Lifestyle

ပရိသတ်ဘယ်တော့မှ မရိုးတာ မြန်မာဆန်ဆန်နဲ့ ကျက်သရေ ရှိတဲ့ ပုံပါပဲ

This article has been converted from Zawgyi One to Unicode

မြန်မာမော်ဒယ်လ်ထဲမှာ ဆွဲဆောင်မှုရှိတဲ့ မျက်နှာပေးနဲ့ရော၊ ချစ်စရာကောင်းတဲ့ ဟန်ပန်နဲ့ရော နှစ်မျိုးစလုံးနဲ့ ပရိသတ်ကို ဆွဲဆောင်နိုင်တဲ့ မော်ဒယ်လ် သရုပ်ဆောင်ဆိုတာ ရှားပါတယ်။ ဒါပေမယ့် အဲဒီနှစ်မျိုးစလုံးနဲ့ ပရိသတ်ရဲ့ ချစ်ခင်အားပေးမှု ရရှိထားသူ တယောက် ရှိနေပါတယ်။ သူကတော့ အေးမြတ်သူပါ။ အေးမြတ်သူက အခုဆိုရင် မော်ဒယ်လ် သရုပ်ဆောင် လောကမှာ ကျင်လည်နေတာ ဆယ်စုနှစ်နီးပါး ရှိလာပြီး အနုပညာလောကမှာ နာမည် တလုံးနဲ့ ရပ်တည်ထားနိုင်သူပါ။

လတ်တလောမှာ ကိုယ်ခန္ဓာကိုယ် Gym ကစားခြင်းနဲ့ ထိန်းသိမ်းထားပြီး သူရဲ့ ခပ်လန်းလန်းပုံတွေက မဂ္ဂဇင်းကာဗာ၊ အွန်လိုင်းတွေမှာ ပျံ့နှံ့နေပါတယ်။ မော်ဒယ်လ် သရုပ်ဆောင်များစွာ နောက်ထပ် ပေါ်ပေါက် လာပေမယ့် သူ့ရဲ့ ဆွဲဆောင်မှုရှိတဲ့ ဟန်ပန်တွေက ပရိသတ်ကို ဆွဲဆောင်ထားနိုင်ဆဲပါပဲ။ ဒါကြောင့် အေးမြတ်သူရဲ့ ဘဝ နေထိုင်မှုပုံစံ၊ ဆွဲဆောင်မှု ရှိတယ်ဆိုတာ ဘာလဲ၊ ခန္ဓာကိုယ်ကို ဘယ်လို ထိန်းသိမ်းထားဖြစ် နေလဲဆိုတာ ဖော်ပြဖို့အတွက် ဧရာဝတီ သတင်းထောက် ယုမွန်ကျော်က တွေ့ဆုံ မေးမြန်းထားပါတယ်။

မေး။ ။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က အေးမြတ်သူအတွက် ဘယ်လိုနှစ်တနှစ် ဖြစ်ခဲ့လဲ။

ဖြေ။ ။ ၂၀၁၅ ခုနှစ်က အေးမြတ်သူအတွက် တော်တော်ကို လပ်ကီး ကောင်းတဲ့နှစ် တနှစ်ပါ။ ပရိသတ်ရဲ့ အာရုံစူးစိုက်မှု၊ ပရိသတ်ရဲ့ ချစ်ခင်မှုတွေနဲ့ နောက်ပြီး အလုပ်အကိုင်မှာ ဆိုရင်လည်း ကားကြီးတွေ ရိုက်ခဲ့ရတယ်။ ကားကြီးတွေ ခြောက်ကားနီးနီးလောက် ရိုက်ကူးခဲ့ရတယ်။ ပရိသတ် အာရုံစိုက်ခံရမယ့် ကာရိုက်တာတွေနဲ့ ဇာတ်ကားတွေ ရိုက်ကူးခွင့်ရတဲ့ နှစ်တနှစ်ပါပဲ။ ပြောရမယ်ဆိုရင် ၂၀၁၅ ခုနှစ်က အေးမြတ်သူအတွက် တော်တော်ကို ကောင်းခဲ့တဲ့ နှစ်တနှစ်ပါပဲ။ အကောင်းတွေက များပါတယ် ၈၀ ရာခိုင်နှုန်းလောက်က ကောင်းတယ်။ အဆိုးတွေက တော်တော်ကို နည်းပါတယ်။

