းပြီးအဖွဲ့လိုက် တီးခတ်တဲ့အခါမျိုးတွေမှာလည်း ဟော်လိုဂစ်တာက လျှပ်စစ်ရှိစရာမလိုတဲ့အတွက် အဆင်ပြေတာပေါ့။
ပြည်တွင်းဖြစ်၊ နိုင်ငံခြားဖြစ် ဂစ်တာအမျိုးမျိုးရှိပေမယ့် ဂစ်တာအတီးသင်ခါစလူငယ်တွေအနေနဲ့ကတော့ ပြည်တွင်းဖြစ် ဂစ်တာတွေက အရမ်းလည်း ဈေးမကြီးဘဲ တော်ရုံတန်ရုံပွဲတော့ တိုးနိုင်ပါတယ်။ ဂစ်တာဆိုတာ တခြားတူရိယာတွေနဲ့ တွဲဖက်မတီးလည်း တကိုယ်ရေအတွက် အဆင်ပြေတဲ့ တူရိယာဖြစ်တာမို့ ရှိထားသင့်ပြီး အနည်းဆုံးကိုယ့်ကိုယ်ကိုယ် ဖျော်ဖြေဖို့ တတ်သင့်တဲ့ ပညာတမျိုးလို့ ဆိုချင်ပါတယ်။ ပရော်ဖက်ရှင်နယ် အဆင့်အထိမတီးတတ်ရင်တောင် သူငယ်ချင်းတွေ စုံတဲ့အခါမျိုး၊ ပျော်ပွဲရွှင်ပွဲရှိတဲ့အခါမျိုးမှာ တီးခတ်နိုင်ဖို့နဲ့ တယောက်တည်းရှိနေရင်လည်း အသည်းကွဲတဲ့အခါ ဖြစ်ဖြစ်၊ ပျင်းလို့ပဲဖြစ်ဖြစ်၊ အလွမ်းပြေပဲဖြစ်ဖြစ် သီချင်းလေးညည်းရင်း စိတ်ကိုအဆင်ပြေစေနိုင်ဖို့ လိုအပ်ပါမယ်။
အခုလိုတိုးတက်လာတဲ့ ခေတ်ရေစီးထဲမှာ နိုင်ငံခြားဖြစ် ဂစ်တာတွေကိုလည်းအလွယ်တကူဝယ်ယူနိုင်နေပါပြီ။ ဒါ့အပြင် ယောကျာ်လေးတွေသာမက၊ မိန်းကလေးတွေပါ ဂစ်တာတီးဖို့ကို စိတ်ဝင်စားလာကြတာ တွေ့ရပါတယ်။ အရင်ကတော့ လူကြီးမိဘတွေက မိန်းကလေးနဲ့ ဂစ်တာမဆိုင်ဘူးလို့ တားမြစ်ကြပေမယ့် ဒီနေ့ခေတ်မှာတော့ ခေတ်မီတဲ့ မိဘတွေက ဝါသနာပါတဲ့ သမီးမိန်းကလေးတွေကို ခွင့်ပြုပံ့ပိုးလာကြပါပြီ။ ဈေးနှုန်းတွေအနေနဲ့ နိုင်ငံခြားဖြစ် ဂစ်တာတွေက ကျပ် ၁ သိန်းကျော်၊ ၂ သိန်းကနေ သိန်းဆယ်ဂဏန်းအထိ ရှိပါတယ်။ ပြည်တွင်းဖြစ် ဟော်လိုဂစ်တာတွေကတော့ သောင်းဂဏန်းသာရှိတဲ့အတွက် သိပ်ပြီးဈေးများတယ်လို့ မဆိုနိုင်ပါဘူး။ နှစ်သစ်မှာဘဝအမောတွေ ပြေစေနိုင်ဖို့ အဖော်မွန်ဖြစ်တဲ့ ဂစ်တာလေးတွေအကြောင်း ဖော်ပြပေး လိုက်ပါတယ်။