မေး။ ။ အရင်ကထက်စာရင် ၂၀၁၅ ခုနှစ်အတွင်းမှာ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲစေခဲ့တာ ဘာတွေလို့ မြင်မိလဲ။

ဖြေ။ ။ ဖက်ရှင်လည်း ပြောင်းတယ်။ ခန္ဓာကိုယ်ပိုင်းလည်း ပြောင်းတယ်။

မေး။ ။ ခန္ဓာကိုယ်ပိုင်း ပြောင်းလဲလာတာက အေးမြတ်သူ GYM ကစားတယ်လို့ သိရတယ်။ အဲဒါ ကစားတာ ဘယ်လောက် ကြာပြီ၊ ဘယ်လို အကျိုးတွေ ရလာတယ် လို့ ပြောပြချင်လဲ။

ဖြေ။ ။ ကစားတာ တနှစ်ပြည့်တော့မယ်။ ဒါကစားတဲ့အတွက် ဆိုးကျိုးကတော့ လုံးဝကို မရှိပါဘူး။ ကောင်းကျိုး ကတော့ တော်တော်ကို ရှိပါတယ်။ အသားအရေတွေ ကြည်လာတယ်၊ ညောင်းညာ ကိုက်ခဲမှုတွေ ကင်းတယ်။ လန်းဆန်းတယ်၊ ချွေးပုပ်တွေ ထွက်သွားတဲ့အတွက် ခန္ဓာကိုယ်ရဲ့ သွေးလေ လည်ပတ်မှု ကောင်းတယ်။ သွေးခုန်နှုန်းတွေ၊ သွေးစီးဆင်းမှုတွေ ကောင်းတယ်။ ခန္ဓာကိုယ်ကြံ့ခိုင်မှု အတွက်ရော၊ ကျန်းမာရေး အတွက်ရော အရမ်းကို အဆင်ပြေတဲ့ အရာပါပဲ။ အရင်ကထက် ကိုယ့်ကိုယ်ကို ပိုပြီးယုံကြည်မှု ရှိလာတယ်။ ဓာတ်ပုံရိုက်ရင်လည်း ပေးရတဲ့ Pose တွေရော၊ ဝတ်ရတဲ့ အဝတ်အစားတွေရော ပိုပြီး အဆင်ပြေလာတယ်။

မေး။ ။ အရင်ကလည်း ဓာတ်ပုံရိုက်တဲ့အခါ Sexy pose တွေ လုပ်ခဲ့ဖူးတယ် အခုချိန်မှာ အဲဒီလို Sexy pose နဲ့ ဓာတ်ပုံ အရိုက်ခံရတဲ့အခါ ကြည့်တဲ့ ပရိသတ်က ပိုပြီး အဆင်ပြေလာတယ်လို့ မြင်ကြတယ်။ အဲဒီအပေါ် အေးမြတ်သူက ဘယ်လို ပြောပြချင်လဲ။

ဖြေ။ ။ အဓိက သူက Pose ကတော့ အတူတူပဲ။ ဒါပေမယ့် အရင်တုန်းက ပေါင်က ကြီးနေမယ်၊ လက်မောင်းက ကြီးနေမယ်။ အဲဒီအခါ ကြည့်ရတာ မျက်စိ ပသာဒ မဖြစ်ဘူး။ Pose တွေက မိုက်လာတာ မဟုတ်ဘူး၊ ခန္ဓာကိုယ်က သူ့ရဲ့ မရှိသင့်တဲ့ အဆီတွေ မရှိတော့တဲ့အခါကျတော့ ကိုယ်က ပေါင်လေး စင်းထားမယ်၊ ခြေထောက်လေး ချထားမယ်၊ အရင်က ပေါင်က ကြီးနေတဲ့ အခါကျတော့ ကြည့်ရတာ မျက်စိပသာဒ မဖြစ်ဘူးလေ။ လက်မောင်း မှာလည်း အရင် အဆီတွေ ရှိနေမယ်၊ အခုက အဆီတွေ မရှိတော့ဘူး။ ပြောချင်တာက ဘာလဲဆိုတော့ Pose က အတူတူပဲ၊ ဒါပေမယ့် လူတွေက ခန္ဓာကိုယ်ပေါ် ကြည့်ပြီး လူတွေရဲ့ မျက်စိသာ ပြောင်းလဲသွားတာပါ။

မေး။ ။ Sexy ဖြစ်တယ် ဆိုတာကို မော်ဒယ်လ်တယောက်အနေနဲ့ ဘယ်လိုမျိုးဆိုတာ ပြောပြချင်လဲ။

ဖြေ။ ။ အေးမြတ်သူ အနေနဲ့ဆိုရင် Sexy ရော Cute ရောဖြစ်ချင်တယ်။ Sexy ဘက်ချည့်ပဲလည်း အရမ်း မသွားချင်ဘူး။ ဒါ အမှန်အတိုင်း ပြောပြတာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ အေးမြတ်သူတို့က မင်းသမီး လုပ်ရတာလေ။ ဒါကြောင့် ဆွဲဆောင်မှု ဆိုတာက နေရာတိုင်းတော့ သိပ်အရေးမကြီးဘူး ရှင့်။ တခါတလေကျရင် ပရိသတ်ရဲ့ ချစ်ခင်မှု လည်း လိုတယ်။ ကိုယ်က မြန်မာတယောက် ဖြစ်နေတာကိုး။ အေးမြတ်သူတို့က မြန်မာနိုင်ငံသား ဖြစ်တဲ့ အတွက် မြန်မာတွေက နှစ်လိုဖွယ်အပြုံးကို သဘောကျ ကြတယ်။ ချစ်စရာကောင်းတဲ့ ပုံစံ အိုက်တင်တွေကို သဘောကျတာ ဆိုတော့ အေးမြတ်သူ အမြဲတမ်း Sexy မဖြစ်ချင်ပါဘူး။ အမြဲတမ်းလည်း မလုပ်ပါဘူး။

အေးမြတ်သူသည် ပရိသတ်ကို ချစ်တယ်၊ ပရိသတ်တွေကလည်း အေးမြတ်သူကို Sexy တွေပဲလုပ်တာ မကြိုက်ပါဘူး။ ဒါပေမယ့် တခါတလေ လုပ်မိတာတော့ ရှိတာပေါ့။ ဒါပေမယ့် ၁၀၀ ရာခိုင်နှုန်းကတော့ မကြိုက်ကြဘူး။ ဒါကြောင့် အေးမြတ်သူကလည်း Sexy ဆိုပြီး အတင်းလုပ်မယူဘူး။ အေးမြတ်သူသည် ချစ်စရာကောင်းတဲ့ သူတယောက်လည်း ဖြစ်ချင်ပါတယ်။ အသက်ကြီးလာ လေလေ ပိုငယ်ချင်လာ လေလေပဲ။ နောက်ပြီး Sexy လုပ်ရတာက ရုပ်ကိုပိုရင့်တယ်။ Sexy လုပ်တဲ့ မျက်နှာအနေ အထားက လူကို ပိုရင့်စေတယ်။ အေးမြတ်သူက အဲဒါကို သိပ်မကြိုက်ဘူး။

အေးမြတ်သူက ကိုယ့်ကို နုပျိုစေတဲ့ အပြုံးချိုချိုလေးတွေကို ပိုပြီး သဘောကျတယ်။ အဲဒီအတွက်လည်း အဲဒီနှစ်ခုကို အမြဲခွဲပြီး လုပ်ပါတယ်။ နောက်ပြီး Sexy လို့ အေးမြတ်သူက မသုံးချင်ဘူး။ ဆွဲဆောင်မှု ရှိတယ်လို့ သုံးချင်တယ်။

မေး။ ။ ဒါဆို အသက်အရွယ်အရဆိုပြီး Sexy pose တွေ၊ ဆွဲဆောင်မှု ရှိတဲ့ပုံတွေ မရိုက်ချင်တော့တဲ့ အခါရော ရှိလား။

ဖြေ။ ။ အင်း … အေးမြတ်သူလည်း ဓာတ်ပုံရိုက်တိုင်း Sexy pose တွေ အမြဲတမ်း မလုပ်ဖြစ်ပါဘူး။ မလိုအပ်ဘူး လို့လည်း ထင်ပါတယ်။ အသက်အရွယ်အရ တည်ငြိမ်ရင့်ကျက် အောင်လည်း အမြဲတမ်း ကြိုးစားပြီးတော့ နေပါတယ်။ ဒါပေမယ့်လည်း ကိုယ်က မိန်းမတယောက်ဆိုတော့ ကိုယ်လှတာကို ပြချင်တာလည်း ရှိတယ်လေ။ ဒါက မိန်းမ တယောက် ဖြစ်နေတဲ့ အတွက်ကြောင့် လေ။ နောက်ပြီး ကိုယ့်ရဲ့ကြိုးစားမှုပေါ့။ ကိုယ်က ဒီ Gym ကို အချိန်ရော လူတွေ နှစ်ပြီး လုပ်ထားတယ်။ ကိုယ်ရလာတဲ့ အကျိုးကျေးဇူး၊ အဲဒါကိုလည်း ပရိသတ်ကို ရစေချင်တယ်။ လေ့ကျင့်ခန်း လုပ်တဲ့ အခါ ဒီလို ပြောင်းလဲ လာတယ် ဆိုတာကို ပြောချင်တယ်။ အဲဒီလိုမျိုးလေးတွေကြောင့် ရိုက်ဖြစ်တယ်။

မေး။ ။ အခုနောက်ပိုင်း အွန်လိုင်းမှာ ဒီလိုလုပ်မှ၊ ဖော်မှ နာမည်ကြီးမယ်လို့ ထင်ပြီး Sexy pose တွေနဲ့ မော်ဒယ်လ်တွေ ရှိလာတယ်။ အဲဒီအပေါ်ကိုရော အေးမြတ်သူက ဘယ်လိုပြောချင်လဲ။

ဖြေ။ ။ အေးမြတ်သူ ပြောချင်တာက အေးမြတ်သူ အသက်အရွယ် အရလည်း လူတွေ အာရုံရအောင် စိတ်ဝင်စားမှု ရှိအောင် လုပ်ရမယ့် အရွယ်လည်း မဟုတ်တော့ဘူး။ အေးမြတ်သူ အနေနဲ့ ဒီလိုပုံ လေးတွေ ထွက်လာတာ ရှိတယ်။ အဲဒါသည် အေးမြတ်သူ ပရိသတ်ကို စိတ်ဝင်စားအောင်၊ နာမည်ကြီးအောင် လုပ်တာ မဟုတ်ပါဘူး။ အဲဒီတခု အေးမြတ်သူ ပြောချင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အေးမြတ်သူရဲ့ အသက်အရွယ်အရ၊ အေးမြတ်သူ လျှောက်နေတဲ့ လမ်းအရ လက်ရှိ လုပ်နေတဲ့ အလုပ်တွေအရ ဒီဟာကို အသုံးချပြီး ပရိသတ်ဆီက အာရုံစိုက်မှုကို ယူရမယ့် အရွယ်လည်း မဟုတ်တော့ဘူး။ ယူရမယ့် အခြေအနေလည်း မဟုတ်တော့ဘူး။ အဲဒီတခုကို အေးမြတ် သူ ကိုယ့်ကိုယ်ကို လိပ်ပြာလုံတယ်။

အေးမြတ်သူသည် ပရိသတ်ကို မှားယွင်းသော စိတ်နဲ့ ဒီထက်ပို နာမည်ကြီးအောင် လုပ်မယ့်သူ မဟုတ်ဘူး။ ကျန်းမာရေး ရလဒ်ကို လိုက်စားတဲ့ အတွက် အသိပေးတာပဲ ရှိတယ်။ တချို့ရှိပါတယ်၊ အွန်လိုင်းမှာ တင်ကြတယ်၊ အကုန်လုံးက အနုပညာပိုးတွေ ရှိကြတယ်။ Sexy ဖြစ်အောင် ရိုက်ပြီး ပုံတွေ တင်ကြတယ်။ ပြောချင်တာကတော့ ဒါကတော့ မှားတဲ့ အယူအဆပါ။ ပရိသတ်ဆီမှာ နေရာရဖို့ ဆိုတာ ကိုယ်လုပ်တဲ့ အလုပ်တခုကို အကောင်းဆုံး ကြိုးစားပြပြီး ပရိသတ်အချစ်ကို ယူပါ။ ဒီလိုပုံတွေနဲ့ ကွန်မန့်တွေ တက်လာပြီး Likes တွေ များဖို့ အတွက်နဲ့တော့ ပရိသတ်ရဲ့ အချစ်ကို ရမှာ မဟုတ်ပါဘူး။ ပရိသတ်ရဲ့ ခဏ အာရုံစိုက်မှုကိုပဲ ရမှာပါ။

အေးမြတ်သူလည်း အဲဒါကိုပဲ လက်ကိုင်ထား ပါတယ်။ ဥပမာ ကိုယ့်ဆီရောက်လာတဲ့ မဂ္ဂဇင်း၊ ဂျာနယ် ကာဗာ ရိုက်မယ်၊ ဒါဆို အဲဒါကို အကောင်းဆုံး ဖြစ်အောင် Perfect ဖြစ်အောင် ပရိသတ်ကို ချပြလိုက်ပါ။ အဲဒီအခါ ပရိသတ် အချစ်တွေက အလိုလိုနေရင်း ရလာပါလိမ့်မယ်။ ကိုယ်တိုင်လည်း အဲဒီလိုပဲ ခံယူထားပါတယ်။

မေး။ ။ အသားအရေ ထိန်းသိမ်းထားမှု အပိုင်းကရော ဘယ်လိုရှိပါသလဲ။ အခုအချိန်က ဆောင်းတွင်း ဆိုတော့ ဆောင်းရာသီမှာ အေးမြတ်သူရဲ့ အသားအရေ ထိန်းသိမ်းမှု အပိုင်းက ဘယ်လိုမျိုးလဲ။

ဖြေ။ ။ အေးမြတ်သူက မျက်နှာထက် အသားအရေ ထိန်းသိမ်းရတာကို အရမ်းစိတ်ဝင်စားတယ်။ အရေပြားကို ပြောတာ၊ ဖြူတာ ညိုတာကို မပြောဘူး။ စိုပြီးဝင်းနေတာကို ကြိုက်တယ်။ တချို့က မည်းတယ် ဒါပေမယ့် အသားအရေ က စိုတယ်၊ တချို့က ဖြူပေမယ့် အသားအရေ ခြောက်တယ်။ အသားအရေက ဖြူတာ မည်းတာကို မပြောဘူး။ ဒါပေမယ့် အသားအရေရဲ့ သန့်ရှင်းရေးက အရေးကြီးတယ်။ အဲဒီ အသားအရေကို အေးမြတ်သူက Care လုပ် တယ်။ ရာသီဥတုက တအားပူတဲ့အခါ အစိုဓာတ်ပါတဲ့ ခရင်မ် တခုခုလိမ်းတယ်။ ပြောမယ့်သာ ပြောရတာ ရန်ကုန်က အမြဲပူနေတာပဲလေ။ မိုးရာသီဆိုရင်လည်း မိုးရွာနေတုန်းသာ အေးနေတာ၊ ပြီးရင် ပူနေတာပဲ။ အချိန်ပြည့်က ပူနေတာပဲဆိုတော့ အသားအရေတွေက ခြောက်တယ်။ ဒါကြောင့် Moisturizer များများပါတဲ့ Lotion တွေ များများလိမ်းတယ်။ အရောင်တွေ အနံ့တွေကို သိပ်အလေးမထားဘူး။

အရင်တုန်းက အနံ့မွှေးတာကို သဘော ကျတယ်။ အခုတော့ ရေဓာတ် ထိန်းသိမ်းပေးတဲ့ အစိုဓာတ် များများပါတဲ့ ဟာတွေကို လိမ်းဖြစ်တယ်။ နောက်ပြီး ကိုယ့်ကိုယ်ကို Body scrub လုပ်တယ်။ သဘာဝပစ္စည်းတွေနဲ့ ပေါင်းတင်တယ်။ ဥပမာ ထောပတ်သီး၊ ငှက်ပျောသီး၊ သခွားသီးတို့နဲ့ပေါ့။ နောက်ပြီး ဒိန်ချဉ်ကို သောက်လည်း သောက်တယ်။ ပေါင်းလည်းတင်တယ်။ ကမ်မီကယ် ပါတဲ့ အရာတွေကို လျော့နိုင်သမျှလျော့တယ်။

မေး။ ။ မြန်မာ အမျိုးသမီးဆိုတာ ဘယ်လိုလို့ အေးမြတ်သူ လက်ခံထားလဲ။

ဖြေ။ ။ တခါတလေကျရင်လေ လူတွေက ငါလုပ်တာ အကောင်း၊ ငါပြောသလိုလုပ်၊ ငါလုပ်သလို မလုပ်နဲ့ ပြောသလို ဖြစ်နေတယ်။ ဥပမာ – အိမ်ထောင်ကျသွားတဲ့ သူတယောက်က သူအိမ်ထောင်ကျသွားပြီး နင်ယောက်ျား မယူနဲ့နော်၊ မကောင်းဘူးလို့ ပြောတယ်။ သူကျတော့ ကျသွားပြီလေ။ ငါလုပ်သလို မလုပ်နဲ့၊ ငါပြောတာကိုလုပ် ဆိုတာလေ။ ပြောချင်တာက သိသိကြီးနဲ့ တခါတလေကျရင် မှားတတ်ကြတဲ့ အမှားတွေလည်း ရှိပါတယ်။ မြန်မာ မိန်းကလေး တယောက်ကတော့ ကိုယ့်ရဲ့ ကာယိန္ဒြေကိုတော့ ထိန်းသိမ်းရတာပေါ့။ အဲဒီလိုပြောမယ် ဆိုရင် နင်ကျတော့ ဒီလိုရိုက်ပြီး ပြောတယ်ပေါ့ ဆိုပြီး ရှိကောင်းရှိနိုင်တယ်။ ဒါပေမယ့် ၁၀၀ ရာခိုင်နှုန်း မဟုတ်ရင်တောင်မှ အေးမြတ်သူ လုံလုံခြုံခြုံနဲ့ ပုံလေးတွေ ပေါ်လာရင် အဲဒီပုံလေးတွေကို ပိုကြိုက် ကြမှာ။ ဒါက ခေတ်အရ ဒီလိုရိုက်ကြတာ ရှိမယ်။ ဒါပေမယ့် တကယ့်တကယ် ရင်ထဲစွဲဖို့ဆိုတာ မြန်မာမ တယောက်က ကျက်သရေရှိရှိ လုံလုံခြုံခြုံဆိုရင် ပရိသတ်ရင်ထဲမှာ စွဲနေမှာပါ။ ဒါက ခဏပါ။

ဒီထက်ပိုဟော့တဲ့ ပုံတွေ တက်လာခဲ့ရင် ဒီပုံက ဘာမှ မဟုတ်တော့ ပါဘူး။ ဒါက ခဏလေး အတိုင်းအတာမှာ ပရိသတ်က လက်ခံနေတာပါ။ တပတ်ပေါ့၊ ဆယ်ရက်ပေါ့။ ဒီထက်ပိုပြီး ဟော့တာမျိုး၊ ဖော်တာမျိုး ထွက်လာခဲ့ရင် ဒီပုံက ဘာမှ မဟုတ်တော့ဘူး။ ဒါပေမယ့် ဘယ်တော့မှ မရိုးတာက မြန်မာဆန်ဆန်နဲ့ ကျက်သရေရှိတဲ့ ပုံပါပဲ။ ဒါလေးက သူ့ရဲ့ ဘဝမှာ အလှဆုံးပုံလေး ဖြစ်နေမှာပါ။ အေးမြတ်သူက အဲဒါကို လက်ခံပါတယ်။ တချို့ဟာတွေက ခေတ်ကြောင့်သာ ခဏဟော့နေတာပါ။

ပြောချင်တာကတော့ မြန်မာမိန်းကလေး တယောက်က ကိုယ့်ရဲ့ ကာယိန္ဒြေကို ထိန်းသိမ်းရပါတယ်။ ပြီးတော့ အနေအထိုင် ဆင်ခြင်ရပါတယ်။ ဒါတွေက ပြောနေပေမယ့် လူတိုင်းတော့ မလုပ်နိုင်ပါဘူး။ ကိုယ်တိုင်လည်း အပါအဝင် ပါပဲ၊ လူငယ်သဘာဝ မှားတာတွေ ရှိခဲ့ပါတယ်။ ပြောနေကြသလိုပေါ့၊ အမှားလုံးဝ မရှိတဲ့သူဆိုတာ မရှိပါဘူး။ အမှားကင်းအောင် အေးမြတ်သူတို့ နေလို့ မရဘူး။ အမှားနည်းအောင်တော့ အေးမြတ်သူတို့ နေလို့ရပါတယ်။ အေးမြတ်သူလည်း အမှားမကင်းဘူး ဒါပေမယ့် အတတ်နိုင်ဆုံး အမှားနည်းအောင်တော့ နေတယ်။ မမှားဘူးလို့တော့ မပြောပါဘူး။

မေး။ ။ အခု ၂၀၁၆ ခုနှစ်အတွင်းမှာရော အေးမြတ်သူ ဘာတွေလုပ်ဖို့ အစီအစဉ်တွေ ရှိမလဲ။

ဖြေ။ ။ အဲဒီလိုမျိုးတော့ ကြိုတင်ကြံစည်ထားတာ မရှိပါဘူး။ ကြံစည်ထားလည်း မပြောတတ်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အေးမြတ်သူက ပျက်သွားမှာ ကြောက်လို့၊ ပရိသတ်တွေက စောင့်မျှော်နေပြီး အဲဒါကြီးက မဖြစ်ဘူး ဆိုရင် မျှော်လင့်ချက်ကြီး ပေးထားရာ ကျနေလိမ့်မယ်။ အေးမြတ်သူက မျှော်လင့်ချက်တွေ မပေးတတ်ဘူး။ လုပ်ပြီးရင် ဒုံး ဆိုပြီး ပြလိုက်တယ်။ အဲဒီလိုမျိုးဆိုတော့ လောလောဆယ် မေးရင်တော့ ဘာမှမရှိပါဘူး။

မေး။ ။ အိမ်ထောင်ပြုဖို့ရော အစီအစဉ်က ဘယ်လိုရှိလဲ။

ဖြေ။ ။ အဲဒါနဲ့ ပတ်သက်ပြီး အေးမြတ်သူ အသက် ၂၆ နှစ်လောက် ကတည်းက အမြဲပြောပါတယ်။ အသက် ၃၀ ကျရင် အိမ်ထောင်ပြုမယ် လို့လေ။ မရတာတော့ ကံပေါ့လေ။ အေးမြတ်သူက လေကတော့ မလျှော့ဘူး။ ၃၀ သာ ကျော်သွားမယ် လေကတော့ မလျှော့ဘူး။ အသက် ၃၀ မှာ အိမ်ထောင်ပြုမယ်ပဲ။ အသက် ၂၆ နှစ်ကတည်းက ပြောနေတာ လေ။ တွေ့ပြီလား ဆိုရင် တွေ့လို့လည်း မဟုတ်ဘူးလေ။ အေးမြတ်သူရဲ့ Life plan က အဲဒီလိုလေ။ ကိုယ့်မှာ ရှိနေလို့ လုပ်တော့မှာမို့လို့ ပြောနေတာမဟုတ်ဘူး။ ရှိနေရင်တော့ သေချာတယ်၊ ပြောပြမှာ။ ကိုယ်က မလျှို့ဝှက် တတ်ဘူးလေ။ အေးမြတ်သူ အသက် ၂၆ နှစ်လောက် ကတည်းက အမြဲပြောပါတယ်။ အသက် ၃၀ ကျရင် အိမ်ထောင်ပြုမယ် လို့လေ။ အခုက ၃၀ က ပြည့်တော့မယ်၊ မဖြစ်တော့ဘူး ဆိုတော့ ၃၅ နှစ်မှလို့ ပြောင်းပြောရင် ကောင်းမလား မသိဘူး။ ပြောရတာ ရှက်လာလို့လေ။

Loading